ဒီစာအုပ်အကြောင်းပြောရင် မူရင်းစာရေးဆရာ
ဒေါစတိုယက်ဗ်စကီးရဲ့ အကြောင်းကို အရင်ပြောရပါလိမ့်မယ်
ဘာလို့ဆို ဒေါစတိုယက်ဗ်စကီးဟာ သာမန်စာရေးဆရာတွေနဲ့
မတူ တစ်မူထူးခြားတဲ့ စာရေးဆရာဖြစ်နေလို့ပါပဲ ။
သူဟာ ဝက်ရူးပြန်ရောဂါဝေဒနာသည် တစ်ယောက်
သူဟာ ဘယ်သူနဲ့မှ အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေးမရှိတဲ့သူ
နောက်ပြီး သူဟာ အပေါင်းအသင်းဆိုလို့ တစ်ယောက်မှမရှိပဲ
အမြဲတန်း အထီးကျန်နေတဲ့ စိတ်ဝေဒနာသည်တစ်ယောက်
အပြင်လောကမှာတစ်ကယ်မရှိတဲ့ ဇာတ်ကောင်စရိုက်ကို
အပြင်လောကမှာ တစ်ကယ် ရှိသယောင်ကို
ဖန်တီးနိူင်စွမ်းကြီးမားတဲ့
ကမ္ဘာ့ထိပ်တန်းစာရေးဆရာ တစ်ယောက်ပါပဲ
သူဟာ ၁၈၄၉ ခုနှစ်မှာ ဆိုရှယ်လစ်သဘောတရားတွေကို
ဖြန့်ဝေလို့ အဖမ်းခံရပါတယ် ။ အဲ့ဒီအမှုကို ပြစ်ဒဏ်စီရင်တော့
သူနဲ့ သူ့အပေါင်းအသင်း ၁၅ ယောက်လုံးဟာ သေဒဏ်
အပေးခံရပါတယ် ။ သေဒဏ်စီရင်ဖို့ စစ်သားတွေက သူတို့ကို
သေနတ်နဲ့ ပစ်သတ်ခါနီးဆဲဆဲမှာပဲ မြင်းသည်တော်တစ်ယောက်
ရောက်လာပြီး သေဒဏ်ကို ဖျက်သိမ်းပေးတဲ့အကြောင်း
သေဒဏ်အစား ဆိုက်ဘေးရီးယားကို အလုပ်ကြမ်းနဲ့
ထောင်ဒဏ် ၄ နှစ်ဆိုပြီး ပြောင်းလဲပေးခဲ့ပါတယ်
အဲ့ဒီအမိန့်ဟာ သူတင်မက ကမ္ဘာ့စာပေလောကသားတွေ
အတွက်ပါ အကျိုးထူးတဲ့ ဖြစ်စဉ်တစ်ခုဆိုရင် မမှားပါဘူး
အဲ့ဒီအချိန်မှာသာ သေဒဏ်ကို ပြောင်းလဲမပေးခဲ့ရင်
ဟော့ဒီ ကာရာမာဇော့ ဆိုတဲ့စာအုပ်ကို ကျနော်တို့ ဘယ်တော့မှ
ဖတ်ခွင့်ရခဲ့မှာ မဟုတ်လို့ပါပဲ ။
ဟာကွာ အဲ့လိုတော့ဘယ်ဟုတ်မလဲ သူ့ဇာတ်လမ်းတွေက
သူမရေးလည်း တစ်ခြားစာရေးဆရာတွေ ရေးကြမှာပဲ လို့
ယောင်လို့တောင် သွားမတွေးကြပါနဲ့
အဲ့ဒါ ဘယ်လိုမှ မဖြစ်နိူင်ဘူးဆိုတာ သေချာလွန်းမက
သေချာပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာပေါ်မှာ
သူ့ဝတ္ထုတွေထဲက ဇာတ်ကောင်တွေကို ဖန်တီးနိူင်တဲ့လူဆိုတာ
သူတစ်ယောက်ထဲပဲ ရှိနေလို့ပါ
သူ့ ဇာတ်ဝင်ခန်းထဲက တုန်လှုပ်ချောက်ခြားနေတဲ့
ဇာတ်ကောင်စရိုက်ဟာ သူကလွဲရင်
တစ်ခြားဘယ်သူမှ မရေးတတ်တဲ့ ဇာတ်ကောင်တွေ ဖြစ်နေလို့ပါပဲ
နောက်ပြီး သူဟာ ကမ္ဘာပေါ်မှာ အကြွေးအထူဆုံးစာရေးဆရာ
လောင်းကစားကို အခုံမင်ဆုံး စာရေးဆရာ
စာအုပ်တစ်အုပ်အတွက် နင့်နေအောင်ရတဲ့ စာမူခ တွေကို
တစ်ညထဲနဲ့ အကုန် လောင်းကစားပြစ်တဲ့ စာရေးဆရာပါ
ကဲ စာရေးဆရာ အကြောင်းကို ဒီမှာ ထားပြီး
စာအုပ်အကြောင်းကို ဆက်ကြစို့
ဒီစာအုပ်ဟာ အဖေနဲ့သားများရဲ့ ရမ္မက်မီးကြီးမားပုံ
လူ့ဘဝရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖေနဲ့သားများကြားက
ပြသနာပေါင်း သောင်းခြောက်ထောင်ကို ဂန္ဓဝင်မြောက်စွာ
ချယ်သ ထားတဲ့ လက်ရာကောင်းတစ်ခုပါ
အဖေအို ဖြိုဒါကာရာမာဇော့မှာ သားလေးယောက်ရှိပါတယ်
ဒီမီထရီကာရာမာဇော့ဆိုတဲ့ သောက်စားမူးယစ်နေတဲ့
အကြီးဆုံးသားရယ် အိုင်ဗင်ကာရာမာဇော့ဆိုတဲ့
အနုပညာသမားရယ် အလျှိုရှာကာရာမာဇော့ဆိုတဲ့
ခင်ကြီး ( ဘုန်းကြီး ) ဝတ်ထားတဲ့သားရယ်
နောက်ဆုံးတစ်ယောက်ကတော့ လမ်းတစ်ကာပတ်သွားနေတဲ့
အရူးမတစ်ယောက်ကို မူးမူးနဲ့ မတရားကျင့်ပြီး ရ ထားတဲ့
ဆမာယာကော့ လို့ခေါ်တဲ့ တရားမဝင်သားပါပဲ
သူတို့မြို့မှာ သိပ်လှတဲ့ ဂရူရှင်ကာ လို့ခေါ်တဲ့ မိန်းမတစ်ယောက်ကို
ဖခင်ကာရာမာဇော့က သူ့ရဲ့ချမ်းသာမှု သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့
သိမ်းသွင်းဖျားယောင်းပြီး အပိုင်သိမ်းဖို့ ကြံပါတယ်
ဒါကို လက်မခံတာက သားကြီး ဒီမီထရီကာရာမာဇော့ပါ
ဘာဖြစ်လို့လည်းဆိုတော့ သူကိုယ်တိုင်ကလည်း
ဂရုရှင်ကာဆိုတဲ့မိန်းမကို အရူးအမူးစွဲလမ်းနေလို့ပါပဲ
အဲ့ဒီမှာပဲ အဖေနဲ့သားဟာ တစ်ယောက်နဲ့တစ်ယောက်
ရန်ငြိုးတွေ အကြီးကြီးထားပြီး ဒီမီထရီက တွေ့တဲ့လူတိုင်းကို
တရက်ရက်ကြရင် သူ့အဖေကို သူသတ်မှာဖြစ်တဲ့အကြောင်း
မူးမူးနဲ့ လျှောက်ပြောပါတယ်
တရက်မှာ ဖခင်ကာရာမာဇော့ဟာ ရက်ရက်စက်စက်
အသတ်ခံရပါတယ် ဘယ်သူ့လက်ချက်ဆိုတာ အတိအကျ
မသိပေမဲ့ အာဏာပိုင်တွေက ဒီမီထရီကို ဖမ်းလိုက်ပါတယ်
အဲ့ဒီနောက်တော့ တရားခွင်ဇာတ်လမ်းဟာ
ဒီစာအုပ်ရဲ့ အရှိန်အမြင့်ဆုံး ဇာတ်ဝင်ခန်းပါပဲ
တကယ်သတ်ခဲ့သူဘယ်သူဆိုတာတော့
ဒီနေရာမှာပြောလည်း စာအုပ်က ပေါ့သွားမှာ မဟုတ်ပေမဲ့
တကယ့်လူသတ်သမားကိုတော့ ချန်ထားခဲ့ပါရစေတော့
ဒီနေရာမှာ နောက်ဆုံးတစ်ခု ပြောစရာရှိနေတာက
ဘာသာပြန်တဲ့ ဆရာနတ်နွယ်ပါ ဒီစာအုပ်ကို ဆရာက
ငါးနှစ်ထိ အချိန်ယူပြီး ပြန်ခဲ့ရပါတယ်
ဒါ့ကြောင့်လည်း ဆရာ့ရဲ့ ဘာသာပြန်လက်ရာဟာ
အကောင်းဆုံးအဆင့်မှာ ရှိပြီး အဲ့ဒီနှစ်ရဲ့
အမျိုးသားစာပေဆုကို ဒီစာအုပ်နဲ့ ရခဲ့ပါတယ်
ဆရာ့ရဲ့ ဘာသာပြန်လက်ရာ ဘယ်လောက်တောင် ကောင်းသလဲဆိုရင်
ဒေါစတိုယက်ဗ်စကီး ဆိုရင် နတ်နွယ် ဘာသာပြန်မှ ,လို့တောင်
ပြောစမှတ် တွင်ခဲ့တဲ့ အထိပါပဲ
______________
naymyoheinn