ဖိုးနိုင်လင်း
ထီပေါက်သူ
Rosemary Border ၏ The Lottery Winner ကို
ဘာသာပြန်သည်။
တိုးမြစ်စာအုပ်တိုက်၊
ပထမအကြိမ်၊ ၁၅ ဇူလိုင် ၂၀၁၉။
မျက်နှာဖုံးပန်းချီနှင့်ဒီဇိုင်း - ဇော်မောင်။
၁၁.၇ စင်တီမီတာ x ၁၈.၃ စင်တီမီတာ။
စာမျက်နှာ - က မှ ဋ္ဌ နှင့် ၅၅ ၊ တန်ဖိုး - ကျပ် ၁၅၀၀။
အောက်စဖို့တက္ကသိုလ် မှ ထုတ်ဝေသော Bookworms စာစဉ်အတွက် ၁၉၉၇ ခုနှစ်တွင် ဗြိတိသျှစာရေးဆရာမ ကြီး ရို့စ်မေရီဘော်ဒါ ရေးသားခဲ့သည့် အခန်း ၇ ခန်းပါ ဝတ္ထုကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
စနေနေ့ နေ့လယ်ခင်းတစ်ခုဝယ် မြို့လေးတစ်မြို့ရှိ ဖိနပ်ဆိုင်အတွင်းမှ ထွက်လာသည့် အသက် ၇၃ နှစ်အရွယ် အဘွားအိုတစ်ဦး။ အပေါစားဖိနပ်တစ်ရန်ဝယ်ယူပြီး ကျေနပ်ကာ အိမ်သို့ပြန်လာစဉ် သူ့အိတ်ကိုရိုက်လုခံ လိုက်ရ။ အပေါစားအိတ် အဟောင်းထဲတွင် ပါသွား သည်က ငွေ ၂ ပေါင် ၇၄ ပဲနိ နှင့် ထီလက်မှတ်တစ်စောင်။
'' ငါက စနေနေ့တိုင်း ထီတစ်စောင် တစ်စောင် အမြဲထိုး တယ်လေ။ ညနေဆို ရုပ်မြင်သံကြားမှာ ထီဖွင့်တာကို ကြည့်တာပေါ့။ ထီထိုးတိုင်းလည်း နံပါတ်တွဲ တစ်ခု တည်းကိုပဲ အမြဲထိုးလာတာ။ ၅ - ၁၂ - ၂၃ - ၂၄ - ၃၈ - ၄၁ နံပါတ်တွဲကိုပဲ အမြဲထိုးတာကွယ့်။ ဒီနံပါတ်တွေက ငါ့အဖို့ရာမှာ အရေးကြီးတဲ့ ဂဏန်းလေးတွေလေကွယ်။ ငါက ၁၉၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ မွေးတာလေ။ ပြီးတော့ကာ ဆင်းဒဝစ်လမ်း၊ အိမ်နံပါတ် ၂၄ မှာ နေလာ တာ ၃၈ နှစ်ရှိပြီ။ နောက်ပြီးတော့ ....'' ( စာမျက်နှာ ၄ မှ )
အဘွားကြီးရိုက်လုခံလိုက်ရသော အိတ်ကြီးထဲမှ ထီ လက်မှတ်မှာ စတာလင်ပေါင် ငါးသန်းဆုကြီးပေါက်သည့် ထီလက်မှတ် ဖြစ်နေသည်။
'' ထီလေအမေ။ ထီပေါ့။ ဒီအပတ် ထီပေါက်တာ ကျွန်တော်လေ။ ဒီမှာကြည့်စမ်း။ ဂဏန်းအားလုံး ကျွန်တော့်နံပါတ်တွေ ချည်းပဲ။ ကျွန်တော်ချမ်းသာပြီဗျ '' ( စာမျက်နှာ ၁၀ မှ ) ဟု အဘွားကြီး၏အိတ်ကို ရိုက်လုသွားသူ ဂျေဆန်ဝီလျံက သူ့မိခင် လီလီဝီလျံကို ပြောပြသည်။
အဘွားကြီးအမ်မာကာတာ က ဂျေဆန်ဝီလျံကို အမှုဖွင့် လိုက်သည်။ အဘွားကြီးနှင့် ဂျေဆန်ဝီလျံတို့ ရှေ့နေအ သီးသီး ငှားရမ်းကြရသည်။
ဂျေဆန်ဝီလျံကို စွန့်ပစ်ထားခဲ့သည့် ဇနီးသည် ဖီယိုနာဂျေဆန်ကလည်း ပေါင် နှစ်သန်းခွဲရလိုမှုအတွက် ရှေ့နေကောင်းကောင်း ငှားရမ်းသွားမည်ဟု ပြောဆိုနေ သည်။
ရှေ့နေငှားရမ်းခနှုန်းထားတို့မှာ ကြီးမြင့်လှသည်။
'' ကျွန်မ ရှင့်ကို ပြောထားပြီးသားနော်။ ရှေ့နေဆိုတာ စျေးကြီးတယ်။ ပြီးတော့ ကျွန်မက ရှင့်အတွက် အလုပ်တွေ အများကြီးလုပ်နေရတာ။ ရှင့်ချက်လက်မှတ်က တရားရုံးရောက်နေလေတော့ ခုချက်ချင်း ရှင်မပေးနိုင်ပေမယ့် ကျွန်မစောင့်နိုင်ပါတယ်လေ''
( စာမျက်နှာ ၃၁ မှ ) ဟု ဂျေဆန်ဝီလျံ ၏ရှေ့နေ
ဆယ်လီကက်ရ်ှကလည်း ပြောဆိုနေသည်။
စတာလင်ပေါင် ငါးသန်းဆုကြီးကို မည်သူက အမှန် တကယ် ရရှိသွားပါမည်နည်း။
မိုးမင်းသိမ်း
၄ စက်တင်ဘာ ၂၀၁၉
Publisher Name: တိုးမြစ်စာအုပ်တိုက်
Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317
Publisher Phone Number: 09449523317