Book Image

ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော…

မောင်ဝဏ္ဏ

စာအုပ်အမည် - ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော…
စာရေးသူ - မောင်ဝဏ္ဏ
စာအုပ်တိုက် - ငါတို့စာပေ
ဒုတိယအကြိမ် ဒီဇင်ဘာလ၊ ၂၀၁၆။
တန်ဖိုး - ၃၀၀၀ကျပ်
စာမျက်နှာ - ၂၇၉ မျက်နှာ

ဒေါသ၊ လောဘ၊ မောဟတွေနဲ့ ကျင်လည်နေတဲ့ ကိုယ့်ကမ္ဘာ၊ ကိုယ်တို့နေထိုင်ရာ လောက၊ ကိုယ်တို့ ကျင်လည်ရာ သံသရာထဲက ခဏလောက် ထွက်ပြီး ငြိမ်းချမ်းရာ အိုအေစစ်၊ သို့မဟုတ် နိဗွာန်။ နိဗ္ဗာန်ဆိုတဲ့နေရာကတော့ ကိုယ်တို့လို လောက်ကောင်တွေအတွက် ဝေးလွန်းသေးပါရဲ့။ 


ဆရာမောင်ဝဏ္ဏဟာ ဒီစာအုပ်ကို တရားစာပေနဲ့ ထုံမွန်းအောင် ရေးထားတယ်။ အေးချမ်းရာဟာ၊ လွတ်မြောက်ရာဟာ မဂ္ဂင်လမ်းကိုလျှောက်၊ ဝိပဿနာကို ကျင့်ကြံအားထုတ်တာပဲဆိုတာ သိပေမယ့်လို့ သူကိုယ်တိုင်ကို အားမထုတ်နိုင်သေးတာကိုလည်း ဝန်ခံထားပါရဲ့။ 

ဒီစာအုပ်မှာ ကိုယ်တို့ သိပြီးသား တရား ဓမ္မတွေရော၊ မသိသေးတာတွေရော ပါဝင်ပေမယ့် ကျမ်းကန်အကြီးကြီးတွေကို လို်က်မမှီသေးတဲ့ ကိုယ့်အတွက်တော့ လမ်းပြမြေပုံတစ်ခုပေါ့။ ဘယ်အကြောင်းကို ဖတ်ချင်ရင် ဘယ်ကျမ်းကြီးကို ဖတ်ပါလို့လည်း ညွန်းထားလေရဲ့။ ဘယ်စာကိုတော့ သူဘယ်ကျမ်းထဲကနေ ကိုးကားပြီး ဖော်ပြထားတယ်လို့လည်း ဝန်ခံထားတယ်။

ဆရာမောင်ဝဏ္ဏဟာ ဗုဒ္ဓစာပေတွေ အများကြီးကို လေ့လာဖတ်ရှု သဘောပေါက်ထားပြီး ဖြစ်တယ်ဆိုတာ ဒီစာအုပ်မှာ ကောင်းကောင်းမြင်ရပါရဲ့။ ဒါပေမယ့် ဆရာဟာ ကျွန်တော့် ဖြုတ်ဉာဏ်လေးနဲ့ သဘောပေါက်သလောက် ပြောချင်ပါသေးတယ်လို့ စကားပလ္လင်ခံပြီး အခန်းတော်တော်များများကို ရှင်းပြထားတယ်။ ဆရာကိုယ်တိုင် ဖြုတ်ဉာဏ်ဆိုရင်တော့ ကိုယ်ဉာဏ်ကတော့ သုံးစားလို့ရတော့မယ် မထင်ပါ။ 

သေချာတာကတော့ ဒီစာအုပ်ကို ဖတ်ရင်း ကိုယ်ဟာ ငြိမ်းချမ်းမှုကို ခံစားရတယ်။ တရားကိုမြင်မှ ငါ ဘုရားကို မြင်နိုင်မယ်လို့ မြတ်စွာဘုရားက မိန့်ကြားခဲ့တာမို့ ကိုယ့်အတွက်တော့ ဗုဒ္ဓမြတ်စွာကို မြင်နိုင်ဖို့ဆိုတာ ဟိုး ..ဝေးလွန်းနေအုံးမှာပါ။ ဒီလိုလူအတွက်တောင် ဗုဒ္ဓဘုရားရဲ့ ဂုဏ်ကျေးဇူး၊ ကျမ်းကန်အကြီးကြီးတွေကို ပြုစုခဲ့တဲ့ ဆရာတော် ဘုရားတွေရဲ့ ဂုဏ်ကျေးဇူး၊ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတွေကို တစ်စွန်းတစ်စလေး ဒီစာအုပ်ကို ဖတ်နေစဉ်မှာ ခံစားရပါရဲ့။ 

ဒီစာအုပ်ဟာ တစ်ကြောင်းချင်း တစ်ပိုဒ်ချင်း ဖတ်ရမယ့် စာအုပ်လေးပါ။ ဆရာမောင်ဝဏ္ဏဟာ ကိုယ်တို့လို လူငယ်တွေအတွက် ကိုယ်တို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားဟာ ဘာလဲဆိုတာ ရိုးရှင်းတဲ့ စကားတွေနဲ့ ရှင်းပြသွားတာမို့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတလည်း ရတဲ့ စာအုပ်လေးပဲ။ ဥပမာ အခန်း ၃ မြတ်ဗုဒ္ဓ ပေါ်ထွန်းခဲ့တဲ့ ခေတ်အခြေအနေ ဆိုတဲ့ အခန်းမှာဆိုရင် ဗုဒ္ဓဝါဒနဲ့ တစ်ခြားဝါဒတွေ ဘာကွာခြားလဲဆိုတာ အခြေခံသဘော သိနိုင်ပါတယ်။ ဗုဒ္ဓဝါဒဟာ စတင်ပေါ်ထွန်းခဲ့ချိန်မှာ ဘယ်ဝါဒတွေကို ဘယ်လိုဖြတ်ကျော်လာခဲ့နိုင်လဲဆိုတာကိုလည်း သိခွင့်ရတာပဲ။ 

ရိုးရိုးသားသား ဝန်ခံရရင် ဒီစာအုပ်ထဲက အကြောင်းအရာတွေကို အကုန်လုံး စီကာပတ်ကုံး ကိုယ်မရှင်းပြတတ်ဘူးပေါ့လေ။ ကိုယ်ဉာဏ်က ခပ်တိမ်တိမ်ပါလို့ ဝန်ခံထားတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်ကို ဖတ်ရင်း ကိုယ်ဟာ ဗုဒ္ဓဘုရားရဲ့ မေတ္တာဓါတ်ကြောင့် အေးချမ်းမှုကို ခံစားရတယ်။ ကိုယ်တို့ ကိုးကွယ်ရာဘာသာတရားကို ပိုမြတ်နိုးတဲ့ ကြည်ညိုသဒ္ဒါတရား တိုးပွားရတယ်။ ဗဟုသုတလည်းရရဲ့။ ဒီစာအုပ်ကို ဖတ်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိပါတယ်။ 

မယ်ကျွိ
ညနေ ရနာရီ ၂၀ မိနစ်


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books