Book Image
ဘသန်း( ဓမ္မိက )
ဘသန်း၊ ဦး (ဓမ္မိက)
မော်ကွန်းဝင် (ဒုတိယအဆင့်)နှင့် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ရ ရသရေစည်သူ အငြိမ်းစား ဗိုလ်မှူးကြီးဘသန်းကို ရန်ကုန်မြို့၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ်၌ အဖ ဦးအေးမောင်၊ အမိ ဒေါ်သိန်းရင်တို့က ၁၉၁၄-ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့တွင် မွေးဖွားသည်။ ဘသန်း (ဓမ္မိက)ကလောင်အမည်ဖြင့် စာပေများ ရေးသားခဲ့သောကြောင့် ဓမ္မိက ဦးဘသန်းဟု လူသိများခဲ့သည်။
ရန်ကုန်မြို့ စိန်ပေါဟိုက်စကူးကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ၁ဝတန်းအောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားစဉ် ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းမှ အထုတ်ခံရသည်ကို အကြောင်းပြ၍ ပေါ်ပေါက်ခဲ့သော ၁၉၃၆ ကျောင်းသားသပိတ်၌ တက်ကြွစွာ ပါဝင်ခဲ့သည်။ ယင်းနှစ်တွင်ပင် ဥပစာအပိုင်း (ခ) စာမေးပွဲ ကျရှုံးပြီးနောက် ဘုံဘေဘားမားကုမ္ပဏီ၌ စာရေးဝင်လုပ်ခဲ့သည်။

စစ်မှုထမ်းခြင်း 
ဒုတိယ ကမ်ဘာစစ်ကြီးအတွင်းတွင် ဗြိတိသျှ အမြောက်တပ်သို့ ဝင်ရောက်ခဲ့ရာ ဒုတိယပတ် စစ်သင်တန်းတက်ရန် ရွေးချယ်ခံရပြီး ဥရောပသား မဟုတ်သူများတွင် စစ်ရေးဂုဏ်ထူး ပထမဆင့်ရရှိခဲ့သည်။ ၁၉၄၁ခုနှစ်တွင် A.B.R.O ခေါ် အရံတပ်ရင်းအမှတ် (၁)၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရ၍ မြန်မာနိုင်ငံအလယ်ပိုင်းတွင် တာဝန်ထမ်းဆောင်ရသည်။ ထို့နောက် ဗြိတိသျှတပ်များ မြန်မာနိင်ငံမှ ဆုတ်ခွာသွားချိန်တွင် ဆက်လက်လိုက်ပါခြင်းမရှိဘဲ ကသာမြို့၌ နေရစ်ခဲ့သည်။

ဂျပန်ခေတ်အတွင်း ဗမာ့တပ်မတော် စစ်ဦးစီးချုပ်ရုံး ဘာသာပြန်ဌာန၌ အရပ်သားအရာရှိအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။ ထို့နောက် ၁၉၄၄ ခုနှစ်အတွင်း ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးကာလအတွင်း တိုင်း(၇)မှ နေ၍ ဖက်ဆစ်တော်လှန်ရေးကို ပါဝင်ဆင်နွှဲခဲ့သည်။ ဒုတိယကမ်ဘာစစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းလက်အောက်၌ တာဝန် ထမ်းဆောင်စဉ် ကန်ဒီကွန်ဖရင့် (Kandy Conference) အတွက် အကြောင်းပြချက်များ ကူညီပြုစုပေးခဲ့ရသည်။ ဓမ္မိကဦးဘသန်းသည် ဗမာ့တပ်မတော်၌ စစ်မှုထမ်းခဲ့ရာ ၁၉၄၆ ခုနှစ်တွင် ဗိုလ်ကြီး၊ ၁၉၄၇ ခုနှစ်တွင် ဗိုလ်မှူးစသည်ဖြင့် တပ်မတော်အကြီးအကဲတာဝန်များကို ယူခဲ့ပြီး ၁၉၅၈-ခုနှစ်တွင် ဗိုလ်မှူးကြီးဖြစ်ခဲ့သည်။ ထို့အပြင် တပ်မတော်၌ အမှုထမ်းနေစဉ် ကာလအတွင်း ဒုတိယလက်ထောက်စစ်ရေးချုပ်၊ လက်ထောက်စစ်ရေးချုပ်၊ လက်ထောက် စစ်ထောက်ချုပ်၊ တပ်မတော်မော်ကွန်းတိုက် ညွှန်ကြားရေးမှူး ကာကွယ်ရေးဝန်ကြီးဌာန ပညာရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန ဝါဒရေးရာညွှန်ကြားရေးမှူး စသည့် တာဝန်များကိုပါ ထမ်းဆောင်ခဲ့ရသည်။ ၁၉၆၁ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

စာပေရေးသားခြင်း 
ဦးဘသန်း ကျောင်းသားဘဝကပင် ဂနၳလောက မဂ္ဂဇင်း၌ 'အဆွေသန်း' ကလောင်အမည်ခံ၍ ကဗျာများ ဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်အတွင်း ပထမဆုံးထုတ်ဝေခဲ့သော အားကစားနှင့် စာပေမဂ္ဂဇင်းဖြစ်သည့် 'ဘဝသစ်မဂ္ဂဇင်း'(New Life)ကို မြဒေါင်းညို (ဒေါက်တာအောင်သိန်း) နှင့် မစ္စတာဖရင့်ဟက်ကင်း (မြန်မာနိုင်ငံ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးအသင်း အတွင်းရေးမှူး)တို့နှင့်အတူ အယ်ဒီတာအဖြစ် ဆောင်ရွက်၍ ထုတ်ဝေခဲ့သည်။ ထို့ကြောင့် ၁၉၆၇ ခုနှစ်တွင် O.M (Open Mind) စာစောင်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

ဦးဘသန်း (ဓမ္မိက) သည် သမိုင်းကော်မရှင်အဖွဲ့ဝင်၊ လောကနတ်အလှပညာဆိုင်ခန်း၏ အကျိုးဆောင်ဦးစီး(၁)နှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ 
The Root of Revolution ၁၉၆၂
စတာလင်ဂရက် စစ်မြေစခန်းမှ မှတ်တမ်းများ ၁၉၆၉
ရဲဘော် ရဲသော်မသေ ၁၉၇၄
သူလျှိုဖမ်းတဲ့ သူလျှို ၁၉၇၆
ယောနသံစင်ရော် ၁၉၇၇
နှုတ်ကောင်း ခွန်းမြိန် သုခမိန် ၁၉၈၃
ယောနသံစင်ရော်နှင့် ဝေးရပ်ဌာနေ မရှိလေတည့် ၁၉၈၄

ရရှိခဲ့သော ဆုတံဆိပ်များ 
ဦးဘသန်း(ဓမ္မိက)သည် ဗြိတိသျှဂုဏ်ပြုတံဆိပ်လေးခု၊ ယူဂိုစလားဗီးယားနိုင်ငံက ပေးအပ်သော ဂုဏ်ပြုတံဆိပ်၊ နိုင်ငံတော်အစိုးရက ချီးမြှင့်သော အရေးတော်ပုံတံဆိပ် (ဒုတိယဆင့်) (The Star of Revolution Independance Second Degree) နှင့် မော်ကွန်းဝင်တံဆိပ်များရရှိခဲ့သည်။ ထို့ပြင် ၁၉၈၄-ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ်မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီက ဦဘသန်း (ဓမ္မိက)အား နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ချီးမြှင့်အပ်နှင်းခဲ့သည်။

မိသားစုဘဝ ပြင်ဆင်
၁၉၃၉-ခုနှစ်တွင် ဒေါ်အေးနှင့် အိမ်ထောင်ပြုပြီး သားသမီးလေးယောက်ထွန်းကားခဲ့သည်။ နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်)နှင့် အခြားဂုဏ်ထူး ဘွဲ့ထူးများ အပ်နှင်းခံရသော အငြိမ်းစားဗိုလ်မှူးကြီးနှင့် စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဦးဘသန်း(ဓမ္မိက)သည် ၁၉၈၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်အေးနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။ 

ကျမ်းကိုးစာရင်း 
 ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတၳတွဲ)'
 မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၈
Thetooမှ လွန်ခဲ့သော ၂၈ ရက် အကြာက နောက်ဆုံး တည်းဖြတ်ခဲ့သည်



Reference from:

Written Books

Book Review Image

ဗုဒ္ဓ၏စီးပွား​ရေးဝါဒ

ဘသန်း( ဓမ္မိက )
Book Review Image

ZEN ဇင်ဗုဒ္ဓဘာသာ(အကျဉ်း)

ဘသန်း( ဓမ္မိက )