မွန်းကျပ် လှောင်ပိတ်နေတဲ့ ခံစားချက်တွေကို မြင်ပီး ကျွန်တော်ဟာ အဆိပ်ကို အဆိပ်နဲ့ ဖြေရတယ်ဆိုတဲ့ စကားကို သဘောပေါက်လာခဲ့တယ် ..
ခေတ်ပျက်ကာလကြီးရဲ့ အလုပ်အကိုင် ရှားပါးမှု ၊ အရင်းရှင်တွေရဲ့ ဂုတ်သွေးစုပ်မှုကြောင့် စား၀တ်နေရေး ကျပ်တည်းပီး ငတ်မွတ်ခေါင်းပါးတဲ့ ဘေးကို ကြုံတွေ့ ခံစားလိုက်ရတဲ့ မိသားစု တစ်စုအကြောင်း .. ဆိုပေမယ့် ဒါဟာ အဲ့ခေတ်အခါတုန်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ အလုပ်သမား လူတန်းစားတွေရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကိုလည်း မှန်းကြည့်လို့ရတယ် .. ( ဒီစာအုပ် ဖတ်ကြည့်ပီးရင် အဲ့ထက်လည်း ဆက်တွေးလို့ရတယ် )
၁၉၅၅ ခုနှစ်မှာ စာပေဗိမာန် ဘာသာပြန်ဆု ရရှိခဲ့တဲ့ ဒီစာအုပ်ရဲ့ သမိုင်းဟာလည်း မသေးခဲ့ဘူး .. အသားစက်လုပ်ငန်းမှာ လုပ်ရင်း စက်ကြီးထဲ ကျသွားတဲ့ လူတွေကိုပါ ရောကြိတ်ပီး စားသောက်ကုန်လုပ်ကြတယ်ဆိုတဲ့ အကြောင်းကို ဒီထဲမှာ ရေးပြလိုက်တော့ အမေရိကန်သမ္မတ ရုစဗဲ့ကိုယ်တိုင် စစ်ဆေးရေးအဖွဲ့လွှတ်ပြီး စုံစမ်းရတဲ့ အမေရိကန်ပြည်မှာ ဂယက်ရိုက်သွားသော ကမ္ဘာကျော် ၀တ္ထုပဲဖြစ်တယ်လို့ ပိုစ့်တစ်ခုမှာ တွေ့ခဲ့ရဖူးတယ် ..
နှစ်ပဲ ခြောက်ပြားတန် အလုပ်လေးတစ်ခုရဖို့အရေး ရှာလိုက်ရတဲ့ အလုပ်တွေ ၊ ရလာပြန်ရင်လည်း အလုပ်ကနေ ထွက်မသွားရဖို့အရေး ပေးဆပ်လိုက်ရတဲ့ ဘ၀တွေကို မြင်ရတာ ရင်ထဲ မချိသာ ..
အေးစက်နေတဲ့ ရာသီဥတုကို အန်တုပီး အလုပ်ရှိရာကို သွားတော့ လမ်းမှာ သွေးခဲပြီး လက်ဆစ်တွေတောင် ကြွေကျတဲ့ အကြောင်းတွေ ၊ ဆိုးရွားလွန်းတဲ့ ရာသီဥတုမှာ ခိုနားစရာ နေရာမရှိလို့ အဆောက်အဦတချို့ရဲ့ လှေကားထစ်တွေမှာ တိုးဝှေ့ပီး အိပ်ရတဲ့ အဖြစ်တွေ ..
ဒီစာအုပ်ထဲမှာ အဓိက ဇာတ်ကောင် ယူရဂီထက် ကျွန်တော့် စိတ်နှလုံးကို စိတ်မကောင်းခြင်းကြီးစွာဖြစ်အောင် ကိုင်လှုပ်နိုင်ခဲ့တာကတော့ ကလေးငယ်လေး စတန်နီပဲ ဖြစ်တယ် .. အမဲသားဘူးရုံမှာ ကြွက်တွေဝိုင်းကိုက်လို့ အရိုးစုမျှသာ ကျန်တော့တဲ့ စတန်နီလေးရဲ့ အဖြစ်ကိုမြင်တော့ မျက်ရည်တောင် ဝဲတက်သွားခဲ့တယ် ..
ဒီစာအုပ်ဟာ ဒီကာလမှာဖတ်ရင် နာကျင်ခြင်းရဲ့ အနက်အဓိပ္ပာယ်ကို သင် ပိုပြီး နားလည်သွားလိမ့်မယ် .. ပြီးတော့ အဆိပ်ကို အဆိပ်နဲ့ ဖြေလို့ရပါလားဆိုတဲ့ အတွေးလည်း ၀င်သွားလောက်တယ် .....
#စာညွှန်းအိမ်
#PyaeArKar