Book Image

အဝေးကြည့်မှန်ပြောင်းနှင့် အခြားဝတ္ထုတိုများ

ဂျူး

စာအုပ်အမည် - အဝေးကြည့်မှန်ပြောင်းနှင့် အခြားဝတ္ထုတိုများ 
စာရေးသူ - ဂျူး
စာအုပ်တိုက် - the key collection 2017 
ရသစာစဉ် ၉ 
ပထမအကြိမ် ဇန်နဝါရီလ ၂၀၁၇
တန်ဖိုး - ၁၅၀၀ 
စာမျက်နှာ - ၈၃ 


အဝေးကြည့်မှန်ပြောင်း၊ သစ်ပင်တစ်ပင်ကောင်း၊ မိန်းမနှစ်ယောက်၊ ပျော်ပွဲစား၊ သူရင်းငှား အမည်ရှိတဲ့ ၀တ္ထုတို ငါးပုဒ်ပါတဲ့စာအုပ်ပါးပါးလေး။ စာမျက်နှာ ၈၃ မျက်နှာပဲ ရှိတာမို့ ဖတ်ချိန်ကတော့ တကယ့်ကို ခဏလေးပေါ့။ ဒါပေမယ့် တွေးချိန်ကတော့ တော်တော်ကြာလိမ့်မယ်။ 

အဝေးကြည့်မှန်ပြောင်းမှာ မိန်းမတစ်ယောက်အကြောင်း၊ အဲဒီမိန်းမရဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ ၃ နှစ်က သူ့ဆီကနေ ပျောက်သွားခဲ့တယ်။ ဘယ်ရောက်သွားမှန်းမသိဘူး။ အမျိုးသမီးက သူ့ယောကျာင်္းကို တစ်ရက်မပျက် စောင့်မျှော်နေခဲ့တယ်။ ဘူတာရုံကို အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်၊ တစ်မြို့လုံးကို အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်ရင်းပေါ့။ အဲဒီနေ့က အင်္ဂါနေ့၊ လေပြင်းမုန်တိုင်းကြောင့် တစ်မြို့လုံးက အချိန် ဇယားတွေ နောက်ကျကုန်တယ်။ အသုဘပို့ချိန်၊ ရထားဆိုက်ချိန်၊ အဲဒီနေ့ကပဲ ပျောက်ဆုံးသွားတဲ့ အမျိုးသားရဲ့ မွေးနေ့။ အမျိုးသမီးက မွေးနေ့ပွဲလုပ်ပေးဖို့ စောင့်နေတယ်။ ဒါပေမယ့် သူယောကျာင်္းဘယ်မှာလဲ သူမသိဘူး။ သူမှာ ရှိတာက ရပ်နေတဲ့ နာရီအလုံးပေါင်းများစွာ၊ အဝေးကြည့်မှန်ပြောင်း၊ ဟောင်းနွမ်းနေတဲ့ ဖဲချပ်တွေ… 
“ သူ၏နေရပ်လိပ်စာကို မိမိ ရှိသမျှ စည်းစိမ်ကို ပုံအော်၍ ဝယ်လိုရလျှင် ဝယ်ချင်ပါသည်။ သူ ဘယ်လို မိုးကောင်းကင်အောက်မှာ ရှိနေပါသနည်း။ 
သူ တစ်နေရာရာမှာ ပျော်ရွှင်ကျန်းမာနေကြောင်း သူမ မြင်တွေ့ချင်ပါသည်။ 
သူ ပြန်လာချင်လည်း ပြန်လာမည်။ မလာဘဲလည်း နေနိုင်သည်။ 
သို့မဟုတ် သူ ဤကမ္ဘာမြေပေါ်တွင် ရှိချင်မှလည်း ရှိတော့မည်။ 
သူနှင့် ပတ်သက်သမျှ ဘာမဆို ဖြစ်နိုင်ပါသည်။”…

ယောကျာင်္းတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို အကြောင်းမရှိပဲ ဒီလိုထားပစ်ခဲ့တာ.. ဘာကြောင့်လဲ… ဘာလို့လဲ… ဆိုတဲ့ မေးခွန်းတွေနဲ့… ဒီလူဘာဖြစ်သွားလဲ… ဒီမိန်းမမှာ ဘာအပစ်တွေများရှိနေလို့လဲဆိုတဲ့ အတွေးတွေနဲ့ ကျန်ခဲ့စေတဲ့ စာတစ်ပုဒ်။ 

သစ်ပင်တစ်ပင်ကောင်း၊ သာသနာပြုရဟန်းတော်တစ်ပါးအကြောင်း၊ သူရဲ့ ဗုဒ္ဓဘာသာအပေါ် ကြည်ညိုမှု၊ သူရဲ့ ဇွဲလုံလနဲ့ သီလသမာဓိ သိက္ခာတွေကို ဖွဲဆိုထားတာ။ 

မိန်းမနှစ်ယောက်.. ဒီစာလေးကိုတော့ ဟိုအရင်ကတည်းက ဖတ်ဖူးပြီးသား ထင်တယ်။ ဆရာမရဲ့ အစောပိုင်း လက်ရာတွေလိုပဲ ဆေးကျောင်းကို နောက်ခံထား၊ ဆေးကျောင်းသား ဆေးကျောင်းသူတွေကို ဇာတ်ကောင်လုပ်ထားတဲ့ ဝတ္ထုတို။ သူငယ်ချင်းနှစ်ယောက်က ကောင်လေးတစ်ယောက်ကို တူတူသဘောကျမိတယ်။ ဆယ်ကျော်သက်လို ရင်ခုန်တယ်။ ဒီကောင်လေးရဲ့ အကြည့်လေးရရင်တောင် တစ်ရက်လုံး သဘောတွေကျလို့.. ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ်တောင် ပြန်သတိရသွားတယ်။ ကောင်လေးက နောက်ဆုံးတော့ တစ်ခြားမြို့တစ်မြို့က ကျောင်းဆရာမတစ်ယောက်ကို လက်ထပ်လိုက်တယ်။ ကိုယ်တို့ အမျိုးသမီးတွေမှာ တစ်ယောက်ယောက်ကို သဘောကျရင် ကိုယ့်ဘက်က အများဆုံးလုပ်နိုင်တာဆိုလို့ အဲဒီသူရဲ့ ရှေ့ကို ခဏခဏဖြတ်လျှောက်ခွင့်ပဲရှိတာ… မဟုတ်ဘူး ရှိခဲ့တာ။ ခုခေတ်တော့ ပြောင်းလဲနေပါပြီလေ။ ဒီဝတ္ထုလေးကတဆင့်၁၉ ၉ ၀ ဝင်းကျင်က အမျိုးသမီးထုရဲ့ တိတ်တခိုးအချစ်ကို ပြန်တွေ့ရတယ်။ 

ပျော်ပွဲစား… 
ကျေးရွာတစ်ရွာရဲ့ ပျော်ပွဲစားထွက်ရာ တောအုပ်လေးထဲကို လူတစ်သိုက် ပေကြိုးတွေနဲ့ လာတိုင်းတယ်။ 
အရမ်းသာယာတာပဲ။ ဧည့်သည်တွေတော့ သဘောကျမှာ သေချာတယ်။ 
တစ်နှစ်တစ်ခါသာ ပျော်ပွဲစား အလှည့်ကျတဲ့ ကလေးတစ်သိုက် နောက်နှစ်မှာ ဒီလိုပျော်ပွဲစားထွက်ဖို့ အခွင့်အရေး ထပ်ရပါ့မလား၊ ပျော်ပွဲစားထွက်ရာ တောအုပ်ကြီးကို သူတို့ ပြန်ရပါ့မလား။ 

ကိုယ်တောင် စိတ်ပူသွားတယ်။ 

သူရင်းငှား…
အတန်းဖော်သူငယ်ချင်း နှစ်ယောက်က တစ်ယောက်က လယ်ပိုင်ရှင် တစ်ယောက်က သူရင်းငှား၊ ဥပဒေတွေ ပြောင်းလဲပြီးတဲ့အခါ … မြေပိုင်ရှင်က ကောက်သင်းကောက်ရ၊ သူရင်းငှားက လယ်ပိုင်ရှင်ဖြစ်။ နောက်တစ်ခါ ဥပဒေတစ်ခုပြောင်းပြန်တော့ မြေပိုင်ရှင်က မြေပိုင်ရှင်ပြန်ဖြစ်၊ သူရင်းငှားက သူရင်းငှားပြန်ဖြစ်… အဲလိုဖြစ်ရမှာပေမယ့်.. 
မြေပိုင်ရှင်က သူ့မြေကို သူချစ်ပါတယ်။ ဒါပေမယ့် သူ့ဘဝရှိရာက မြို့ပြမှာ ဖြစ်သွားပြီ။ 
စွန့်လွတ်လိုက်တာက ပေါ့ပါးစေတယ်။ စွန့်လွတ်နိုင်တာက တကယ့်လွတ်မြောက်မှုဆိုတာကို ဒီစာစုလေးကနေ ကိုယ်ရလိုက်တယ်။ 

ဒီညနေမှာ စာငါးပုဒ်ဖတ်ပြီး တွေးတောဖို့တွေ တစ်ပုံတစ်ပင်နဲ့ ကျန်ခဲ့တယ်။ 

မယ်ကျွိ
၈နာရီ ၄၅ မိနစ်
၃ရက် ၃လ ၂၀၁၇


Publisher Name: the key collection press

Publisher Address: ၅(ခ) ၅လွှာ ဒဂုံတာဝါ ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်။ ဖုန်း ၀၁-၅၅၈၁၆၁၊၀၉-၂၅၂၆၅၇၆၅၂

Publisher Phone Number: 01558161,09252657652


Related Books