The Outliers စာအုပ်ဟာ Malcolm Gladwell ရဲ့ တတိယမြောက်စာအုပ်ဖြစ်ပါတယ်။ နယူးယောက်တိုင်းမ်မဂ္ဂဇင်းရဲ့ အရောင်းရဆုံးစာအုပ်အဖြစ် သီတင်းပတ် ၅၆ပတ်ကြာအောင်ရပ်တည်ခဲ့တဲ့စာအုပ်လည်း ဖြစ်ပါတယ်။
Outlier ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို တွေ့နေမြင်နေကျသိမြင်နားလည်ထား
မှုတွေနဲ့ မကိုက်ညီဘဲ သာမန်ဖြစ်ရိုးဖြစ်စဉ်တွေရဲ့ အပြင်မှာရှိနေတဲ့အရာ၊ ထူးထူးခြားခြားသိသိသာသာ တန်ဖိုးကွဲပြားသူ၊ တန်ဖိုးကွဲပြားနေတဲ့အရာ (မူရင်းစာအုပ်ပါအင်္ဂလိပ်စာအရ
1. something that is situated away from of classed differently from a main of related body, 2. a statistical observation that is makedly different in value from the other of the sample) လို့ ဖွင့်ဆိုထားပါတယ်။
ဒီစာအုပ်ကို စိတ်ဝင်စားဖို့ကောင်းပြီး ဖတ်သင့်ဖတ်ထိုက်တဲ့ ကမ္ဘာကျော်
ဂန္ထဝင်သုတစာပေတစ်ခုအနေနဲ့ မှတ်ယူနိုင်သလို အောင်မြင်မှုနဲ့ပတ်သက်တဲ့ ခေတ်မီသုတေသန ကျမ်းတစ်စောင်အနေနဲ့လည်း မှတ်ယူနိုင်ပါတယ်။
စိတ်ပညာ၊ သမိုင်းပညာ၊ မနုဿဗေဒ၊ ဒဿနိကဗေဒ၊ ပညာရေး၊ လူမှုဗေဒ၊
လူမှုသိပ္ပံဆိုင်ရာ လေ့လာစမ်းစစ်ချက်များနဲ့ တွေ့ရှိချက်များအပေါ်မူတည်ပြီး လူတစ်ဦးချင်းအလိုက်သော်လည်းကောင်း၊ အဖွဲ့အစည်းကုမ္ပဏီအလိုက်သော်လည်းကောင်း လူမျိုးစုတစ်ခုချင်းစီအလိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်အသီးသီးမှာအောင်အောင်မြင်မြင်ရပ်တည်နိုင်ဖို့အတွက် လိုအပ်တဲ့ ထည့်သွင်းစဉ်းစားစရာ အချက်အလက်တွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
အဓိကအားဖြင့် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာနိုင်ဖို့ ဘဝပေးအခွင့်အလမ်း
အခြေအနေများရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ မိမိမှာ စွဲမြဲခိုင်မာနေတဲ့ လူမျိုးရေးဆိုင်ရာ
ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ အမူအကျင့်တွေကို ခေတ်နဲ့လျော်ညီအောင် ပြုပြင်သွားနိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီစာအုပ်မှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
အကြောင်းအရာအားဖြင့်လည်း ကမ္ဘာအနှံ့ခြေဆန့်ပြီး အသေးစိတ်လေ့လာထားသလို သမိုင်းအချက်အလက်၊ ဘာသာဓလေ့၊ ပညာရပ်ဆိုင်ရာ ကဏ္ဍအစုံအလင်ကိုစနစ်တကျလေ့လာသုံးသပ်ပြီး သူ့ရဲ့ ထင်မြင်သုံးသပ်ချက်တွေကို တိတိကျကျ ရေးဖွဲ့ထားတာဖြစ်တဲ့အတွက် ဗဟုသုတအားဖြင့်လည်းကောင်း၊အတွေးအမြင်အားဖြင့်လည်းကောင်း၊ ရသအားဖြင့်လည်းကောင်း အထူးတလည် အကျိုးကျေးဇူးများစေနိုင်တဲ့
စာအုပ်မျိုးလည်း ဖြစ်ပါတယ်။
အထူးအားဖြင့် လူငယ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရေးနည်းများ၊
အောင်မြင်မှုအတွက် ပညာရေးကဏ္ဍရဲ့ အထူးအရေးပါပုံတွေကို စနစ်တကျ တင်ပြထားတာကိုလည်း ဖတ်ရှုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
မူရင်းစာရေးသူရဲ့ အရေးအသားပုံစံဟာ စာဖတ်သူနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီးရှင်းပြနေသလို စကားပြောအရေးအသားမျိုး ဖြစ်ပါတယ်။ စာရေးသူဟာ အကြောင်းအရာတစ်ခုခုကို ရှင်းပြရာမှာ ဥပမာ ဥပမေယျ ခိုင်ခိုင်လုံလုံနဲ့ ကျိုးကြောင်းဆီလျော်အောင် ၊ပြီးတော့ နားဝင်လွယ်အောင် ရှင်းပြနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စာရေးသူပေးတဲ့ ဥပမာအကြောင်းခြင်းရာတွေကလည်း စာဖတ်သူတွေအတွက် ဗဟုသုတ၊
အတွေးအမြင်သာမက နက်နက်ရှိုင်းရှိုင်းစဉ်းစားတွေးခေါ်မှုတွေကိုလည်း လှုပ်နှိုးစေ့ဆော်နိုင်တာကို တွေ့ရပါတယ်။
ပြီးတော့ မူရင်းစာရေးသူရဲ့ သုံးသပ်ချက်တွေထဲမှာ လူတစ်ဦးချင်းတစ်ယောက်ချင်းအတွက် အောင်မြင်မှုတွေကို သုံးသပ်တင်ပြထားနိုင်ရုံမျှမက၊ အောင်မြင်တဲ့သူတွေအမြောက်အမြား ထွက်ပေါ်နိုင်ဖို့အတွက် အခြေအနေ အခင်းအကျင်းသစ်တွေကို ဖန်တီး
ပေးနိုင်ဖို့လည်း တိုက်တွန်းထားပါသေးတယ်။