Book Image

ZEN ဇင်ဗုဒ္ဓဘာသာ(အကျဉ်း)

ဘသန်း( ဓမ္မိက )

စာအုပ်လေးက ပါးပါးလေးပါ။ စာမျက်နှာ ၈၆ မျက်နှာပဲ ပါပါတယ်။ တန်ဖိုးက ၁၅၀၀ ပါ။ မုံရွေးတိုက်ထုတ်ပါ။

မတ်လ ၂၀၁၉ ကထုတ်ပါတယ်။ ရေးသူက ဘသန်း(ဓမ္မိက)ဖြစ်ပြီး စာအုပ်နာမည်က “ZEN” `ဇင်ဗုဒ္ဓဘာသာ(အကျဉ်း)´ ဖြစ်ပါတယ်။


တာအိုးရှင်းသည် စင်စီယန်ဆရာတော်ကို စတင်တွေ့ရှိရာ၌

“အသျှင်ဘုရား၊ တပည့်တော်အား အနှောင်အဖွဲ့မှ လွတ်မြောက်ရာလမ်းကို ညွှန်ပြတော်မူပါ”
ဟု လျှောက်ထားလိုက်၏။ ထိုအခါတွင် စင်စီယန်ဆရာတော်က ဤသို့မေးလိုက်၏ 
“ငါ့သျှင် သင့်အား မည်သူက ချုပ်နှောင်ထားသနည်း”
“အသျှင်ဘုရား မည်သူမျှ မချုပ်နှောင်ပါ”
“သို့ဖြစ်လျှင် လွတ်မြောက်ရေးအတွက် အားထုတ်ရန် လိုသေးသလော”

အကျဉ်းဆိုတဲ့အတိုင်း ဇင် ဘာသာကို အကျဉ်းရေးထားတာပါ။ ပါးပါးလေးနဲ့ စဉ်းစားစရာတွေ အများကြီး ပါပါတယ်။
ဖတ်သင့်တယ်လို့ ညွှန်းချင်ပေမဲ့ မဖတ်ရင်ကော ဆိုရင်လည်း ဘာမှတော့ ဖြစ်မသွားဘူးပေါ့ဗျာ။ ဖတ်ထားတော့ သူများနဲ့ ဆွေးနွေးငြင်းခုံတဲ့အခါ နည်းနည်းပိုသာမှာပေါ့။ ဒီစာအုပ်ဖတ်ဖူးတယ်ဆိုပြီး ပါ့ဘလစ်မှာ ကြွယ်လို့ရတာပေါ့။ ဓာတ်ပုံရိုက်ပြီး ဖေ့စဖုတ်တင်လို့ရတာပေါ့။ ကျွန်တော်ကတော့ ဖတ်ပြီး နားလည်သလိုလို ဘာလိုလို အညွှန်းရေးတော့တာပေါ့ဗျာ။
ဒီစာအုပ်မှာ ဇင်ဗုဒ္ဓဘာသာ ဖြစ်ပေါ်လာပုံ၊ အယူအဆ၊ အခြေခံတရား၊ ကျင့်စဉ်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာတွေ ပါတဲ့အကြောင်းနိဒါန်းပျိုးထားပါတယ်။ သက္ကတလို ဓျာန(Dhyana)၊ တရုတ်လို ချန် (Ch’an)၊ ဂျပန်လို ဇင်(Zen) လို့ခေါ်တဲ့ ဒီဘာသာဟာ မဟာယနက ခွဲထွက်ထားတဲ့ဘာသာပါ။ အဓိက ရည်ရွယ်ချက်ကတော့ ဆာတိုရီလို့ခေါ်တဲ့ သစ္စာဥာဏ်ကို ရှာဖွေတာပဲ ဖြစ်ပါတယ်။
ဒီလိုရှာတဲ့အခါ ကိုယ်ကိုယ်တိုင် ရှာဖွေတာကို အဓိကထားပါတယ်။

`ဇင်တရားနှင့်ပတ်သက်၍ ဂါထာများ၊ အမေးအဖြေများနှင့် ရှေးမှတ်တမ်းမှတ်ရာများမှလွဲ၍ ဇင်ကျမ်းဂန်ဟူ၍ မရှိပေ။ ကျမ်းစာအုပ်များကို မှီခိုခြင်း ကိုးကွယ်ခြင်းလည်း မရှိ ပေ။ ဇင်တရားကျင့်စဉ်အတွက် ကျမ်းဂန်ကို ကိုး၍ သင်ကြားရန် နေရာမရှိပေ။ သို့ဆိုလျှင် ဇင်သည် မည်သည့်အရာကို သင်ကြားပါသနည်းဟု မေးလာလျှင် ဇင်သည် ဘာကိုမျှ မသင်ထားပါဟူ၍သာ ဖြေရပါမည်ဟု ဇင်ပညာရှင်ကြီး ဆူဇူကီးက ဆိုပေသည်။ ဇင်သည် လမ်းကို ပြ၏။ သင်ကြားဆုံးမစရာကိုကား မိမိကိုယ်တိုင်သာလျှင် မိမိအသိဖြင့် ရှေ့ဆောင်ဆုံးမကြရမည်ဟု ဆက်လက်ဆိုပေသည်´

စစချင်းမှာပါသလို အမေးအဖြေလေးတွေ အများကြီးပဲ ဒီစာအုပ်မှာပါပါတယ်။ စဉ်းစားစရာကောင်းတဲ့ မေးခွန်းနဲ့ အဖြေတွေပါ။ အမေးအဖြေတွေနဲ့ ဘာသာရေးမဟုတ်တဲ့ ဘာသာကို ဖွဲ့စည်းထားတယ်ဆိုတဲ့အချက်ကလည်း ဇင်ရဲ့ စိတ်၀င်စားစရာ လက္ခဏာလို့ ဆိုရမှာပါ။ တခြားဇင်နဲ့ပတ်သက်တဲ့ စိတ်၀င်စားစရာအချက်တွေ အများကြီးလည်း ဒီစာအုပ်မှာ ပါပါသေးတယ်။ ဟိုကောက်နှုတ်ပြ ဒီကောက်နှုတ်ပြနဲ့ တစ်အုပ်လုံးဖြစ်သွားမှာမို့ အသေးစိတ်တော့ မပြောတော့ပါဘူး။ ဒါပေမဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ ဇင်ဂါထာကိုတော့ နည်းနည်းလေး ဖော်ပြပါစေ။

“အလှအပကို လူတို့ အသိအမှတ်ပြုသည်ဆိုရာတွင် အကျည်းတန်မှုရှိ၍သာ အလှအပကို ရွေးချယ်နေခြင်း ဖြစ်၏”
“အကောင်းကို ရွေးချယ်သည်ဆိုရာ၌လည်း အဆိုးရှိ၍သာ အကောင်းကိုရွေးချယ်ခြင်း ဖြစ်ပေသည်”
“လိုလားမှု မလိုလားမှု ဆိုသည်မှာ ဆန္ဒတည်းဟူသော အခြေခံတရားတစ်ခုတည်းမှ ပေါက်ဖွားလာခြင်း ဖြစ်ပေသည်”
“ခက်ခဲခြင်းနှင့် လွယ်ကူခြင်းကိုလည်း သဘောပေါက်မှုတည်းဟူသော အခြေခံတစ်ခုတည်းအဖြစ် နားလည်အပ်ပေသည်”
…….
…….
(အရှည်ကြီး ကျန်သေးတယ်။ စာရိုက်ရတာ ပျင်းလို့တော်ပြီ။ သိချင်ရင် ၀ယ်ဖတ်)

တစ်ကြောင်းချင်း တစ်ပိုဒ်ချင်းမှာတွေးစရာတွေအများကြီးပါတဲ့အတွက် ဒီစာအုပ်ပါးပါးလေးကို ကျွန်တော် ဆယ်ရက်လောက် ဖတ်ခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်ထဲမကျန်ဘဲ ကျော်သွားတာတွေ အမျာကြီးမို့ နောက်အခေါက်ခေါက် ထပ်ဖတ်ရဦးမှာပါ။
အရှေ့တိုင်းက လက်လှမ်းမီတဲ့ ဘာသာရေးနဲ့ အတွေးအခေါ်ကို စိတ်၀င်စားကြမယ်ဆိုရင်တော့ ဖတ်သင့်တဲ့စာအုပ်၊ ရှိထားသင့်တဲ့စာအုပ်လို့ ညွှန်းပါရစေဗျာ။

#NMPK


Publisher Name: မုံရွေးစာအုပ်တိုက်

Publisher Address: အမှတ် ၂၁၃-၂၁၅၊ဗိုလ်တစ်ထောင်ဘုရားလမ်း ပုဇွန်ထောင်မြို့နယ်၊ရန်ကုန်။ဖုန်း-01297072

Publisher Phone Number: 01297072


Related Books

Book Review Image

အမရပူရ မဟာဂန္ဓာရုံဆရာ​တော်​ အရှင်​ဇနကာဘိဝံသ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ ( တစ်​ဘဝသံသရာ )

ဒေါက်တာသန်းထွန်း
Book Review Image

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ဦးအေးမောင်
Book Review Image

ဓမ္မ - ဘဝတစ်လျှောက်နေသွားနည်းအတတ်ပညာ

ပါရဂူ
Book Review Image

ဗုဒ္ဓစကား

ပါရဂူ
Book Review Image

ဗုဒ္ဓ၏ အာရှတန်ဖိုး

အာကာမိုးသူ