မင်းကျော် (ကျော်လှိုင်ဦး) သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ချောက်မြို့ရေနံမြေ ရပ်ကွက်၌ အဖ ကျောင်းဆရာ ဦးဘလှိုင်၊ အမ ဒေါ်တင်ဦး တို့က ၆ မတ် ၁၉၃၃ တွင် မွေးသည်။ မွေးချင်း ငါးယောက်တွင် အကြီးဆုံး ဖြစ်သည်။ အမည်ရင်း ကျော်ဆွေ၊ ငယ်မည် ခွေးညို ဖြစ်သည်။
ချောက်မြို့ ဘီအိုစီ ရေအိုးစင်ကျောင်း (၁၉၃၈ - ၄၂)၊ မကွေးမြို့နယ် ရှားပင်လှ ကျေးရွာ ဘုန်းတော်ကြီး ဦးဝါသဝကျောင်း (၁၉၄၂ - ၄၅)၊ မကွေး အစိုးရ မူလတန်းလွန် ကျောင်း (၁၉၄၅ - ၄၆)၊ ချောက် အစိုးရ မူလတန်းလွန် ကျောင်း (၁၉၄၆ - ၅ဝ)တွင် ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ အထိ၊ ရန်ကုန် ဆရာအတတ်သင်သိပ္ပံ အလယ်တန်းဆရာဖြစ်သင်တန်း (၁၉၅၁ - ၅၃)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၅၂) အောင်၊ အလယ်တန်းဆရာဖြစ် လက်မှတ်ရ (၁၉၅၃)၊ စာပေဗိမာန် အဋ္ဌမပတ် စာကြည့်တိုက်သင်တန်း (၁၉၅၄)၊ ပြင်ပ ကျောင်းသား အဖြစ် ဥပစာ (က) တန်း (၁၉၅၆) အောင်၊ ဒေလီမြို့ အမျိုးသား မော်ကွန်းတိုက် မော်ကွန်းထိန်း သင်တန်း (၁၉၅၇) တက်၊ ဥပစာ (ခ) တန်းနှင့် ဝိဇ္ဇာ (က) တန်း (၁၉၅၈) အောင်၊ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (၁၉၆ဝ) ရခဲ့သည်။
ချောက်မြို့ အစိုးရမူလတန်းလွန်ကျောင်း၌ ကျောင်းစာရေး (၁၉၅ဝ - ၅၁)၊ ရန်ကုန်မြို့၌ စက်ဆန်း အလယ်တန်းကျောင်း၊ ထို့နောက် ကြည့်မြင်တိုင် ကွက်သစ် အလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာ (၁၉၅၃ - ၅၅)၊ မြန်မာနိုင်ငံ သမိုင်းကော်မရှင်တွင် အထက်တန်း ကျောက်စာကူး အမှုထမ်း (၁၉၅၅ - ၅၇)၊ သမိုင်းကော်မရှင် စာကြည့်တိုက်နှင့် မော်ကွန်းလက်ထောက် (၁၉၅၇ - ၅၉)၊ ဗြိတိသျှသံရုံး၌ ဘာသာပြန်သူ (၁၉၅၉) မြန်မာနိုင်ငံ သမိုင်း ကော်မရှင် မော်ကွန်း အရာရှိ (၁၉၆ဝ - ၆၂)၊ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးချုပ် (၁၉၆၂ - ၆၃)၊ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ အတွင်းရေးမှူး (၁၉၆၃)၊ အမျိုးသားစာပေ ညီညွတ်ရေးကော်မတီ အတွင်းရေးမှူး (၁၉၆၄)၊ ၁ ဖေဖော်ဝါရီ ၁၉၆၆ မှစ၍ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာနတွင် စာတည်းအဖြစ် အမှုထမ်းခဲ့သည်။ စာပေလုပ်သား ဖြစ်မြောက်ရေး ကော်မတီဝင် (၁၉၆၆ - ရ၆)၊ စာပေလုပ်သားအဖွဲ့ အမှုဆောင် (၁၉၈၁)၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁၉၈၉ - ၉၁) တာဝန်များ ယူခဲ့သည်။
၁၉၅ဝ ဇူလိုင်ထုတ် ပဒေသာ မဂ္ဂဇင်းတွင် 'ကြင်နာသူ' ဝတ္ထုတိုကို "မင်းကျော်" အမည်ဖြင့် ရေး၍ စာပေနယ်သို့ ဝင်ခဲ့သည်။ မင်းကျော် အမည်နှင့် လုံးချင်း ဝတ္ထု (၃၉)၊ မဂ္ဂဇင်း ဝတ္ထုရှည် ပေါင်းချုပ် (၃)၊ ဝတ္ထုတို ပေါင်းချုပ် (၆)၊ ဝတ္ထုဟန် ကိုယ်ရေး အတ္ထုပ္ပတ္တိ (၂)၊ အထွေထွေ (၁) ရေးခဲ့သည်။ တွယ်ရာမဲ့ (၁၉၅၇)၊ ငြိမ်းတယ် ချမ်းတယ်မိုး (၁၉၆၃)၊ အာဠာဝက (၁၉၆၄)၊ ပုဂံသား (၁၉၆၄)၊ လှိုင် (၁၉၆၄)၊ တစ္ဆေ (၁၉၆၅)၊ မောင်ကျော်ဇောဟု ခေါ်သည် (၁၉၆၆)၊ မောင်ကျော်ဇာ၏ စွန့်စားခန်းများ (၁၉၆၆)၊ ထီးလှိုင်ရှင် (၁၉၆၉)၊ ငါတို့ ခေတ်နှင့် အပြိုင် [ငါးတွဲ] (၁၉၆၇ - ရ၁)၊ မဟာ (၁၉၇၂)၊ ခွေးညို (၁၉၇၃)၊ အဖြူကို မည်သူ အနက် ဆိုးသနည်း (၁၉၇၆)၊ ပဲခူးသား (၁၉၇၇) တို့မှာ ထင်ရှားသည်။ နတ်နွယ်နှင့် တွဲဖက်၍ "မလိခ" အမည်ဖြင့် မြန်မာဝတ္ထု အညွှန်း (၆) တွဲ၊ မင်းကျော် တဦးတည်း "မလိခ" အမည်နှင့်ပင် မြန်မာ စာပေ အဘိဓာန် (၄) တွဲ၊ ပျို့အညွှန်း တို့ကို ပြုစုခဲ့၏။ ကျော်အောင်၊ ညွန့်ကြူး တို့နှင့် တွဲဖက်၍ "နွယ်သစ်" အမည်ဖြင့် ကမ္ဘာကျော် စာအုပ် ၁ဝဝ (၁၉၅၇) ကို ပြုစုခဲ့သည်။ "ကျော်ဆွေ" အမည်ရင်း ဖြင့်လည်း စာအုပ် အချို့ကို ရေးခဲ၊ တည်းဖြတ် ခဲ့၏။ "ကျော်လှိုင်ဦး" အမည်နှင့် ဘာသာပြန် (၁၈) အုပ် ရေးခဲ့ရာ လူနှင့် လက်နက် (၁၉၆၅)၊ တော်လှန်သော ကဗျာဆရာ (၁၉၆၆)၊ အောက်ဆုံး အလွှာ (၁၉၆၆)၊ ဦးလေးတွမ် (၁၉၆၉)၊ ဒေါက်တာ ဂျက်ကီးနှင့် မစ္စတာ ဟိုက်၊ လေထန်ကုန်း၊ မဒမ်ဗိုဗာရီ၊ တထောင့်တည ပုံပြင်များ (၅) တွဲ တို့သည် ထင်ရှား၏။ အမျိုးသား စာပေ ဆုများကို ဦးလေးတွမ် (ဘာသာပြန် - ၁၉၆၉)၊ အဖြူကို မည်သူ အနက် ဆိုးသနည်း (ဝတ္ထုတို ပေါင်းချုပ် - ၁၉၇၆)၊ တထောင့်တည ပုံပြင်များ - ၁ (ဘာသာပြန်- ၁၉၈ဝ) တို့ဖြင့် ရရှိ ခဲ့သည်။
၇ ဇူလိုင် ၁၉၉၁ တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျဉ်း