#သစ်မိစ္ဆာခေါ်သံ (A Monster Calls)
#မူရင်းရေးသူ - #Patrick Ness
#ဘာသာပြန်သူ - #လင်းခန့်
တန်ဖိုး - ၂၈၀၀
#ကံ့ကော်ဝတ်ရည်စာပေမှ ပထမအကြိမ်ထုတ်ဝေသည်။
ကိုယ်ဟာ ကလေးစာပေဖတ်ရင်း ဝမ်းပန်းတနည်းငိုရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။
ကိုယ်ငယ်ငယ်က အမေနဲ့အဖေရန်ဖြစ်ကြရင် ကိုယ်တစ်ယောက်တည်းနေပါရစေလို့ဆုတောင်းဖူးတယ်။
ဒါပေမဲ့ ညနေရောက်တိုင်း အဖေနဲ့အမေအလုပ်ကပြန်မရောက်မချင်း နောက်ထပ်အဖေနဲ့အမေကိုမတွေ့ရတော့မှာကြောက်ခဲ့ရဖူးတယ်။ သူတို့အပြန်နောက်ကျတဲ့ရက်ဆို အတွေးတွေများပြီးငိုခဲ့ရတယ်။
အသက်ကြီးလာတော့ အဲလိုမျိုးတော့မဖြစ်တော့ဘူး။ဒါပေမဲ့ ဒီထက်ဆိုးတာတွေ ကြုံလာရတယ်။ ဆိုပါစို့ရဲ့။ အဖေနဲ့အမေ အကြီးအကျယ်နေမကောင်းဖြစ်ပြီးဆေးရုံတက်ရတဲ့အခါ အဲဒီခံစားချက်တွေပြန်ခံစားလာရတယ်။
ဟိုတလောကပဲ အမေဆေးရုံထပ်တက်ရတယ်။ အောက်ဆီဂျင်ပိုက်တပ်လျက်သားနဲ့ ဆေးသွင်းတဲ့ပိုက်တွေအမျိုးမျိုးနဲ့ ။ အဲလိုတွေ့မြင်ရတဲ့အချိန်တိုင်း အတွေးမျိုးစုံနဲ့ ကြောက်ခဲ့ရတယ်။
ကလေးဆိုတာ နုနယ်တဲ့ပန်းတစ်ပွင့်ဆိုတဲ့စကားကို ကိုယ်လက်ခံတယ်။ သူတို့အနေနဲ့ ဘာကိုမှမစွမ်းဆောင်နိုင်သေးတဲ့အချိန်မှာ သူတို့ကြောက်တဲ့အရာကို တစ်ဖက်လှည့်နဲ့ဖြေတွေးပြီး ကိုယ့်ကိုယ်ကိုယ်ညာခဲ့ရတဲ့အချိန်တွေရှိတယ်။ ငယ်ငယ်ကကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေက သူတို့အတွက် စိတ်ဒဏ်ရာတွေဖြစ်စေတယ်။ ဘဝတစ်လျှောက်လုံးမှာ မိစ္ဆာတစ်ကောင်လိုခြောက်လှန့်တတ်တယ်။ ဒါပေမဲ့ အဲဒီမိစ္ဆာရှိနေတာ ခြောက်လှန့်နေတာကို မရိပ်မိတတ်ကြဘူး။
ဒီသစ်မိစ္ဆာခေါ်သံဆိုတဲ့ စာအုပ်ထဲမှာ ကော်နာအိုမယ်လီဆိုတဲ့ ကလေးတစ်ယောက်ရဲ့ အိပ်မက်တွေနဲ့သူ့ရဲ့ ခြောက်ခြားမှုတွေကိုဖတ်ရင်း သိုဝှက်စွာနေတတ်တဲ့ ကိုယ့်မိစ္ဆာကြီးကို မြင်တွေ့ခဲ့ရပြီ။
စာအုပ်ရဲ့အမှာစာထဲမှာ ... အပြေးပြိုင်ပွဲတွေမှာ လက်ဆင့်ကမ်းတုတ်တံကို လက်ဆင့်ကမ်းရင်း 'ရော့ ပြေးပေတော့ ၊ ကိုယ့်ဒုက္ခကိုယ်ရှာပေတော့' ဆိုတဲ့စကားကိုတွေ့မိခဲ့တယ်။ ဒီတော့ ကိုယ်ကလည်း ဒီစာအုပ်ဖတ်ရင်း ကိုယ့်ဒုက္ခကိုယ်ရှာပြီးပြီ။ မျက်ရည်တွေရော နှပ်တွေရောကျလို့။
အခု ကိုယ့်လက်ထဲက လက်ဆင့်ကမ်းမယ့်တုတ်တံလေးကို အခြားနောက်တစ်ယောက်ဆီ ကမ်းပေးချင်ပါတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာမယ့်သူ တစ်ယောက်လောက်များ ရှိလာလေမလား ........။
$Yu Thwe
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137