မင်္ဂလာပါ . . .
မြန်မာတို့ရဲ့ "မင်္ဂလာပါ" ဆိုတဲ့ စကားဟာ ပြည့်စုံတယ်၊ လှပတယ်၊ ကျက်သရေရှိတယ်လို့ ခံစားရတယ်။ မြန်မာပြည်သူ၊ ပြည်သားတိုင်းဟာလည်း "မင်္ဂလာပါ" ဆိုတဲ့ စကားအသုံးကို နှစ်ခြိုက်စွာ သုံးစွဲခဲ့ကြတယ်၊ သုံးစွဲနေကြတယ်၊ နောင်လည်း သုံးစွဲကြဦးမှာ ဖြစ်ပါတယ်။
ဒီ "မင်္ဂလာပါ" နှုတ်ဆက်စကားကို နေ့စဥ်ရက်ဆက် အများဆုံး အသုံးပြုနေတဲ့ နေရာက စာသင်ကျောင်တွေလို့ ပြောလို့ရမယ်။ ဆရာ၊ ဆရာမတွေကို ကျောင်းသား၊ ကျောင်းသူ တပည့်တွေက "မင်္ဂလာပါဆရာ၊ မင်္ဂလာပါဆရာမ" လို့ နှုတ်ဆက်တာဟာ ကြားရသူအပေါင်း ပီတိဖြစ်ရတယ်။ ဒါ့ပြင် အမိကျောင်းတော်ကြီးကို အချိန်တန်လို့ စွန့်ခွာသွားရပေမဲ့ ဆရာဟောင်း၊ ဆရာမဟောင်းတွေကို ပြန်တွေ့တဲ့အခါ "မင်္ဂလာပါ" လို့ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြပြန်တယ်။
မင်္ဂလာပါဆရာမ . . .
ဆရာကြီးတိုက်စိုးရဲ့ "မင်္ဂလာပါဆရာမ" ဟာ အမေရိကန်နိုင်ငံသူ Frances Grey Patton ရဲ့ "Good Morning , Miss Dove" ဝတ္ထုကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ "မင်္ဂလာပါဆရာမ" ကို ပညာတန်ဆောင်မဂ္ဂဇင်းမှာ အခန်းဆက်ဘာသာပြန် အနေနဲ့ ထည့်ခဲ့ဖူးပါတယ်။ ပညာတန်ဆောင်ကပဲ "မင်္ဂလာပါဆရာမ " အထူးစာစဥ်အနေနဲ့ ထုတ်ဝေခဲ့ပါတယ်။ "မင်္ဂလာပါဆရာမ" ဝတ္ထုနဲ့ပဲ ဆရာကြီးတိုက်စိုးဟာ ၁၉၉၆ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန် - ရသ) ကို ရရှိခဲ့ပါတယ်။
ဒီဝတ္ထုထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ လေဘာတီဟီးမြို့ကလေးက ပထဝီဝင်ဘာသာပြ ဆရာမဓာဗရဲ့ ဘဝကို ရေးဖွဲ့ထားတယ်။ တကယ်တော့ ဓာဗဟာ ကနဦးအစမှာ သာမန်မိန်းမတွေလိုပဲ လင်ကောင်းသားကောင်းရ၊ သားသမီးတွေ တပျော်တပါးနဲ့ ပျော်ရွှင်နိုင်မယ့် သာမန်မိန်းကလေးတစ်ယောက်ပါ။ ဒါပေမဲ့လည်း ဖခင်ဖြစ်သူသေဆုံး၊ အကြွေးတွေ တပုံကြီး ကျန်ခဲ့ချိန်မှာတော့ သမီးအကြီးဆုံးဖြစ်သူ ဓာဗဟာ မိသားစုရဲ့တာဝန်ကို ထမ်းဆောင်ရဖို့ ဖြစ်လာတော့တယ်။ ဓာဗဟာ ဆရာမအဖြစ်နဲ့ အသက်မွေးမယ့် ဆရာမဓာဗ ဖြစ်လာတော့တာပေါ့။
ဆရာမဓာဗဟာ ဘယ်ကိစ္စကိုမှ ပိုတွက်လေ့မရှိ။ ဆရာမရဲ့ မျက်လုံးတွေက စူးရှတယ်။ အဲဒီမျက်လုံးတွေနဲ့ပဲ လူတစ်ယောက်ရဲ့ အတွင်းရေးကို တစ်လွှာပြီး တစ်လွှာ ဖောက်ထွင်းမြင်နိုင်တယ်။ ဆရာမကို လူတိုင်းက ကြောက်ရွံ့လေးစားကြတယ်။ ဒါပေမဲ့ အဲဒီကြောက်ရွံ့ခြင်းက လူတွေကို ထုံထိုင်းသွားစေတာမျိုးမဟုတ်။ ဆရာမကို ကြောက်တဲ့ ကြောက်ရွံ့မှုက ကျောင်းသားလူငယ်တွေမှာ စိတ်ဓာတ်ခွန်အား ဖြစ်စေတဲ့ ကြောက်ရွံ့လေးစားမှုမျိုး။
ဆရာမဓာဗက ဘဝပေးကြောင့် ကျောင်းဆရာမ ဖြစ်လာပေမဲ့ ကျောင်းဆရာမနဲ့ တူချင်သူ။ သူ့ရဲ့ ပထဝီဝင်စာသင်ခန်းကို ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စာမသင်ခင် ဆုံးမသြဝါဒစကား ဘယ်တုန်းကမှ မပြောဖူးဘူး။ ဆရာမက နှစ်စကတည်းက စည်းကမ်းတွေ၊ ဆုံးမစကားတွေကို ပြောပြီးသား။ ဘယ်သူကမှလည်း ဆရာမဓာဗရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို မဖောက်ကြ။ ဖောက်ရင်လည်း ဆရာမက တင်းကြပ်စွာ အပြစ်ပေးမယ်လေ။
ဒီလိုဆရာမကို အချိန်ကာလတွေ့ တရွေ့ရွေ့ပြောင်းကာ အရွယ်ရောက်လာတဲ့ တပည့်ဟောင်းတွေက တသသ သတိရနေဆဲ။ ဆရာမအိုကြီး ဓာဗဟာလည်း ပထဝီဝင်ခန်းထဲ မြေပုံကြီးချလို့ တပည့်တွေကို သင်ကြားပြသနေဆဲ။
ကျွန်တော်ကိုယ်တိုင်က ကျောင်းဆရာဖြစ်နေတော့ ဆရာဓာဗကို လေးစားမိတယ်၊ ဆရာမရဲ့ လုပ်ဆောင်ချက်တွေကို အတုယူရတယ်။
ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာလည်း ဆရာမဓာဗလို ဆရာ၊ ဆရာမတစ်ယောက်လောက်တော့ ရှိကြမှာပါ။ ဖတ်ရင်း သတိတရ အောက်မေ့မိစေမှာပါ။
ဆရာမဓာဗနှင့်အတူ ဆရာ၊ ဆရာမ အားလုံးကို ဦးထိပ်တင်၍ စိတ်ရင်းဖြင့် နှုတ်ဆက်ပါသည်။
"မင်္ဂလာပါဆရာမ"
Aung Thiha
#ဘာသာပြန်ဖတ်ညွှန်း
Publisher Name: ပညာတန်ဆောင်အထူးစာစဥ်