Book Image

အရိုင်းစံပယ်

အောင်လင်း

အရိုင်းစံပယ် 

အောင်လင်း 
စိတ်ကူးချိုချိုစာပေ ၁၆ ကြိမ် ၂၀၁၁ ဖေဖော်ဝါရီလ
အုပ်ရေ ၅၀၀ တန်ဖိုး ၃၀၀၀ စာမျက်နှာ ၂၉၉
မျက်နှာဖုံးဒီဇိုင်း m.s.o 

၁၅၀၀ ရယ် ၅၂၈ ရယ် ဆိုတဲ့ နှစ်မျိုးသော ချစ်ခြင်းမေတ္တာတွေနဲ့ အရိုင်းစံပယ်ကို ဆရာအောင်လင်းက ပုံဖော်ခဲ့ပါတယ်...ပြီးတော့ လက်ရှိဒီအချိန်ထိလည်း ဂီတလောကမှာ သိပ်မြှောက်စားခြင်းမခံရသေးတဲ့ တေးရေးတို့ အတီးတို့လို ကန်လန့်ကာနောက်ကွယ်က ပညာသည်တွေအကြောင်းလည်း တစေ့တစောင်းပါရဲ့ .... 


ကိုဘခက်ဟာ ဂီတပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ဖို့အတွက် တယောပိုက်ပြီး ရန်ကုန်ဆင်းလာတာ ... ဂီတသုခုမ ပြိုင်ပွဲရောက်တော့ တချို့ပြိုင်ပွဲတွေရဲ့ ထုံးစံအတိုင်း မျက်နှာကြီးရာဟင်းဖတ်ပါကုန်တော့ ကိုဘခက်တစ်ယောက် သူ့တယောကို ရိုက်ခွဲမိတဲ့အထိ အကြီးအကျယ်ပေါက်ကွဲလေတယ်.. ဒါပေမဲ့ သူ့ရဲ့ ပြောင်မြောက်တဲ့လက်သံကို သဘောကျသွားတာက အကဲဖြတ်ဒိုင်အဖွဲ့ထဲက ဦးကျော်ဒင် ... ဒါနဲ့ ဦးကျော်ဒင်က ကိုဘခက်ကို သူ့သမီးလေးတွေအတွက် စန္ဒယားနဲ့ စောင်းပညာသင်ပေးဖို့ဆိုပြီး အိမ်ကို ခေါ်သွားလေတော့တယ်.. အဲ့ဒီမှာပဲ မ နဲ့တွေ့ဖို့အကြောင်းဖန်လာတာ  ..... 


မ ဟာ ဦးကျော်ဒင်ရဲ့သမီးအလတ် ... ဖအေတူသမီးဆိုတော့ ဂီတကိုမြတ်နိုးတယ်..တန်ဖိုးထားတယ်... ကိုဘခက်ကလည်း သူ့ရဲ့ပညာကို အသက်တမျှတန်ဖိုးထားတာဆိုတော့ မ နဲ့ ရှေ့နောက်ညီတယ်ဆိုရမယ်... ဒီလိုနဲ့ အိုးချင်ထား အိုးချင်းထိဆိုသလို ကိုဘခက်တစ်ယောက် မ ကို စိတ်ဝင်စားလာသလို မ ကလည်း ကိုဘခက်အပေါ် ချစ်မိလာတော့တယ်.. ဒါပေမဲ့ မ ရဲ့ အသိုင်းအဝိုင်းကဆိုရင် သူ့အဖေ ကိုကျော်ဒင်ကလွဲပြီး ကျန်တဲ့သူတွေက မာန်မာနတွေ သိပ်ကြီးတယ်... ဂုဏ်လည်း သိပ်မက်တယ် ... ဒီတော့ ဆွေရှိလား မျိုးရှိလား မသိရ ဘယ်ကလာလို့ ဘယ်ကိုသွားမယ်မှန်းမသိရတဲ့ ကိုဘခက်ကို အညတရဂီတဆရာနဲ့ ဘယ်သဘောတူလိမ့်မှာလဲနော်.. ဒီတော့ မ တစ်ယောက် တစ်ဖက်မှာလည်း သူ့အချစ်ဆုံးအဖေ တစ်ဖက်မှာလည်း ချစ်သူ ကိုဘခက် .. ၁၅၀၀ နဲ့ ၅၂၈ ကြား ဗျာများရပြီပေါ့ ....... 

အစပိုင်းမှာတော့ ဂီတနဲ့ ပတ်သက်ပြီး တော်တော်များများ ရေးခဲ့ပါတယ်.... ဆရာကြီးဟာ သီချင်းကြီး သီချင်းခံလိုဟာမျိုးတွေကို ကိုယ်တိုင်လည်းဝါသနာပါပြီး သေချာလေ့လာခဲ့ပုံရပါတယ်... " အနုပညာသည်တစ်ယောက်ဟာ ကျော်ကြားမှုကို မမက်မောဘဲ အတွေးအခေါ်လည်းလေးနက်မှ စိတ်ဓာတ်လည်းလေးနက်မှ တကယ်ထက်မြက်တဲ့အနုပညာသည်တစ်ယောက်ဖြစ်နိုင်မယ် " ဆိုတာကလည်း အနုပညာအပေါ်ထားတဲ့ ဆရာအောင်လင်းရဲ့ ခံယူချက်ဖြစ်မယ်လို့ ယုံကြည်မိပါတယ်.. မတူညီတဲ့အလွှာတွေကြားက ချစ်ခြင်းမေတ္တာရယ် .... မ တို့ ညီအစ်မတွေကြားက ချစ်ခြင်းမေတ္တာရယ် .. မ တစ်ယောက် သူ့မိသားစုအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာရနံ့တွေ ထုံမွှမ်းထားတဲ့ အရိုင်းစံပယ်လေးဟာ တကယ်ကို လှနေပါတယ်.... သူများနဲ့မတူဘဲ ကျနော့်ရင်ထဲကျန်နေတဲ့ဇာတ်ဆောင်က အမွန်ရယ်ပါ .. အမွန့်ကို တကယ်ပါ.. ချစ်လည်းချစ်တယ်.. မလိမ္မာရကောင်းလားဆိုပြီး ခပ်စပ်စပ်လေး ရိုက်လည်း ရိုက်ပစ်ချင်တယ်... ပြီးတော့ ဒိုင်ယာလောခ့်လေးတွေက တဆင့် မြင်ရတဲ့ မ ရယ် ကိုဘခက်  ဦးကျော်ဒင်တို့ကိုလည်း တော်တော်သဘောကျမိပါတယ်.. ဒါဟာဆိုရင် ဆရာအောင်လင်းကို သုံးအုပ်မြောက်ဖတ်ဖူးတာပါ.. ပထမတစ်အုပ်က #ရွှေဝတ်မှုန် ဒုတိယက #ပစ်တိုင်းထောင်ပါ  ... အခု လောလောဆယ် သုံးအုပ်ထဲမှာတော့ " ရွှေဝတ်မှုန် " လေးကို အကြိုက်ဆုံး ဖြစ်နေတုန်းပါလို့ ... 

ဇိ ( 8.6.17)
@ စာသမားများ


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

တောင်ပံမဲ့ငှက် လေထဲပျော်

မောင်ထွန်းသူ