ကမ္ဘာ့ပထမဆုံး ဘဝသရုပ်မှန်ဝတ္ထု လို့ကျော်ကြားပြီး (ဆရာကျော်လှိုင်ဦး မြန်မာပြန်ဆိုထားတဲ့) ''မဒမ်ဗိုဗာရီ'' စာအုပ်ကို ကျနော်တို့ရန်ကုန်လမ်းမများစာပေမှ ယခုအခါ တတိယအကြိမ် ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်ပါတယ်။ စာအုပ်စျေးကွက်မှာ မရှိသလောက်ရှားပါးနေပြီဖြစ်တဲ့ ဒီလို စာအုပ်ကောင်းတစ်အုပ်ကို အခုတော့ စာဖတ်သူတို့လက်ထဲသို့ အရောက် ပေးပို့နိုင်ခဲ့ပါပြီ။ ဟိုတလောက ''I am not Madame Bovary'' ဆိုတဲ့ ရုပ်ရှင်ကား ထွက်လာတာ ကြည့်လိုက်ရတော့ ဒီစာအုပ်ဟာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ယနေ့ ခေတ်သစ်ကမ္ဘာရဲ့ မော်ဒန်လူသားများအထိ သြဇာလွှမ်းမိုးမှု ကြီးမားလွန်းလှတာကို ခန့်မှန်းကြည့် နိုင်ပါတယ်။
သမိုင်းကို ပြန်ပြောပြရရင် ဒီ မူလ ''မဒမ်ဗိုဗာရီ စာအုပ်'' ကို ၁၈၅၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှာ စတင် ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။ မဒမ်ဗိုဗာရီ ဇာတ်လမ်းကို ပြင်သစ်စာရေးဆရာ Gustave Flaubert က ပါရီမှာ ၁၈၅၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အခန်းဆက်ရေးသားခဲ့ပါတယ်။
ရေးသားနေစဉ်အတွင်းမှာ ပြည်သူ့ရှေ့နေများက ဇာတ်လမ်းတွင် ပါ၀င်သော အကြောင်းအရာများသည် ညစ်ညမ်းသည်ဟုဆိုကာ စာရေးဆရာဖြစ်သည့် Gustave Flaubert ကို တရားစွဲဆို ခဲ့ကြပါတယ်။ ထိုကဲ့သို့ တရားစွဲဆိုခြင်းကြောင့်ပင် မဒမ်ဗိုဗာရီဟာ နာမည်ဆိုးဖြင့် ကျော်ကြားသလို ဖြစ်ခဲ့ရပါတယ်။
၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်တော့ တရားစွဲဆိုခြင်းမှ အနိုင်ရခဲ့ပြီး April လ မှာ မဒမ်ဗိုဗာရီစာအုပ်ကို ၂ အုပ်တွဲအဖြစ် ထုတ်ဝေခဲ့ရာ ချက်ချင်းပင် လူကြိုက်များခဲ့ပြီး Gustave Flaubert လည်း အောင်မြင်သည့် စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ မဒမ်ဗိုဗာရီ စာအုပ်ဟာ ၁၉ ရာစု အတွင်း ဥရောပတစ်ခွင်မှာ ပေါ်ထွက်ခဲ့သမျှ စာအုပ်များအနက် အကောင်းဆုံးစာအုပ် တစ်အုပ်အဖြစ် သတ်မှတ်ခံခဲ့ရသော စာအုပ်လည်း ဖြစ်ပါတယ်။
-------------------------------------------------
“ဖလောဗဲယား”သည် ၁၉ ရာစုနှစ်အတွင်း ဥရောပတစ်ခွင်၌ ပေါ်ထွက်လာသော ဝတ္ထုတို့တွင် အကောင်းဆုံးဟုဆိုသော “မဒမ်ဗိုဗာရီ” ဝတ္ထုကို ရေးသော ပုဂ္ဂိုလ်ဖြစ်၏။ လေးလံသော ဇာတ်ကြောင်းကို ပေါ့ပါးအောင် ဟာသနှင့် ဖြေပေးခြင်း၊ ဖြေဖျော်ရေးသဘော မသက်ရောက်စေဘဲ စဉ်းစားဆင်ခြင်ဥာဏ်ကို နှိုးဆော်ပေးခြင်း၊ဓမ္မဓိဋ္ဌာန်ကျခြင်း၊အနုပညာသဘောဖြင့် ချုပ်တည်းပေးနိုင်ခြင်းစသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံခြင်းတို့ကြောင့် ဒိဋ္ဌဓမ္မအဖွဲ့၌ စံပြဖြစ်လေသည်။
(မောင်ထင် ၊ ကမ္ဘာ့စာပေအညွှန်း)
“မဒမ်ဗိုဗာရီ” ဤသို့အောင်မြင်ရသည်မှာ “ဖလောဗဲယား”၏ ဇာတ်ဆောင်များသည် လူနှင့် တူသောကြောင့်ချည်းသာ မဟုတ်။ ဖြစ်ရပ်များနှင့် ဇာတ်ဆောင်တို့၏ အမူအရာတို့ကို အသေးစိတ် တိတိကျကျရေးခြယ်ပြသောကြောင့် ဖြစ်သည်။
(ဆက်မားဆက်မွမ် - ကမ္ဘာ့ဂန္ထဝင်တစ်ဆယ်)
-------------------------------------------------
ရန်ကုန်လမ်းမများ
Publisher Name: ရန်ကုန်လမ်းမများ
Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904
Publisher Phone Number: Ph-095077348,0931865904