စာအုပ်နာမည်က The Bridegroom was a dog တဲ့။ ရေးသူက ဂျပန်စာရေးဆရာမ Yoko Tawada.
ဘာသာပြန်သူက ဥာဏ်သစ်တဲ့။ သူ့အရေးအသားကို ဒါဗင်ချီကုတ်မှာ ဖတ်ဖူးသည်။ စာအုပ်နာမည်ကို ခွေးသတို့သားလို့ ပေးထားသည်။ အဖုံးပေါ်မှာ မြန်မာလို စာအုပ်နာမည်နဲ့ ဘာသာပြန်သူနာမည်က မဝံ့မရဲနှင့် ထောင့်မှာကပ်ထားသလိုလို ခံစားရသည်။ ၂၀၁၉ မတ်လ ထွက်ဆိုတော့ ဒီလထဲထွက်တဲ့ စာအုပ်အသစ်ပေါ့။
စာအုပ်က ကြည့်တော့ လက်တောက်လောက်လေး။ စာမျက်နှာကလည်း အားလုံးပေါင်းမှ ၆၁မျက်နှာ။ စျေးက ၂၀၀၀ တဲ့။ နှစ်ထောင်ဆိုတာ ထမင်းတစ်နပ်၀ယ်စားရင်ကုန်တဲ့ခေတ်မို့လို့ ၂၀၀၀ ကိုများတယ်တော့ မဆိုနိုင်။
ဒါပေမဲ့ ရှိတဲ့ငွေနဲ့ တန်လား မတန်လား၊ ၀ယ်သင့်မသင့်တော့ စိစစ်ရသေးသည်။ ငါတို့စာပေကထုတ်တယ်ဆိုတော့ ကောင်းဖို့ အလားအလာများသည်။ ဒါပေမဲ့ ဒီလောက်ပါးပါးလေးကို ၂၀၀၀ ဆိုတော့ စျေးနည်းနည်းများတယ်လို့ စိတ်ကပြောလိုက်မိသည်ကို နှုတ်က ထွက်သွားသည်။ `ကိုကြီးကလည်း စာအုပ်အထူနဲ့ မဆုံးဖြတ်ဘဲနဲ့ အထဲကစာနဲ့ ဆုံးဖြတ်ပေါ့´တဲ့။ အယ့်လယ် ကိုယ့်ထက် ၂၀ လောက်ငယ်မည့် အရောင်း၀န်ထမ်းမလေးက ကိုယ့်ကို ဦးမခေါ်ဘဲနဲ့ ကိုကြီးတဲ့။ ဒါနဲ့ ရှေ့နောက် မစဉ်းစားတော့ဘဲ ပိုက်ဆံရှင်း လိုက်သည်။ အိတ်ထဲ ထည့်ပေးနေသော ကောင်မလေးကို ညည်းရောဖတ်ပြီးပြီလားမေးတော့ ခေါင်းခါပြသည်။ အင်း ဆိုင်မှာတစ်ထိုင်တည်းဖတ်ရင်ပြီးနိုင်မယ့်စာအုပ်ကို ကိုကြီးခေါ်ခံရရုံနှင့် ၀ယ်လာခဲ့လိုက်ပြီ။ နေမင်းတို့ ကြောင်နိုင်ချက်။
စာအုပ်မဖတ်ခင် ထုံးစံအတိုင်း အမှာစာရှာသည်။ မတွေ့။ တွေ့မယ့်တွေ့တော့လည်း နောက်ဖုံးမှာ။ ဘာတဲ့။ ဂျပန်ပူလစ်ဇာဆုလို့ သတ်မှတ်ထားတဲ့ ဘာPrize ဆိုလား ရသတဲ့။ အင်္ဂလိပ်စာလုံးလေးတွေက သေးလို့ ဖတ်လို့မရ။ မျက်မှန်ပါဝါတိုးရတော့မည်ထင့်။
စာအုပ်လက်ထဲရောက်ပြီး ချက်ချင်းမဖွင့်ဖတ်ဖြစ်သေးပါဘူး။ ၂ရက်လောက် ချောင်ထိုးထားမိပါတယ်။ ဘယ်အချိန်ဖတ်ဖတ်ရတယ်ဆိုပြီး မဖတ်ဖြစ်တာပါ။
ဒါပေမဲ့ စာအုပ်ကြော်ငြာတက်လာတော့ ဟိုအခန်းဒီအခန်းတွေပါတယ်တဲ့။ ဒါနဲ့ပဲ မဆိုင်းမတွ ဖတ်လိုက်မိတယ်။
ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်က မူလတန်းကျောင်းဆရာမ မစ်စုကိုကီတာမူရာ။ သူကိုယ်တိုင်က ကျောင်းထောင်ထားသူ။ ကလေးတွေကို ထူးထူးဆန်းဆန်းအကြောင်းအရာတွေပြောပြီး ထူးထူးဆန်းဆန်းတွေ လုပ်တတ်သူတစ်ယောက်ပေါ့။ အဲဒီ လူထူးလူဆန်းဆရာမဆီမှာ ကျောင်းသားမိဘတွေက ကလေးတွေ စာသင်ဖို့ အပ်ထားတယ်။ ကလေးတွေဆီက ထူးထူးဆန်းဆန်းအကြောင်းအရာတွေကိုလည်း ပြန်နားစွင့်ရင်းနဲ့ပေါ့။ ဆရာမကီတာမူရာပြောတဲ့ ပုံပြင်တွေထဲက ထူးဆန်းတဲ့ပုံပြင်တစ်ခုကတော့ ခွေးသတို့သားပါတဲ့။ ဒါပေမဲ့ ဗားရှင်းအမျိုးမျိုးနဲ့ပေါ့။ ကျောင်းသားအသက်အရွယ်ကိုလိုက်လို့ မိဘတွေကိုပြန်ပြောပြတဲ့ ဗားရှင်းက ကွဲထွက်သွားတာမို့ မိဘတွေအတွက်လည်း ဒါဟာ ဇဝေဇ၀ါ ဖြစ်စရာ။
ဆရာမ ကီတာမူရာထက် ထူးဆန်းသူနောက်တစ်ယောက်ကတော့ သူ့အိမ်ရောက်လာတဲ့ အသက်၂၇၊ ၂၈ ၀န်းကျင် အရွယ် တာရောဆိုသူ။ ထူးထူးဆန်းဆန်း အပြုအမူတွေနဲ့ လူတစ်ယောက်။
(အဲဒီမှာပြောချင်တာ စာအုပ်ကြော်ငြာမှာ `ဆန်းကြယ်တဲ့ လိင်ဆက်ဆံမှုတွေ၊ လိင်မှုရေးရာ အတွေးအခေါ်တွေ ပါတဲ့အတွက် ၁၈နှစ်အောက် ကလေးများ ဖတ်ရှုဖို့မသင့်တော်ဘူးလို့ ´ဆိုထားပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီလောက်ဆိုးရွားတာမတွေ့မိတဲ့ အတွက် ဂျင်းထည့်ထားတာလားလို့တောင် ထင်မိပါတယ်။ ဖတ်တဲ့သူအတွက် တဏှာပေမကို အားပေးပြီး ဖန်တီးရေးဖွဲ့ထားတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းလိုအပ်ချက်အရ ထည့်သွင်းထားတာလို့ ခံစားရပါတယ်။ ဒါမှမဟုတ် ဘာသာပြန်တဲ့သူက ပြန်ဆိုမှုအားနည်းလို့လားတော့ မဆိုနိုင်ပါဘူး။ ပြီးတော့ တစ်မျက်နှာလောက် ရှိတဲ့ အဖြစ်အပျက်တစ်ခုအတွက် ၁၈+ ကြီးသတ်မှတ်ရအောင် မဆိုးသေးဘူးလို့လည်း ထင်ပါတယ်။ အပြစ်ပြောရရင်တော့ ကြော်ငြာမှာ ၁၈+ မြင်လို့ အဟုတ်မှတ်ပြီးဖတ်မိတဲ့ ကျွန်တော်မျိုးကြီးသာ အပြစ်ရှိတယ်လို့ ဆိုရမှာပါ။)
ဇာတ်လမ်းကို ရှေ့ဆက်ရမယ်ဆိုရင် တာရောထက် ထူးဆန်းတဲ့သူနောက်တစ်ယောက်က တာရောမိန်းမ ရိုကို။
သူကလည်း ထူးဆန်းသည်။ နောက်ထပ်ထူးဆန်းသူတစ်ဦးက တာရောနှင့် မရှင်းမရှင်းဖြစ်နေသော တိုရှီယို၊ ပြီးတော့ သူ့သမီး တတိယတန်းကျောင်းသူ ဖူကီကို။
အစအဆုံးဖတ်ပြီးကာမှ နောက်ဆုံးမှာ အမှာစာလို စာတိုငယ်တစ်ခု။ ဒီစာအုပ်ရေးသူ စာရေးဆရာမအကြောင်း။
ဖတ်ပြီး ခေါင်းထဲကျန်နေတာက စာသားတစ်ခု။
`ကျုပ် ကြေးနန်းစာ ရသလား´
ဖတ်ပြီး ခေါင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် မေးမိနေတဲ့ မေးခွန်းတစ်ခု။
`ခွေးတွေ လိင်တူချင်း ကမြင်းကြလား´
ဖတ်ပြီး ခေါင်းထဲရောက်လာတဲ့အတွေးတစ်ခု။
`ငါလည်း ငါကြိုက်တဲ့စာအုပ်ကို မြန်မာပူလစ်ဇာဆု လုပ်ပြီး ပေးဦးမှပါလေ´
#NMPK