Book Image

အညတရ မှတ်တမ်း

သရဝဏ် (ပြည်)

ကျွန်တော်သည် ၅၁ သန်းကျော် ပြည်သူထဲမှ သာမန် အညတရ ပြည်သူတစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော့်အကြောင်းကို ကျွန်တော်၊ ဘဝအတ္ထုပ္ပတ္တိ ကိုယ်တိုင် ရေးသေားအခါ တိုင်းပြည်ခေါင်းဆောင်လည်း မဟုတ်၊ celebrity လည်း မဟုတ်၊ အားကစား အကျော်အမော်လည်း မဟုတ်၊ နိုင်ငံရေး ခေါင်းဆောင်လည်း မဟုတ်သဖြင့် - အညတရ မှတ်တမ်း - ဟုသာ အမည်ပေးလိုက်ရပါသည်။ 

ဤစာစုများကို ရေးသားရာတွင် ကျွန်တော်၌ အကြောင်းပြချက်တစ်ခုသာ ရှိသည်။ ၎င်းမှာ မရေးရ မနေနိုင်သော စာပေပိုးက တောင်းဆိုသဖြင့် ကျွန်တော် အသက်ထင်ရှား ဖြတ်သန်းခဲ့သော ခေတ်ကာလတစ်ခုကို နောင်လူတို့ သိအောင် မှတ်တမ်းတင်ခဲ့ချင်သောစိတ် ဖြစ်သည်။ ကျွန်တော့်ခေတ်တွင် ကျွန်တော် မြင်ခဲ့ရသမျှ၊ ကြုံခဲ့ရသမျှကို မခြွင်းမချန် ထုတ်ဖော်ရေးသားခဲ့ပြီး ဖြစ်သည်။ - ဆရာ သရဝဏ် (ပြည်) အမှာစာမှ 


ဆရာသရဝဏ် (ပြည်)၏ စာအုပ်ကို စဖတ်တော့ ဆရာ၏ ငယ်ဘဝအကြောင်းအရာများကို ဖတ်ရင်း ကျွန်တော်ကိုယ်တိုင် ငယ်ဘဝကို ပြန်ရောက်သွားသည်။ ဆရာလောက်တော့ အစအနောက်မသန်သော ကျွန်တော်သည် ဆရာလောက်တော့ အဆော့သန်သည်ဟု အမှတ်ရမိသည်။ ကျောင်းကို အစောကြီးသွားသည်။ ဆရာက ပြည်မြို့ပေါ်မှာ ကျောင်းတက်သည်။ ကျွန်တော်က ပြည်က ဆရာအတတ်သင်တွင် တွဲဖွင့်သည့် စံပြမူလတန်ကျောင်းတွင် တက်သည်။ ဆရာ ငယ်စဉ်က အရိုးတီဘီဖြစ်ပြီး တစ်နှစ်လောက်ကျောင်းနား နေ့တိုင်းဆေးထိုးပြီး ကုလိုက်ရသည်။ ကျွန်တော်တော့ တီဘီ ဆပ်စပက်ဖြစ်ပြီး တစ်နှစ်လောက် ဆေးသောက်ခဲ့ရဘူးသည်။ ဆရာလိုတော့ ကျောင်းပျက်စရာမလိုခဲ့။ ဆရာက သင်ပင်တက် ဝါသနာပါသည်။ သစ်ပင်ပေါ် လင့်စင်ထိုးပြီး စာကျက်သည်ဟု ဆိုသည်။ ကျွန်တော် ငယ်ငယ်က သစ်ပင်ပေါ်တွင် လင့်စင်ထိုးရခြင်းသည် အနှစ်သက်ဆုံး ကစားနည်းဖြစ်သည်။ အစိုးရ ဝန်ထမ်းဖြစ်သော အဖေက နေရာစုံပြောင်းရသည့်အတွက် ကျွန်တော်တို့ အခိုင်အမာ တည်ဆောက်ခဲ့သော လင့်စင်ကြီးကို အလွန်နှမျောတာ အမှတ်ရမိသည်။ 

နောက်ကျောင်းပြောင်းရရတာ့ ကျောင်းကို လမ်းလျှောက်သွားရသည်။ အစောဆုံးသွားသည်။ ကျောင်းမရောက်ခင် ဘောလုံးကွင်ကုံးလျောမှ သစ်မြစ်စီးပြီး လျောဆင်းသည်။ လူတစ်ကိုယ်လုံး ဒါဏ်ရာ ဒါဏ်ချက်အပြည့်။ အင်မတန် ပျော်စရာကောင်းသော ကလေးဘဝနေ့ရက်များကို ဆရာကျေးဇူးနှင့် ဆရာစာအုပ်ကို ဖတ်ရင်း ပြန်သတိရ၊ ပြန်အမှတ်ရမိသည်။ အစအနောက်သန်သည့် နေရာတွင်တော့ ဆရာ့ကို ဩချမိသည်။ မစင်ကြိုးတန်းပြီး လက်စားချေတာတို့ ရထားသံလမ်း အေးအေးပေါ်တွင် ငယ်ပါတင်ပြီး သေးပန်းတာတို့ ဖတ်ရတော့ ဆရာကြီး ဇဝန၏ ဆိုးပေ ဝတ္ထုတွေကို ခပ်ရေးရေး အမှတ်ရမိသည်။ ဆရာ စာစဖတ်တော့ ကျွန်တော်နဲ့ ထပ်တူပြန်သည်။ ဆရာကြိး တက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်များ။ ကျွန်တော်ကိုယ်တိုင်လဲ ဆရာကြီး စာအုပ်များနှင့် စဖတ်ခြင်း အလေ့အထ အစပျိုးခဲ့ခြင်း ဖြစ်သည်။ 

ကျွန်တော် အခု ဒီဖတ်ညွှန်းရေးနေသည့် အချိန်တွင် ဆရာအနေဖြင့် ရန်ကုန်တက္ကသိုလ်တွင် IR အဓိကဖြင့် တက္ကသိုလ်တက်နေပြီဖြစ်သည်။ ဆရာ တက္ကသိုလ် တက်သည့်အချိန်က အရေးအခင်းကာလ (၈) လေးလုံးအချိန်ဖြစ်မည်။ ကျွန်တော် ဆရာ သရဝဏ် (ပြည်)၏ စာအုပ်ကို ဖတ်ရင်း ဆရာနဲ့အတူ ဆက်ပြီး စီးမျောလိုက်ဦးမည်။ ဆရာကတော့ စာအုပ်ခေါင်းစဉ်ကို အညတရ မှတ်တမ်းဟု အမည်ပေးထားသည်။ ကျွန်တော်ကတော့ အညတရ မှတ်တမ်းဟု မဆိုချင်ပါ။ ကျွန်တော် ဖတ်ဖူးသမျှ အတ္ထုပ္ပတ္တိများတွင် အလွန်ကောင်းသော မှတ်တမ်းတစ်ခုဟု ဆိုချင်ပါသည်။ ကဲ ... ပြောနေကြာပါတယ်။ ကျွန်တော် ဆရာနဲ့အတူ (၈) လေးလုံး ကာလကြီးကို စီးမျောလိုက်ဦးမယ်။ မိတ်ဆွေလဲ ဝယ်ဖတ်ဖြစ်အောင် ဖတ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ 

စာညွှန်းရေးသူ - စိုးသီဟနောင်


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

ပညာရဲ့သဘော

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)