သူ့မှာ အရမ်းဖတ်ချင်နေတဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေနေခဲ့တာ ဘယ်မှာမှ မတွေ့။ စာအုပ်ဆိုင်တွေ ကက်တလောက်တွေ အားလုံးကိုလည်း မွှေနှောက်ရှာခဲ့ပြီးပြီ၊ မရှိ။
နေ့လယ်ခင်းတစ်ခုမှာ မြို့ထဲ သွားဖို့ရာ ဖြတ်လမ်းအနေနဲ့ ဗဟိုဘူတာရုံထဲက ဖြတ်လာခဲ့မိတယ်။ ဗန်ဒါဘေ့ ရိပ်သာရှိရာ လှေကားအတက် ရထားလမ်းဘေး ကျောက်ပြားမှာ ရပ်နေတဲ့ မိန်းမတစ်ယောက်ကို ဖျတ်ခနဲ တွေ့လိုက်တယ်။ အရှေ့မှာ စာအုပ်တစ်အုပ်ကို ကိုင်လို့။ စာအုပ်က သူ အသေအလဲ ရှာဖွေနေခဲ့တဲ့စာအုပ်။
သူ့အနေနဲ့ သူစိမ်းတွေနဲ့ သိပ်စကားပြောလေ့မရှိပေမယ့် အခုလို ကြုံကြိုက်လာတဲ့အခါမှာတော့ ဘယ်လိုမှ နှုတ်ဆိတ်မနေနိုင်တော့။ သူက မိန်းကလေးကို ပြောလိုက်တယ်။
" ခင်ဗျား ယုံချင်မှ ယုံပါ။ ကျွန်တော် ဒီစာအုပ်ကို နေရာအနှံ့ ရှာနေခဲ့တာပါ "
" စာအုပ်က အံ့ဩစရာပါပဲ။ ကျွန်မလည်း အခုပဲ ဖတ်ပြီးတယ် " လို့ မိန်းကလေးက ပြန်ဖြေလိုက်တယ်။
" ဒါမျိုး နောက်တစ်အုပ်လောက် ဘယ်မှာများ ရနိုင်သလဲ မသိဘူးနော်၊ ဒီစာအုပ်က ကျွန်တော့်အတွက် ဘယ်လောက်အရေးပါလဲဆိုတာ ပြောတောင် မပြတတ်ဘူး " လို့ R က မေးလိုက်တယ်။
" ဒီစာအုပ်က ရှင့်အတွက်ပဲ " လို့ မိန်းကလေးက ပြန်ပြောတယ်။
" ဒါပေမဲ့ ဒါ ခင်ဗျားစာအုပ်မဟုတ်လား " လို့ R က ပြောတယ်။
" ဟုတ်ပါတယ်။ ကျွန်မစာအုပ်ပါ။ ဒါပေမဲ့ အခု ကျွန်မ ဖတ်ပြီးပြီလေ။ ဒီနေ့ ကျွန်မ ဒီလာတာ ရှင့်ကို ဒီစာအုပ် ပေးချင်လို့ပဲ " လို့ မိန်းကလေးက ပြောလိုက်တယ်တဲ့။
■
အထက်ပါအကြောင်းအရာကို ဒီစာအုပ်ပါ ' အနီရောင်မှတ်စုစာအုပ် ' အက်ဆေးထဲက ကောက်နုတ်ဖော်ပြလိုက်တာပါ။
ပေါလ်အော်စတာက အနီရောင်မှတ်စုစာအုပ်အက်ဆေးထဲမှာ အထက်ပါတိုက်ဆိုင်မှုလို အဖြစ်အပျက်မျိုး ၁၃ ခုကို ရေးသားဖော်ပြထားတယ်။ နောက်တော့ ' ဘာကြောင့်များ စာရေးဖြစ်သလဲ ' ၊ ' တိုက်ဆိုင်မှုအစီရင်ခံစာ ' နဲ့ ဘာကိုမှ မဆိုလိုပါ ' ဆိုတဲ့ အက်ဆေးတွေထဲမှာကို များစွာသော တိုက်ဆိုင်မှုတွေအကြောင်း ရေးထားတာ ဖတ်ရှုရပြန်တယ်။ တချို့တိုက်ဆိုင်မှုတွေက သူ့ကိုယ်တွေ့၊ တချို့က တခြားလူတွေဆီက ပြန်သိရတဲ့ဇာတ်လမ်းတွေ။ ဖတ်နေရင်း ကိုယ့်ဘဝထဲက အံ့ဖွယ်တိုက်ဆိုင်မှုတွေကိုပါ ပြန်သတိရလာတဲ့အထိ သူ့အရေးအသားတွေက နှိုးဆွနိုင်လွန်းခဲ့တယ်။ (တစ်ချိန်တော့ ရေးဦးမယ်။)
တချို့တိုက်ဆိုင်မှုတွေက လူတစ်ယောက်ရဲ့အသက်ဘေးနဲ့ကို နီးစပ်တဲ့အထိ ကြောက်စရာကောင်းတယ်။ တချို့တိုက်ဆိုင်မှုတွေကျ ထိတ်လန့်စရာ။ ဥပမာ - ကိုယ့်အဖေအရင်းက ကိုယ့်ယောက္ခမ ပြန်ဖြစ်နေတာကို အချိန်လွန်မှ သိလိုက်ရတာမျိုး၊ စစ်အတွင်းက ရန်သူက ကာလတစ်ခုကြာသွားတဲ့အခါ ကိုယ့်ခမည်းခမက်လာဖြစ်နေတာမျိုး . . . စသဖြင့်ပေါ့လေ။
ဒီအက်ဆေးတွေက ဖြစ်နိုင်ခြေတွေနဲ့ပြည့်နေတဲ့ ကမ္ဘာသစ်တစ်ခုကို ပေါလ်အော်စတာ တွေ့ရှိပြီး လင်းပွင့်သွားတဲ့အကြောင်းတွေကို ရေးထားတာလို့ ဆိုနိုင်တယ်။ ကမ္ဘာမှာ လွဲချော်မှုတွေ ထပ်တလဲလဲဖြစ်ပြီး တူညီတဲ့တိုက်ဆိုင်မှုတွေ ကျော့ကျော့နေတာကို သူက စုပြလိုက်တာပဲ။
ယေဘုကျအားဖြင့် ကစဉ့်ကလျား ဖြစ်နေတဲ့ လောကကြီးမှာ တစ်စုံတစ်ယောက်က တမင်တကာ ဖန်တီးထားသလို ဖြစ်နေတဲ့ တိုက်ဆိုင်မှုတွေကို သူ စုဆောင်းနိုင်ခဲ့တယ်။ တချို့ဇာတ်လမ်းတွေက အံ့ဩမှင်တက်စရာဖြစ်ပေမယ့် တချို့ဇာတ်လမ်းတွေကျ ကိုယ့်မှ ရွေးချယ်လှောင်ပြောင်နေသလားထင်ရလောက်အောင် ထိတ်လန့်ရတာတွေပါ။
ဒီအထဲမှာမှ သူ့ဘဝအစိတ်အပိုင်းတချို့နဲ့ ' မှန်သားမြို့တော် ' ကို ရေးဖြစ်ဖို့ စေ့ဆော်မှုရခဲ့ပုံကိုပါ ဖတ်ရှုရသေးတယ်။ နောက်တော့ ကပ်ဖကာသေဆုံးခြင်း နှစ် ၅၀ ပြည့်အတွက် ရေးထားတဲ့အက်ဆေး၊ ၂၀ ရာစုရဲ့အရေးပါဆုံး ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ပေါလ်ရီယိုပယ်လီရဲ့ပန်းချီကားတွေကို ခံစားပြထားတဲ့အက်ဆေးနဲ့ ဗြိတိန်ရဲ့အကြီးကျယ်ဆုံးပုဂ္ဂိုလ်စာရင်းထဲ ပါဝင်ဖူးတဲ့ ဆာ ဝေါလ်တာရာလေးရဲ့ရှင်ခြင်း၊ သေခြင်းတွေကို တွေးဆထားတဲ့အက်ဆေးတွေပါ ဖတ်ရှုရတယ်။
ပေါလ်အော်စတာရဲ့ မူရင်းအက်ဆေးတွေအပြင် အစွန်းရောက် အချစ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲပစ်ဖို့ ဝန်မလေးတဲ့ ရိုမန်တစ်အကြမ်းဖက်သမားတစ်ယောက်ဖြစ်ခဲ့ဖူးသူ ဘာသာပြန်ဆရာ ဒီနိုဗိုရဲ့ တိုက်ဆိုင်မှုတချို့ကိုပါ ဒီစာအုပ်ထဲ ဖတ်ရှုရပါလိမ့်ဦးမယ်။ ဒီလက်ရွေးစင်စကားပြေစာအုပ်ကို ဖတ်ရှုပြီးတဲ့အခါ The New York Trilogy သုံးအုပ်တွဲက ပိုမိုအရသာ ရှိလာပါလိမ့်လို့လည်း ကျွန်တော် ထပ်ဆောင်း ပြောလိုက်ပါရစေ။
#လူသာမန်
12.7.2018; 11:30 pm
###################################
ဘာသာပြန် ပင်ကိုယ်ရေး အက်ဆေး ၁၁ ပုဒ် စိမ်းပြာရောင် အဖုံး လက်နှိပ်စက်တစ်လုံး အဲဒါတွေ အားလုံးဆုံတဲ့အခါမှာတော့ ဆရာဒီနိုဗိုပြန်ဆိုတဲ့ Essays by Paul Auster ဆိုတဲ့ စာအုပ် တစ်အုပ်ဖြစ်လို့လာတယ်။ လက်ထဲရောက်လာတဲ့ စာအုပ်ဟာ ခပ်ပါးပါးပဲ။ ခဏလေး ဖတ်ပြီး ပြီးသွားတဲ့ စာအုပ်တစ်အုပ်တော့ မဟုတ်ဘူး။ တစ်ပုဒ်ဖတ်လိုက် တွေးလိုက် တစ်စိမ့်စိမ့် ဖတ်ရမယ့် စာအုပ်ပဲ။ ကိုယ်ကတော့ အဲဒီစာအုပ်လေးကို ရုံးသွားရုံးပြန် ကားစီးရင်း ဖတ်ခဲ့တယ်။ တစ်ပိုဒ်လေး ဖတ်လိုက်၊ ဇာတ်လမ်းလေး တစ်ခု ဖတ်လိုက် ရုံးရောက်သွားလိုက်။ အဲဒီအကြောင်းလေးကို တစ်ရက်လုံး တစိမ့်စိမ့်တွေးရင်း အလုပ်လုပ်လိုက်ပေါ့။
ဒီစာအုပ်မှာ ၁) ကျွန်တော်၏ လက်နှိပ်စက် ၂) အနီရောင် မှတ်စု ၃) ဘာကြောင့်များ စာရေးဖြစ်သလဲ ၄) တိုက်ဆိုင်မှု အစီရင်ခံစာ ၅) ဘာကိုမှ မဆိုလိုပါ ၆) ကပ်ဖကာအတွက် စာမျက်နှာများ ၇) ဆာဝါလ်တာလေး သေဆုံးခြင်း ၈) ဂျင်း ပေါလ်ရီယိုပယ်လီ၏ ပန်းချီကားများ ၉) ဒီနိုဗီုရဲ့ အသည်းကွဲရောင် မှတ်စုများ ၁၀) ကျွန်တော်မှာ အတွေးတလူလူ ၁၁) စာရေးသူနှင့် စာအုပ်မိတ်ဆက် ဆိုတဲ့ အက်ဆေး ၁၁ ပုဒ်ပါတယ်။
အက်ဆေးဆိုပေမယ့် ဇာတ်လမ်းတိုတွေ အများကြီးပါတယ်။ စိတ်ကူးယဉ်ထားတာ မဟုတ်ပဲ တစ်ကယ့် ဇာတ်လမ်းတွေ။ အဓိကတော့ တိုက်ဆိုင်မှုတွေ။ တစ်ယောက်ယောက်က တမင်ဖန်တီးသလို တိုက်ဆိုင်မှုတွေ။
ပထမကလေး မွေးခါနီးမှာ တီဗီမှာလာလို့ တစ်ဝက်တစ်ပျက်ပဲ ကြည့်လိုက်ရတဲ့ ရုပ်ရှင်ကားကို ဒုတိယ ကလေး မွေးခါဖွားခါနီးမှာ တီဗီမှာ တစ်ခါပြန်လာလို့ နောက်တစ်ပိုင်း ဆက်ကြည့်ရ။ ဇာတ်လမ်းလည်း ဆုံးရော မီးဖွားဖို့ ဗိုက်နာရော ဆိုတာမျိုး။ စားစရာတစ်စက်မှ မရှိချိန်၊နောက်ဆုံးကျန်တဲ့ ကြက်သွန်ဥနဲ့ ကြက်သွန်ဥပိုင်လုပ်ထားရင်း စားမရအောင် တူးသွားချိန်၊ ဘာစားစရာမှ မရှိလို့ ကြံရာမရဖြစ်နေချိန်မှာ ကြယ်နှစ်ပွင့်ဟိုတယ်မှာ ညစာလိုက်ကျွေးမယ့် အသိ ရုတ်တရက်ရောက်လာတာမျိုး။ အကြောင်း အမျိုးမျိုး တိုက်ဆိုင်မှုတွေနဲ့ အတူ ပေါလ်အော်စတာရဲ့ တစိတ်တပိုင်းကိုပါ မြင်တွေရတယ်။ ဥပမာ သူရဲ့ လက်နှိပ်စက်အကြောင်း၊ သူ့ရဲ့ မိသားစုဘဝအကြောင်း၊ သူ့ရဲ့ အပေါင်းအသင်းတွေ အကြောင်း။
ပေါလ်အော်စတာ လက်နှိပ်စက်နဲ့ စာရေးတဲ့ အကြောင်းကို ဒီစာအုပ်မှာတွေ့ရပြီး ဆရာဒီနိုဗို လက်ရေးနဲ့ စာရေးရာက ကွန်ပြူတာနဲ့ စာရေးတဲ့ အထိ ဘယ်လို အဆင့်တွေကို ကျော်ဖြတ်ပြီးရေးခဲ့တယ်ဆိုတာကိုက ဆရာဒီနိုဗိုရဲ့ မစဉ်းစားမိတဲ့ ကိစ္စ အက်ဆေးစာအုပ်မှာ တွေ့ရတယ်။ ပေါလ်အော်စတာကိုလည်း ဆရာဒီနိုဗိုဘာသာပြန်မှပဲ သိတယ်။ ဒါဟာလည်း တိုက်ဆိုင်မှုပဲလား မသိဘူး။
ဒီလို ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုတွေ အကြောင်းရေးထားတဲ့ စာအုပ်ကို ဖတ်နေတုန်းမှာ ကိုယ်ဘဝမှာလည်း ထူးဆန်းလှတဲ့ တိုက်ဆိုင်မှု တစ်ခုဖြစ်သွားခဲ့တယ်။ အဲဒီတိုက်ဆိုင်မှုကြောင့် ကိုယ်ဘဝနေထိုင်မှုတွေ အကုန်ပြောင်းသွားတယ်။ ပြောင်းပစ်ဖို့လည်း ကိုယ်ဝံ့ဝံ့ရဲရဲ ဆုံးဖြတ်လိုက်နိုင်တယ်။ ဒါဟာ ဒီစာအုပ်ကပေးတဲ့ စွမ်းအားတစ်ချို့ကြောင့်လည်း ပါတယ်လို့ ကိုယ်ထင်တယ်။
#မယ်ကျွိ
ည ၁နာရီ ၁၂ မိနစ်
စက်တင်ဘာလ ၄ ရက် ၂၀၁၇
နယူးဒေလီမြို့။
(ဒီအညွန်းကို စာအုပ်ဖတ်ပြီး တော်တော်ကြာမှ ရေးနိုင်တယ်။)