အလံနှင့်ပတ်သက်ပြီး ဘုန်းကြီးနှစ်ပါး ငြင်းခုန်နေကြ၏။ တစ်ပါးက
" အလံလွင့်နေတာ " ဟု ပြောသည်။
ကျန်တစ်ပါးက
" လေလွင့်နေတာ " ဟု ပြောသည်။
ထိုအချိန်တွင် ခြောက်ယောက်မြောက်ဆရာသခင်သည် သူတို့နားမှ ဖြတ်၍သွားခိုက်နှင့် ဆုံ၏။ ဆရာသခင်က _
" လေလည်း လွင့်နေတာမဟုတ်ဘူး၊ အလံလည်း လွင့်နေတာမဟုတ်ဘူး၊ စိတ်လွင့်နေတာ "
ဟု ပြောလိုက်သည်။
မုမန်၏မှတ်ချက်
==========
" လေလည်း လွင့်နေတာမဟုတ်ဘူး၊ အလံလည်း လွင့်နေတာမဟုတ်ဘူး၊ စိတ်လွင့်နေတာ " ဟု ခြောက်ယောက်မြောက် ဆရာသခင်က ပြော၏။ သူ ဘာကို ဆိုလိုသနည်း။ ဤအရာကို အသင် နက်နက်ရှိုင်းရှိုင်း နားလည်ပါက သံကိုဝယ်ပြီး ရွှေရအောင် ကြိုးစားနေသည့် ဘုန်းကြီးနှစ်ပါးကို အသင် မြင်လိမ့်မည်။ ခြောက်ယောက်မြောက် ဆရာသခင်သည် ထိုငတုံးနှစ်ယောက်အား မြင်နေရသည်ကို သည်းမခံနိုင်သောကြောင့် ဤကဲ့သို့ အပေးအယူလုပ်ခဲ့ခြင်း ဖြစ်သည်။
(လေ၊ အလံ၊ စိတ် ရွေ့နေသည်။
ကွဲပြားမှုမရှိသော နားလည်မှု။
ပါးစပ်ဖွင့်လိုက်သောအခါတွင်
အရာအားလုံး မှားယွင်းသွားသည်။)
????
" စကားလုံးတွေ မရှိဘဲ စကားလုံးမရှိသောအရာမပါဘဲ၊ အမှန်တရားကို သင် ပြောပြပါ "
ဟု ဒဿနပညာရှင်က ဗုဒ္ဓကို မေးသည်။
ဗုဒ္ဓက ဘာမျှမပြောဘဲ တိတ်တိတ်နေ၏။
ဒဿနပညာရှင်သည် ဗုဒ္ဓကို ဦးချကျေးဇူးတင်ပြီး
" သင့်မေတ္တာတရားကြောင့် ကျွန်ုပ်ရဲ့ရှုပ်ထွေးမှုများ ရှင်းလင်းသွားပြီး စစ်မှန်သောလမ်းကို ရောက်သွားပြီ "
ဟု ပြောလိုက်သည်။
ဒဿနပညာရှင် ပြန်သွားသောအခါတွင် ဤသူ ဘာကို ရရှိအောင်မြင်သွားသနည်းဟု အာနန္ဒာက ဗုဒ္ဓကို မေးသည်။
" မြင်းကောင်းတစ်ကောင်ဟာ ကြာပွတ်ရဲ့အရိပ်နဲ့တင် ပြေးတယ် "
ဟု ဗုဒ္ဓက ပြန်ပြောသည်။
မုမန်၏မှတ်ချက်
==========
အာနန္ဒာသည် ဗုဒ္ဓ၏သာဝကဖြစ်သည်။ သို့တိုင်အောင် သူ၏ထင်မြင်ယူဆမှုသည် ပြင်ပမှ ရောက်လာသောသူများ၏ ထင်မြင်ယူဆမှုများထက် ကျော်လွန်မှုမရှိပေ။ ပြင်ပမှ ရောက်လာသောသူများနှင့် သာဝကများကြားတွင် မည်မျှကွာခြားမှုရှိသနည်းဟု ဘုန်းကြီးများကို ကျွန်ုပ် မေးချင်သည်။
(ဓားသွားထက်ကို ရင်ဆိုင်ရန်အတွက်
ရေခဲပြင်ချောပေါ်တွင် ပြေးရန်အတွက်
ခြေရာအတိုင်း လိုက်ရန် မည်သည့်ခြေရာကိုမှ မလိုပါ။
မတ်စောက်သောတောင်ကို ဘာမှကိုင်မထားသောလက်ဖြင့် အနိုင်ယူပါ။)
????
မုမန် (Mumon) ဟာ ဆောင် (Song) ခေတ် ဇင်ဆရာသခင်တွေထဲမှာ နာမည်အထင်ရှားဆုံး ဇင်ဆရာသခင်တစ်ပါးဖြစ်တယ်။ သူ စုစည်းမှတ်ချက်ချထားတဲ့ ဂိတ်ပေါက်မရှိသောဂိတ် (The Gateless Gate) စာအုပ်ထဲမှာ ကိုအန်ပုစ္ဆာ ၄၈ ပုဒ် ပါဝင်တယ်။ (အထက်မှာ ပုစ္ဆာ ၂၉ နဲ့ ၃၂ ကို ဖော်ပြခဲ့တာပါ။)
(မုမန်ရဲ့သင်ကြားမှုထဲမှာ ' ကြီးမားသော သံသယ ' ဟာလည်း အရေးပါတဲ့သင်ကြားမှုကိရိယာတွေထဲက တစ်ခုဖြစ်တယ်။)
ကိုအန်ဆိုတာ ဆရာက တပည့်တွေကို အဖြေရှာဖို့ပေးတဲ့ ပုစ္ဆာပြဿနာဖြစ်တယ်။ တပည့်ဟာ ကိုအန် ပုစ္ဆာပြဿနာကို သူကိုယ်တိုင် ဖြေရှင်းရတယ်။ ကိုအန်ကို စူးစိုက်အဖြေရှာတဲ့နေရာမှာ အဖြေကို ရရှိလိုတဲ့စိတ်ဇောဆန္ဒဟာ အရေးကြီးတယ်။ ကိုအန်ရဲ့အဖြေကို ရရှိချင်ရင် ရလိုတဲ့အဖြေကို မစဉ်းစားဘဲ ကိုအန်ကို စူးစိုက်နေရမှာသာဖြစ်တယ်။ အဖြေရဖို့ စဉ်းစားလေလေ အဖြေရဖို့ ခက်ခဲလေလေဖြစ်သွားတတ်တာကို ကြိုတင် သတိချပ်ထားသင့်တယ်။
လက်ခုပ်နှစ်ဖက်တီးရင် အသံထွက်တယ်။ လက်ခုပ်တစ်ဖက်တည်းနဲ့ တီးရင် ထွက်တဲ့အသံက ဘာသံလဲ။ ဒီလိုအသံမျိုး မရှိဘူးလို့ ခင်ဗျား စဉ်းစားလိုက်တာနဲ့ ခင်ဗျားရဲ့အခွင့်အရေးကို ခင်ဗျားလက်လွတ်ဆုံးရှုံးသွားပြီ။ ကိုအန်ပုစ္ဆာက ပေးတဲ့ ရည်ရွယ်ချက်က ဉာဏ်ပညာရဲ့အလွန် သို့မဟုတ် စဉ်းစားဆင်ခြင်မှုအလွန်ကို ရောက်အောင် တွန်းပို့ခြင်းသာ ဖြစ်တယ်ဆိုတာ မှတ်ထားပါ။
မုမန်ဟာ အူကြောင်ကြောင်နိုင်တဲ့ ဇင်ဆရာသခင်တစ်ပါးဖြစ်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းကနေ တခြားဘုန်းကြီးကျောင်းတစ်ကျောင်းကို ကူးပြောင်းနေထိုင်တတ်တယ်။ ညစ်ပတ်ဟောင်းနွမ်းနေတဲ့ သင်္ကန်းတွေကို ဝတ်တယ်။ ဆံပင်နဲ့ မုတ်ဆိတ်မွေးတွေကို အရှည်ထားပြီး ဘုန်းကြီးကျောင်းထဲက လယ်ကွက်တွေထဲမှာ အလုပ်လုပ်လေ့ရှိတယ်။ ဒါကြောင့် #လူဝတ်ကြောင်ဘုန်းကြီး လို့ သူ့ကို နာမည်ပြောင်ပေးထားကြတယ်။
လူဝတ်ကြောင်ဘုန်းကြီး မုမန်ကြောင့် အကြင်တို့ရဲ့ဇင်ဝိညာဉ်ကော နိုးကြားလာမှာလားဆိုတာကို ဆန်းစစ်ကြည့်စေချင်လို့ ဒီစာအုပ်ကို ညွှန်းဆိုလိုက်တာပါ။
ပြန်ဆိုသူ ဆရာအောင်သူရရဲ့အမှာစာကလည်း အရေးတယူဖတ်ရှုရမယ့်အမှာစာ ဖြစ်ပါတယ်။
#ဇွဲနေယံဇော်
(18.2.2017; 8:27 pm)