‘‘ဟိုးအရင် ကျွန်တော်တို့ငယ်ငယ်တုန်းက လူတွေကို လမ်းလေးခွဆုံတွင် ကြိုးပေးသတ်သည်။ သည်ဘက်ခေတ်မှာတော့ ဒီလိုမလုပ်ကြတော့ပါ’’
-
တကယ်တော့ ဒီစာအုပ်ကို ပြန်ဖတ်ဖြစ်တာ ကျိန်စာ ဆိုသော စာအုပ်ကြောင့်ဆိုလျှင်မမှားပါ။ ဆရာတင်မောင်မြင့် ဘာသာပြန်ထားသော ကျိန်စာ စာအုပ်ကို မျှော်လင့်တကြီးဖတ်ပြီးမှ ထင်သလို မဟုတ်သောကြောင့် အာသာပြေ ‘မမရေချယ်’ကို ပြန်ဖတ်မိတာ ဖြစ်သည်။
ဒီစာအုပ်မတိုင်ခင် ဒီဇာတ်လမ်းကို မဟေသီမှာလား၊ တခြားမဂ္ဂဇင်းတစ်ခုခုမှာလားမသိ အခန်းဆက်ပါလာသည်ကို စောင့်ဖတ်ဖူးသည်။ စာအုပ်ထွက်မှ ၀ယ်မည်ဆိုပြီး ၀ယ်ထားကာ လက်ထဲရောက်ပြီးလည်း မဖတ်ဖြစ်တော့။
တကယ်တော့ ကျွန်တော့်အနေဖြင့် စာအုပ်အဟောင်းများကို မက်မက်မောမော ဖတ်လေ့မရှိ။ အကြမ်းဖျင်း သိထားရုံလောက်သာ ဖတ်လေ့ရှိသည်။ တိတိကျကျ ပြောရလျှင် လူတောတိုးနိုင်ရုံသာ ဖတ်ထားသည်ပေါ့။
၁၀စုနှစ်တစ်နှစ်ကျော်ကွာတိုင်း ကွာတိုင်း ကျွန်တော်တို့တန်ဖိုးထားသော စံတွေ၊ ယုံကြည်မှုတွေက ကွာဟသွားတတ်သည်။
အထူးသဖြင့် အမျိုးသမီးတစ်ဦးအပေါ်ထားသည့်အမြင်တွေပါ။
ကျိန်စာမှာရော၊ မမရေချယ်မှာရော အမျိုးသမီးဇာတ်ဆောင်က အဓိက နေရာမှ ပါ၀င်ထားသည်။
ဒီခေတ်ဒီကာလတွင် အမျိုးသမီးတစ်ယောက်၏ စံနှုန်းသည် အရင်ခေတ်ကနှင့် မတူတော့။
အပြင်လောကတွင်ပြောင်းလဲလာသည်နှင့်အမျှ ၀တ္ထုတွေ၊ ရုပ်ရှင်တွေ၊ ကာတွန်းကားတွေကအစ အမျိုးသမီးတွေကို အရည်အချင်းနှင့်ပုံဖော်လာကြသည်။ ပြောရင်း ပြောရင်း လမ်းကြောင်းလွဲကုန်မည်မို့ မမရေချယ် ဇာတ်လမ်းကိုသာ ပြောတော့မည်။
My Cousin Rachel ဟု နာမည်ပေးထားသည့်အတိုင်း ၀မ်းကွဲအစ်မအကြောင်း။ ၀မ်းကွဲအစ်မဟု ဆိုပေမဲ့ ဘယ်နှ၀မ်းကွဲလည်း မသိ။ တကယ် တိတိကျကျ တော်စပ်ပုံက မရီးပင်။
အီတလီ ခရီးစဉ်မှာ အစ်ကိုဖြစ်သူနှင့် တွေ့ဆုံခဲ့သော မမရေချယ်။ အစ်ကိုဖြစ်သူဆုံးသွားပြီး အင်္ဂလန်ကျေးလက်ရှိရာအိမ်သို့ရောက်ရှိလာတဲ့ မမရေချယ်။
ပထမအကြိမ်ဖတ်တုန်းက ကျွန်တော့်အသက်က ၂၀ ပတ်ချာလည်။ ဒါကြောင့် အသက် ၂၅၀န်းကျင်ရှိတဲ့ ဖီးလစ်နှင့်အတူတူ မမရေချယ်ကို ရင်ခုန်သည်။ လတိုင်းစောင့်ဖတ်ရင်း အတွေးထဲမှာ မမရေချယ်က အဓိက စိုးမိုးသည်။ ဖီးလစ်လိုပင် မမရေချယ်ကို တစ်ကမ္ဘာလုံးပုံပေးလိုက်ချင်သည်။ ပြီးတော့ ဖီးလစ်နှင့်အတူတူပင် ယူကြုံးမရဖြစ်သည်။
အခုဖတ်ချိန်ကျတော့ ကျွန်တော့်အသက်၄၀ကျော်။ ဖီးလစ်နေရာကမခံစားတော့။ မမရေချယ်ကို ရင်မခုန်တော့။ မမရေချယ်က ကျွန်တော့်နှလုံးသွေးကို ပူနွေးအောင် မလုပ်နိုင်တော့။ ဒါပေမဲ့ ဖတ်ရတာတော့ အရသာရှိဆဲပင်။
ဒီတစ်ခါတော့ ကျွန်တော့်အမြင်က ဖီးလစ်ရဲ့ခေါင်းကိုင်ဖခင်နေရာကပေါ့။
နှိုင်းယှဉ်သင့်မသင့် မသိပေမဲ့ ဆရာတင်မောင်မြင့် ဘာသာပြန်တာချင်းအတူတူ မမရေချယ်ထဲက စာသားတွေက ပိုလတ်ဆတ်သည်။ ပို ကြွသည်။ ပိုနုရွ လှပသည်။ မူရင်းအရေးအသားချင်း ကွာလို့လည်း နေမည်လားမသိ။
ဘာပဲဖြစ်ဖြစ် မူရင်းက ၁၉၅၁ခုနှစ်ကတည်းက ထွက်ရှိခဲ့သည့်စာအုပ်တစ်အုပ်ပေမဲ့ ခုအချိန်အထိဖတ်လို့ အရသာရှိဆဲ။
#NMPK