စာအုပ်အမည်_သိမ်းငှက်လူသား
ဘာသာပြန်_ကျော်စွာ(ဆေး-၂)
မူရင်းစာအုပ် _Maximum Ride _ The Angel Experiment
မူရင်းစာရေးဆရာ _James Patrerson
မျက်နှာဖုံး _ သိုးထိန်း
ထုတ်သည့်တိုက် _Exit (ငါတို့စာပေ)
ထုတ်သည့်နှစ် _ဖေဖေါ်ဝါရီ ၊ ၂၀၁၉(ပထမအကြိမ်)
စာမျက်နှာ _၅၂၁
တန်ဖိုး _၆၀၀၀
ဒီစာအုပ် ဖတ်နေရင်း တွေးမိတာတစ်ခုကို ကိုယ့်ဘာသာ သဘောကျနေမိတယ် ။ အသက် ၁၈ နှစ်အောက် ကလေးများ မဖတ်ရတဲ့ စာအုပ်တို့ ၊ မကြည့်ရတဲ့ ရုပ်ရှင်တို့ ဆိုတာကိုပါ ။ ကလေးတွေ အတွက် ဖတ်ရမယ့် စာအုပ် ၊ ကြည့်ရမယ့် ရုပ်ရှင်တွေဟာ အကန့်အသတ် ရှိနေပြီး ကျွန်တော်တို့လို လူကြီးတွေအတွက် ကန့်သတ်ချက် ဘာမှ မရှိဘူး ဆိုတော့ လူကြီးတွေဟာ အလိုလို လိမ္မာပြီးသူတွေ ကျနေတာပဲလို့ ။ ၁၈နှစ် မပြည့်သေးတဲ့ ကလေးတွေ ခမျာ ခွဲခြားဆက်ဆံခြင်း ခံရတယ်လို့ ထင်မိတာပါပဲ ။ ????????????
အသက် ၄၀ကျော်ပြီးမှ သူငယ်ချင်းတွေ ကောင်းမှုနဲ့ ပါစီဂျက်ဆန် ၊ မှော်လက်စွပ် ၊ ဟယ်ရီပေါ်တာ စာအုပ်တွေ (ကောင်းမြတ်လွန်းသော် ဘာသာပြန် ) ဖတ်ရတယ် ၊ ကြိုက်လည်း ကြိုက်တယ် ။
ငယ်ငယ်က ဖတ်ရတဲ့ ကာတွန်းအောင်ရှိန် ရေးတဲ့ ဖိုးစိတ်တိုနဲ့ မျောက်ညို ၊ ဦးကပ်စီး နဲ့ ခင်မောင်သိန်းထွန်းဝင်း ၊ ရှံစား ဒိန်းဒေါင် ၊ ကာတွန်း မောင်လွင် ရေးတဲ့ ငတက်ဖျား ၊ ကာတွန်း အောင်မြင် ရေးတဲ့ ကြံဗဟုံး ၊ ဇဝန ရေးတဲ့ ဆိုးပေ စတဲ့ စာအုပ်တွေကို ဖတ်ရသလိုပဲ ။
အခုအရွယ်ထိလည်း ကာတွန်းတွေ ကလေးဇာတ်ဆောင်တွေ ပါတဲ့ စာအုပ်တွေကို ဘယ်နေရာမှာပဲ တွေ့တွေ့ ဖတ်ဖြစ်နေတုန်းပဲ ။ အဲလို စာအုပ်တွေ ဖတ်တဲ့အတွက် ဘယ်သူကမှ မင်းအရွယ်နဲ့ ဒါတွေ ဖတ်ရသလား ဆိုပြီး ပြောမယ့်သူ မရှိဘူး ။
ကျွန်တော်တို့ရဲ့ နေ့စဉ် လူမှုဘဝဟာ ရိုးရှင်းလွန်းတယ် ။ ပြဿ နာတွေ အခက်အခဲတွေ ရှိပေမဲ့ များသောအားဖြင့် ရိုးရှင်းတဲ့ အတွေ့အကြုံတွေပဲ ကြုံကြရတယ် ။ ပါစီဂျက်ဆန် တို့ ဟယ်ရီပေါ်တာ တို့ သိမ်းငှက်လူသား တို့လို ဇာတ်လမ်းတွေဟာ ရိုးရှင်းလွန်းတဲ့ ကျွန်တော်တို့ရဲ့ နေ့ရက်တွေကို အံ့ဖွယ်ကမ်ဘာထဲ ပို့လိုက်သလိုပါပဲ ။
အခု သိမ်းငှက်လူသား ဇာတ်လမ်းထဲက ဇတ်ကောင်တွေက ဟယ်ရီပေါ်တာ ၊ ပါစီဂျက်ဆန် တို့လိုပဲ ဆယ်ကျော်သက် ကလေးတွေကို အဓိက ဇာတ်ဆောင် ထားပြီးရေးထားတယ် ။
သိပ္ပံပညာရှင် ဆိုသူတွေက ဓာတ်ခွဲခန်းထဲမှာ လူသား ကလေးငယ်တွေရဲ့ ကိုယ်ထဲကို ငှက်မျိုးရိုးဗီဇ ထည့်သွင်းပြီး စမ်းသပ်ကြတယ် ။ သာမန်လူတွေလို တွေးတောနိုင်စွမ်း ၊ စကားပြောနိုင်စွမ်း ၊ စာဖတ်နိုင်စွမ်း ရှိကြတယ် ။ ဆယ်ပေကျော်တဲ့ တောင်ပံတွေ ရှိတာတော့ အပိုဆုပေါ့ ။ မက်စ် ၊ ဖန်းဂ် ၊ နပ်ဂျ် ၊ အစ်ဂီ ၊ ဂတ်ဇီ ၊ အိန်ဂျယ် ဆိုတဲ့ ကလေး ၆ယောက်က သိမ်းငှက်လူသား ကလေးတွေပေါ့ ။
ဓာတ်ခွဲခန်းလိုလို ၊ ထောင်လိုလို နေရာက လှောင်အိမ်တွေထဲမှာ သူတို့ ရှင်သန်နေထိုင်ကြရတယ် ။ အစမ်းသပ် ခံကြရတယ် ။ အဲဒီနေရာက မက်စ် အပါအဝင် သိမ်းငှက်လူသား ကလေးငယ် ၆ယောက်က ထွက်ပြေးလာကြတယ် ။ သူတို့နောက်ကို သူတို့လိုပဲ မျိူးဗီဇ ပြောင်းထားတဲ့ ၊ သိမ်းငှက်လူသား ထက် သန်မာတဲ့ ကြမ်းတမ်းတဲ့ ဝံပုလွေမုဆိုးတွေက (မြန်မာလိုဆို သမန်းဝံပုလွေ ခေါ်မှာပေါ့) လိုက်လံ ဖမ်းဆီးကြတယ် ။
မက်စ် အပါအဝင် သိမ်းငှက်လူသား ကလေးတွေ သူတို့ရဲ့ လွတ်မြောက်ရာကို အခက်အခဲတွေ ကြားထဲက ဘယ်လို ရုန်းထွက် ရှာဖွေကြသလဲ ဆိုတာ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ် ။ ဒီစာအုပ် က Maximum Ride Series ထဲက အတွဲ ၁ လို့ ဆိုပါတယ် ။ ကျန်တဲ့ အတွဲတွေလည်း သိပ်မကြာခင် ထွက်လာမယ်လို့ မျှော်လင့်မိပါတယ် ။
kyaw kyaw lwin(2:00 pm, 12.2.2019)
Publisher Name: Exit Books
Publisher Address: ဖုန်း - 0973055543 We Distribution - 09250091913
Publisher Phone Number: ဖုန်း - 0973055543 We Distribution - 09250091913