အေးဆောင်
အရှေ့တို့ရဲ့အရှေ့
တိုးမြစ်စာအုပ်တိုက်၊
ပထမအကြိမ်၊ ၂၀ ဧပြီ ၂၀၁၉။
မျက်နှာဖုံးပန်းချီနှင့်ဒီဇိုင်း - ဇော်မောင်။
၁၃.၅ စင်တီမီတာ x ၂၀.၅ စင်တီမီတာ။
စာမျက်နှာ - ကမှဌ နှင့် ၂၁၇ ၊ တန်ဖိုး - ကျပ် ၃၅၀၀။
နိုဝင်ဘာ ၂၀၁၅ က ရေးသားထားသော စာရေးသူ၏ အမှာ၊ ဓာတ်ပုံအညွှန်းနှင့် အက္ခရာစဉ်အညွှန်း တို့ပါရှိ သည်။
'' တော်လှန်ရေးလမ်းစဉ်ဟာ ရှင်းလင်းပေမယ့် ရန်သူ ရဲ့လှည့်စား နှောင့်ယှက် ပရိယာယ်ဆင် တိုက်ခိုက်မှုတွေက ခရီးလမ်းကို ရှုပ်ထွေးဝေဝါးစေပါတယ်။ ဒါကြောင့် တော်လှန်ရေးအမြင်ရှိ၊ လမ်းစဉ်ရှိ၊ လူရှိလည်း ရန်သူပရိယာယ်ကို မချေဖျက်နိုင်က ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒီအချက်ကြောင့် မြန်မာပြည်တော်လှန်ရေးလှုပ်ရှားမှုဟာ ယခုအခါ အထိနာနေရပါတယ်။
တော်လှန်ရေးရဲ့လှုပ်ရှားမှုက ဖိနှိပ်သူတွေကို အောင်ပွဲ ခံခဲ့တာ ချည်းဖြစ်ပေမယ့် လူထုတော်လှန်ရေးအမြင် မတပ်ဆင်နိုင်ပါက ဖောက်ပြန်တဲ့အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကိုခံရတတ်ပြီး ကိုယ့်ရဲဘော်ရဲဘက်တို့ကို ဖဲ့ထုတ်ဖြိုချခံရတတ်တာကို ဒီစာအုပ်က ရှင်းပြနိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။'' ဟု စာရေးသူ၏အမှာ၌ ဖော်ပြထားသည်။
'' တကယ့် လက်တွေ့ကြုံရတဲ့ အဖြစ်အပျက်မှတ်တမ်း - အရှေ့တို့ရဲ့အရှေ့၊ နောက်တန်းကဗမာတစ်ယောက် စာအုပ်အဆက်။ ဖေဖော်ဝါရီ ၁၄၊၂၀၀၉ မှာစရေးတယ်။'' ဟုလည်း အဖွင့်စာမျက်နှာ၌ ဖော်ပြထားသည်။
အလံနီ ( RF ) UG တစ်ဦးဖြစ်ပြီး ၁၉၇၄ ဦးသန့်အရေး အခင်းပြီးသည့်နောက် တောင်ငူမြို့တွင် အဖမ်းခံရကာ တရားစွဲခံရ ၍ အာမခံဖြင့် လွှတ်ထားစဉ် ဝရမ်းပြေးရင်း အက်စ်အက်စ်အေ နှင့် ကရင်နီ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံရောက်ရှိသွားသူဖြစ်သည်။ ထိုအဖွဲ့များမှ ထွက်ကာ ၁၉၈၃ ခုနှစ်အတွင်း မယ်ဟောင်ဆောင်၌ ပန်းခြံအလုပ်သမားလေးဘဝဖြင့် ရပ်တည်ရင်း လွတ်မြောက်ရေးစာစဉ် ထုတ်ဝေ၍ အဆက်အသွယ်ရှာဖွေခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေး အတွက် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( PLF ) ကိုတည်ထောင်သည်။ ၁၉၈၈ အရေးတော်ပုံကြီးပြီးသည့်နောက် ကေအင်န်ယူ၏ မယ်ထရိစခန်း၌ အခြားသောတိုင်းရင်းသား လက်နက်ကိုင် ၂၂ ဖွဲ့နှင့်အတူ မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် Democratic Alliance of Burma ( DAB ) ကို ဖွဲ့စည်းခဲ့ရာ စည်းရုံးရေးနှင့် ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးအဖြစ်ရွေးချယ်ခံခဲ့ရသည်။
ကေအင်န်ယူဗဟိုဋ္ဌာနချုပ်ရှိရာ မာနယ်ပလော၌ တော်လှန်ရေးဒီရေတက်ချိန် အဖွဲ့အစည်းအသီးသီးတို့၏လှုပ်ရှားဆောင်ရွက်ပုံ၊ အချင်းချင်းရှုမြင်သုံးသပ်ပုံတို့ကို ရေး သားထားသည်။ မာနယ်ပလော ကျသွားပြီးနောက် မဲဆောက်နိုင်ငံရေး ရုပ်ပုံလွှာတို့ကိုလည်းရေးဖွဲ့ပြထား သည်။
တစ်ခေတ်တစ်ခါက လေလှိုင်းထဲမှ နေ့စဉ်ကြားသိနေရသော သမိုင်းဇာတ်ကောင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ဘရန်ဆိုင်း၊ နိုင်ရွှေကျင်၊ ဗိုလ်ချုပ်သွင်၊ ဦးတင်မောင်ဝင်း၊ နိင်ဟံသာ၊ ဗိုလ်မှူးခွန်ဥက္ကာ၊ ဆလိုင်း မျိုးအေး၊ ဗိုလ်မှူးကြီးဇော်ဆိုင်း၊ ဗိုလ်ချုပ်ဇော်မိုင်၊ ဗိုလ်ချုပ်တာမလာဘော၊ ဒေါက်တာတူးဂျာ၊ ဒေါက်တာနိုင်အောင်၊ ဖဒိုဒေးဗစ်တာကပေါ၊ ဖဒိုမန်းရှာ၊ ဖူးစကော လယ်တော၊ မိုးသီးဇွန်၊ မန်းရှာလာဖန်း၊ ဒေါက်တာစိန်ဝင်း၊ ဦးဝင်းခက် စသည့် အဖွဲ့အစည်းအသီးသီးတို့မှ ခေါင်းဆောင်တို့၏ တော်လှန်ရေးအပေါ်ထားရှိသည့် သဘောထားတို့ကိုလည်းရေးခြယ်ထားသည်။
'' ယုံကြည်တာကိုလုပ်ရင်း ရလာတဲ့ ဒုက္ခဟာ မယုံကြည်ဘဲ လုပ်လိုက်လို့ရတဲ့သုခထက် ပိုချိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ အမှောင်က ပိုနက်လေ ပိုးစုန်း ကြူးရဲ့အလင်းက ပိုလက်လေပါပဲ။ သေးမွှားတဲ့ တော်လှန်ရေးလှုပ်ရှားမှုလေးဖြစ်ပေမယ့် ပြင်းထန်တဲ့ ဖိနှိပ်မှုအောက်မှာ တောက်ပြောင်တဲ့ အလင်းကို ပေးနေမှာပါ ပဲ။ တော်လှန်ရေးထက် မြင့်မြတ်သည့်အရာသည် မရှိ။ '' ( စာမျက်နှာ ၂၁၁ မှ ) ဟု ဆိုထားပါကြောင်း။
မိုးမင်းသိမ်း
၃၀ ဧပြီ ၂၀၁၉
Publisher Name: တိုးမြစ်စာအုပ်တိုက်
Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317
Publisher Phone Number: 09449523317