Sidney Sheldonရဲ့ Rage of Angelsကို
ဘာသာပြန်ထားတာပါ
စာအုပ်ရဲ့အဖွင့်မှာ ဘာသာပြန်စာရေးဆရာ မောင်ပေါ်ထွန်းက
ဥပဒေပညာဖြင့်
အသက်မွေးနေကြသော
ညီငယ် ညီမငယ်များသို့
ဆိုပြီး ရည်ညွှန်းချက်ကလေးထည့်ထားလေတော့ ဥပဒေရေးရာလျှောက်လဲချက်တွေ တရားစီရင်ရေးဖြတ်ထုံးတွေနဲ့ ပျင်းစရာစာအုပ်ကြီးပဲဖြစ်မှာပါဆိုပြီး အထင်မှားခဲ့မိသမျှ ဝတ္ထုစအဖွင့်မှာပဲ နောင်တရ ရပါတော့တယ်။
ဒီစာအုပ်ကောင်းလား မကောင်းဘူးလားဆိုတာ အငြင်းအခုံ သိပ်လုပ်စရာမလိုဘူးလို့ပဲ ရဲရဲဝံ့ဝံ့ပြောချင်ပါတယ်။
အရေးအသား ဇာတ်လမ်းအချိတ်အဆက်က ဘာမှပြောစရာမလိုအောင်ပြည့်စုံသလို ဖတ်နေရင်း စာမျက်နှာ သုံးရာဝန်းကျင်လောက်မှာပဲ ဒီစာအုပ်နဲ့ပတ်သက်ပြီး တစ်ခုခု ချရေးချင်စိတ်ပေါ်လာတော့တာပါပဲ။
ကျနော့်အနေနဲ့ စာအုပ်ကောင်းကြောင်းမချီးကျုးဝံ့ပါ။
ကောင်းလိုက်တာလို့ပြောရင်
ကျနော်ပဲမြင်းထိန်းငတာ ဆန်သွားပါလိမ့်မယ်။
စာမျက်နှာ ၆၃၁မျက်နှာရှိပေမယ့် ဒီစာအုပ်ကြောင့် နောင်တမရစေဘဲ စာအုပ်ပြီးသွားမှာစိုးရိမ်တာ
စာမျက်နှာအရေအတွက်လက်ကျန်နည်းလာတာကိုနှမြောတသဖြစ်လာတာတွေ ခံစားရမယ်ဆိုတာတော့ သေချာပေါက်ပြောရဲပါတယ်။
ဥပဒေကျောင်းဆင်း ရှေ့နေပေါက်စမလေး ဂျနီဖာပါကာကနေ နာမည်ကျော်ရှေ့နေတစ်ဦးဖြစ်လာခဲ့တဲ့ ဘဝတစ်လျှောက်လုံး နေစရာထိုင်စရာမဲ့ ထမင်းငတ်ရတဲ့အခြေအနေတွေထဲမှာ ကူညီကယ်တင်သူ ချောက်တွန်းသူတွေကြား ရုန်းကန်ဖြတ်သန်းသွားရတဲ့ဘဝရုပ်ပုံလွှာတွေကို သရုပ်ဖော်သွားတာ ကြက်သီးထစရာပါပဲ။
အသက်နှစ်ဆယ့်လေးနှစ်အရွယ် လှပထက်မြက်တဲ့ ဂျနီဖာပါကာဟာ
အိမ်ထောင်သည်တွေဖြစ်ကြတဲ့ အထက်လွှတ်တော်အမတ် သမ္မတလောင်း အဒမ်ဝါနာနဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင် မိုက်ကယ်မိုရက်တီတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း။
အိမ်ထောင်ရှိယောက်ျားနှစ်ယောက်နဲ့ တိတ်တိတ်ပုန်းချစ်သူဖြစ်ခဲ့ရတဲ့ ဂျနီဖာပါကာကို လူမှုရေးစည်းမျဉ်းဥပဒေသတွေရဲ့ ရှုထောင့်ကကြည့်ပြီး အပြစ်မြင်လို့မရနိုင်လောက်အောင် ရှယ်ဒွန်ရဲ့ အရေးအသားဟာ နူးညံံ့သိမ်မွေ့ပါတယ်။
ဂျနီဖာဟာ လားရာဆန့်ကျင်ဘက် ရန်သူနှစ်ဦးကြားမှာ ချစ်မြတ်နိုးစရာ မြေစာပင်လေးဖြစ်ခဲ့ရပေမယ့် နှစ်ဦးလုံးအပေါ်ကို သစ္စာစောင့်သိချစ်မြတ်နိုးတဲ့မိန်းမတစ်ယောက်။
အဒမ်ဝါနာရွေးကောက်ပွဲအနိုင်ရဖို့ သမ္မတဖြစ်မယ့်အလားအလာ ကောင်းလာဖို့ အဒမ်နဲ့အဆက်အသွယ်ဖြတ် အဒမ်နဲ့ရတဲ့ကလေးကို ဖျက်ချဖို့ဆုံးဖြတ်ပြီးမှ မလုပ်ရက်နိုင်ဘဲ တိတ်တိတ်ပုန်းမွေးခဲ့ရတဲ့အခန်းမျိုး
ကလေးက အဖေဘယ်မှာလဲမေးတဲ့အခါ ဗီယက်နမ်စစ်ပွဲမှာ ကျဆုံးသွားပြီဖြစ်ကြောင်း ရုပ်မြင်သံကြားတွေ သတင်းစာတွေပေါ်က အဒမ်ရဲ့ရုပ်ပုံလွှာတွေကို ကြည့်နေရရင်း သားကိုညာရတဲ့အခန်းမျိုးတွေက နှလုံးသားကိုဆုပ်ညှစ်ထားသလိုတောင်ခံစားရပါတယ်။
မာဖီးယားဂိုဏ်းခေါင်းဆောင် မိုက်ကယ်မိုရက်တီကလည်း အိမ်ထောင်ရှိရက်နဲ့ နာမည်ကျော်ရှေ့နေမလေး ဂျနီဖာကို မျက်စိကျခဲ့ပေမယ့် ဂျနီဖာကတော့ မိုက်ကယ်ကိုအတတ်နိုင်ဆုံးရှောင်ခဲ့ပါတယ်။
အကြောင်းဖန်လာပြန်တော့ ဂျနီဖာ မလိုက်ပေးခဲ့တဲ့ အမှုသည်ဒုစရိုက်သမားက ဂျနီဖာရဲ့သားကို ပြန်ပေးဆွဲပြီးသတ်ဖို့ကြံရာကနေ ဂျနီဖာ မိုက်ကယ့် အကူအညီကို မဖြစ်မနေယူရင်း ငြိစွန်းခဲ့ရပြန်တယ်။
မိုက်ကယ်ပို့ပေးတဲ့ ပန်းစည်းပေါင်းများစွာကို ငြင်းနိုင်ခဲ့ပေမယ့် ကျေးဇူးတရားကိုတော့ ဂျနီဖာမငြင်းနိုင်ခဲ့ပါဘူး။
ဒါပေမယ် ဂျနီဖာဟာ ရှေ့နေအတတ်ပညာမှာသာ လှည့်ပတ်အနိုင်ယူတတ်ပေမယ့် ချစ်ခြင်းမေတ္တာနဲ့လိင်ဆန္ဒမှာတော့ ကွေ့ကောက်လှည့်ပတ်တတ်သူမဟုတ်ဘဲ သူကိုယ်တိုင်က မိုက်ကယ့်ကို လိုချင်နှစ်သက်တာကြောင့် လက်ခံတယ်ဆိုတဲ့အချက်ကို အထင်အရှားပြသခဲ့တာတွေက မူရင်းစာရေးသူကိုမမြင်ဘဲကျော်သွားပြီး ဂျနီဖာပါကာကို ပိုပြီးတပ်မက်ရတဲ့ အချက်တွေပါပဲ။
ဇာတ်လမ်းတောက်လျှောက်မှာ ဂျနီဖာ လိုက်ခဲ့တဲ့အမှုဇာတ်လမ်းပေါင်းများစွာ စိတ်ဝင်စားစရာကောင်းလောက်အောင် အများကြီးပါသလို သူ့ပတ်ဝန်းကျင်က စိတ်ဝင်စားစရာ ပြိုင်ဘက်တွေအကြောင်းလည်းပါပါတယ်။
ကြည်နူးစရာ ကြေကွဲလွမ်းမောစရာ ဝမ်းနည်းဆို့နင့်စရာတွေနဲ့ အကာအကွယ်မဲ့ဂျနီဖာဟာ အကြိမ်ကြိမ်ချောက်တွန်းခံရရင်း အကြိမ်ကြိမ်လက်လွှတ်ဆုံးရှုံးခဲ့ရရင်း အသက်အန္တရာယ်ကြုံရရင်း နောက်ဆုံး ရှေ့နေတစ်ယောက်အဖြစ်ရှိနေသေးတဲ့ လက်ကျန်သူ့ဘဝလေးကိုသာ ဖက်တွယ်သွားခဲ့ပုံနဲ့ အဆုံးသတ်က စာဖတ်သူကိုမချိတင်ကဲခံစားရစေပါတယ်။
ကျနော်တို့သာ ဂျနီဖာဆို အဒမ့်ဇနီးသည်မေရီဘက်နဲ့အပြိုင် ကိုယ်ဝန်ရှိနေကြောင်း အဒမ်ကိုပြောပြီး ကြိုးတစ်ချောင်းလို ချည်ကောင်းချည်မိမယ်
သူ့အမှုသည် မိန်းမပျက်တွေကိုတောင် ဒေါ်လာသိန်းသန်းချီရအောင် ကလေးစရိတ်တောင်းပေးနိုင်တဲ့ ဂျနီဖာဟာ သူ့ကိုအသက်တမျှချစ်တဲ့ အဒမ့်ဆီက ဘာမဆိုရနိုင်တာပဲ
အဒမ့်ရှေ့ သူ့သားကလေးဂျိုရှဝါကိုခေါ်သွားကောင်း ခေါ်သွားမိမယ်။
သားကလေး သေတဲ့အခါ အဒမ့်ဆီပြေးပြီး ငိုကောင်းငိုမိမယ်။
ဒါပေမယ့် ဂျနီဖာကတော့ ဒီလိုမဟုတ်။
ဒီလိုဟုတ်နေရင်လည်း ကျနော်အနေနဲ့ ကျေရာကျေကြောင်းကို စိတ်ထဲ ငြိနိုင်စရာမရှိ။ အမှတ်တရထဲက စုစုထွေးရဲ့မာနမျိုးနဲ့ ချစ်စရာ ဂျနီဖာ။
ဒါကပြည့်စုံတဲ့အညွှန်းမဟုတ်ပါ
ကျနော် ခံစားရသလိုပဲရေးနိုင်ပါတော့တယ်။
ပြီးတော့ ဖတ်ဖြစ်အောင်ဖတ်ပြီး ခံစားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
ကြည်နုခေတ်
Nov_14_ 2019