အထက်တန်းကျောင်းသူလေးတစ်ယောက် အသတ်ခံရတယ်။
အသတ်ခံရတဲ့ကောင်မလေးဟာ လက်တွေ၊ ခြေတွေ၊ ခေါင်းတွေကို တစ်စစီ ခုတ်ဖြတ်ခံရပြီး ရပ်ကွက်လမ်းကြားတစ်ခုက အမှိုက်ပုံးထဲ ပစ်ထားခံရတယ်။ ကောင်မလေးဟာ အထက်တန်းကျောင်းသူ ဖာပေါက်စအုပ်စုတွေထဲက တစ်ယောက်လို့ လတ်တလော ခန့်မှန်းထားတယ်။ လိင်ပိုင်းဆိုင်ရာလည်း အနိုင်ကျင့်ခံထားရတာဖြစ်ဖို့ များတယ်တဲ့။
ဒီသတင်းကို ဖတ်နေသူက ခန်းဂျီး။
ခန်းဂျီးဆိုတာ လိင်ခရီးသွားတွေကို လမ်းညွှန်လုပ်ပေးတဲ့၊ အသက် နှစ်ဆယ့်ပြည့်ခါကာစ လိုင်စင်မဲ့ ဧည့်လမ်းညွှန် လူငယ်လေး။ ဒီဝတ္ထုထဲက အဓိက ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်တယ်။ သူက ဆန်းပြားတဲ့ဖျော်ဖြေမှုတွေ၊ အနှိပ်ခန်းတွေ၊ လိင်ဖျော်ဖြေပေးတဲ့ သီးသန့်ဘားခန်းတွေ၊ ချောင်းကြည့်ရှိုးတွေ၊ ဖော်ချွတ်ကလပ်တွေ၊ ဖုန်းဆက်ခေါ်လို့ရတဲ့ အပျော်မယ်တွေ၊ ဂေးနဲ့ လက်စဘီယန်ကလပ်တွေဆီ နိုင်ငံခြားသား လိင်ခရီးသွားတွေ ပို့ဆောင်ပေးတယ်။ နာရီနဲ့ လူအရေအတွက်ပေါ် မူတည်ပြီး သူ စျေးယူတတ်တယ်။
တဏှာမြေပုံတို့၊ လိင်ကလပ်အမှတ်အသားတို့ကို နားလည်ကျွမ်းကျင်တဲ့ လိင်ခရီးသွားတွေကတော့ သူ့ကို မလိုအပ်ဘူး။ မလုံ့တလုံ့ ဝတ်စားထားတဲ့ လမ်းပေါ်က ရွှေကြို/ ဖာဆွယ်တွေနဲ့ စကားကောင်းကောင်း ပြောတတ်ရင်လည်း သူ့ကို မလိုဘူး။ လိင်အဘိဓာန်ကို ကောင်းကောင်း ကျွမ်းကျင်နေရင်လည်း သူ့ကို မလိုအပ်ဘူး။ ဒါပေမယ့် ခရီးသွားအများစုဟာ အလုပ်ကိစ္စနဲ့ လာပြီး လိင်ကိစ္စကို အပန်းပြေရုံသာ လုပ်ကြတာမို့ သူ့လို ဧည့်လမ်းညွှန်ကို လိုအပ်သူတွေက အများသား။
သူ့ရည်မှန်းချက်က ငွေလေး အတော်အတန် စုမိရင် အမေရိကား သွားဖို့ပဲ။ ဂျပန်က တခြားမြို့တစ်မြို့မှာ အထည်ရောင်းနေတဲ့ သူ့မိခင်ကတော့ သူ့သားဟာ ကောလိပ်တက်ဖို့ ပြင်ဆင်နေတယ်လို့ ထင်နေတယ်။
ခန်းဂျီးမှာ အထက်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် ရှိတယ်။ စချစ်ကာစက တွေ့တာနဲ့ အကြိမ်ကြိမ် ဆက်ဆံတတ်ကြတဲ့အထိ ချစ်ကြတဲ့နှစ်ယောက်ဟာ နောက်ပိုင်းကျ တခြားသော ကိစ္စတွေကို အတူတူ လုပ်ကိုင်ရင်း တည်ငြိမ်စွာ ဖြတ်သန်းဖြစ်လာကြတယ်။ ထားပါတော့။
နှစ်သစ်ကူးနေ့ မတိုင်ခင် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ လိင်ခရီးသွားတစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ ညှိလိုက်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတယ်။ ဖုန်းဆက်လာသူနာမည်က ဖရန့်ခ်။ အမေရိကန်နိုင်ငံသားတဲ့။ ဖရန့်ခ်က လိင်ကိစ္စမှာ သူ့ကိုယ်သူ ငထန်လို့ ဝန်ခံတယ်။ သူက တဏှာစူပါမန်းဆိုပဲ။
ခန်းဂျီးဟာ သူဖတ်မိထားတဲ့သတင်းကို ခေါင်းထဲကနေ မထုတ်နိုင်ဘူး။ ဒီကြားထဲ ဖရန့်ခ်ဆိုတဲ့ငနဲက လူလိမ် ဖြစ်နေတယ်။ မလိုအပ်တာတွေကို လူအထင်ကြီးအောင် လျှောက်ပြောလွန်းပြီး ရှေ့နောက် စကားတွေ မညီတော့ ခဏတွင်းချင်းမှာပဲ ဒီလူက လူလိမ်လို့ ခန်းဂျီး တွေးမိနေတယ်။ ပိုဆိုးတာက အထက်တန်းကျောင်းသူ ဖာပေါက်စလေးကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားဟာ ဒီလူများလားလို့ စိတ်ထဲ မရိုးမရွ ထင်နေမိတာပဲ။
ဖရန့်ခ်မှာ အထီးကျန်စိတ်၊ ဝမ်းနည်းစိတ်နဲ့ ဒေါသလွန်စိတ်တွေ များနေတာ ခန်းဂျီး သတိထားမိတယ်။ ဒီလိုဖြစ်နေတဲ့ လူတွေဟာ အန္တရာယ်ကောင်တွေမို့ ဒီလူကို လူသတ်သမားထင်မိတာ သူ မလွန်ဘူးလို့ ယူဆတယ်။ ခဏအကြာမှာပဲ ဒီလူက ဒီလောက်ထိ ရက်စက်သူ မဖြစ်နိုင်ဘူးလို့ သူ ထင်နေမိပြန်ရော။
ဖရန့်ခ်ကတော့ သူ့ကိုယ်သူ ဒီလိုဆိုတယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ ငါပေါင်းများစွာ ရှိနေတယ်။ ဖရန့်ခ်ဆိုတာ တစ်ယောက်တည်း တည်ရှိနေတာ မဟုတ်ဘူး။ အဲဒီငါတွေနဲ့ ဖန်တီးထားတာ။ ခက်တာက အဲဒီငါတွေဟာ စုစည်းမနေဘူး။ ဖရန့်ခ်ကိုယ်တိုင်ကလည်း စုစည်း ဆက်စပ်ဖို့ငှာ မစွမ်းသာဘူး။ ဒီတော့ ငါတွေထဲက ငါတွေဟာ လုပ်ချင်ရာ လုပ်နေကြတယ်ဆိုတဲ့သဘော ဖြစ်နေတယ်တဲ့။
ဒီဇာတ်ကောင် နှစ်ကောင်က အဓိကမို့ ဒီနှစ်ယောက်အကြောင်းပဲ ပြောပြတာပါ။ ပြီးတော့ Spoil မဖြစ်အောင်လည်း ကျွန်တော် အတော်ကြီး သတိထား ရေးနေရပါတယ်။
ရူး မူရာကာမိဟာ ရေရေလည်လည် သတ်ဖြတ်တဲ့ ဝတ္ထုတွေကို ရေးနိုင်လွန်းသူပါ။ လူသတ်တာ မဆန်းဘူးလို့ ထင်နေသူတွေအတွက် သူက သူသတ်နည်း အဆန်းတွေကို စဉ်းစဉ်းစားစား (လက်တွေ့လည်း ဖြစ်ချင် ဖြစ်ခဲ့မပေါ့) ရေးပြတယ်။ ' စူး ' ဝတ္ထုထဲက လူသတ်နည်းတွေ၊ ' လူရွေးပွဲ ' ထဲက လူသတ်နည်းတွေဟာ ရက်စက်လွန်းလှတယ်။ ' မီဆိုဟင်းချို ' ထဲက လူသတ်နည်းကျ ရက်စက်ရုံတင်မက ရွံ့ရှာစက်ဆုပ်ဖွယ်ရာပါ ကောင်းလှတယ်။ စိတ်မခိုင်သူတွေဆိုရင် ဖတ်ကို မဖတ်ကြည့်သင့်တဲ့ ဝတ္ထုပါ။
ဒီလိုပြောပြတဲ့အတွက် လူသတ်ဝတ္ထုပဲလားလို့ ထင်စရာပဲ။ တကယ်က အဲဒီထက် ပိုနက်နဲပါတယ်။ ဆိုရရင် " ဂျပန် မိန်းကလေးတွေ ခန္ဓာကိုယ်ကို ရောင်းစားတယ်ဆိုတာ ငွေကြောင့်ထက် အထီးကျန်မှု ဧကစာဖြစ်မှုကနေ ထွက်ပေါက်တစ်ခုအဖြစ် လုပ်ကြတာ များတယ်။ " ဆိုတဲ့ စာတစ်ကြောင်းလောက်ကို ပမာပြုရမယ်။ ပြည့်တန်ဆာလုပ်သူတိုင်း ငွေရဖို့အတွက် မဟုတ်ဘူး။ အထီးကျန်မှုကနေ ထွက်ပေါက်ရှာတာတဲ့။ ငွေလည်း ရ၊ အထီးကျန်မှုလည်း ပျောက်ဆိုတာမျိုး တွေးခေါ်လုပ်ကိုင်နေသူတွေ ရှိတာ သေချာတာပေါ့။ ငွေ မရှိလို့ မဖြစ်တဲ့အပြင် ဧကစာဖြစ်မှုကပါ အားကြီးလွန်းနေပြန်ရင်လည်း မဖြစ်ဘူးလေ။ လူမှာ ဆက်လက်ရှင်သန်နေဖို့အတွက် ထွက်ပေါက်တွေ လိုတယ်မလား။ ခန်းဂျီးဟာ ထွက်ပေါက်တွေအကြောင်းကို ဒီဝတ္ထုထဲ စေ့ငုပြထားတယ်။
လူတစ်ဦးချင်းစီရဲ့ထွက်ပေါက်တင်မက ဂျပန်တစ်နိုင်ငံလုံးရဲ့ အလုံပိတ်အခြေအနေကနေ ထွက်ပေါက်တွေ့ခဲ့ရပုံကိုလည်း ခန်းဂျီးနေရာကနေ ရူး မူရာကာမိက ဝင်ရောက်ပြောပြထားသေးတယ်။ " ဂျပန်တွေဟာ နိုင်ငံခြားသားနဲ့ အဆက်အဆံနည်းခဲ့တဲ့အတွက် သူများတိုင်းပြည်ကို ကျူးကျော်ပြီးရင် အဲဒီက တိုင်းသူပြည်သားတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိခဲ့ကြဘူး။ ဒါကြောင့် အကျူးကျော်ခံရတဲ့ အိမ်နီးချင်း တိုင်းပြည်က တိုင်းသူပြည်သားတွေဟာ ဂျပန်ကို သိပ်မုန်းခဲ့ကြတယ်။ " တဲ့။ ဂျပန်တွေဟာ အဲဒီအပြုအမူ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို ဒုတိယ ကမ္ဘာစစ်ပြီးမှ ပြင်ဆင်နိုင်ခဲ့ကြတယ်။ ဒီအကြောင်းကိုလည်း ခန်းဂျီးဆီကနေ ဖြစ်ဖြစ် ခန်းဂျီးအတွေးတွေကနေဖြစ်ဖြစ် တီးခေါက်မိပါလိမ့်မယ်။
ဖရန့်ခ်ကတော့ ရှင်သန်မှုနဲ့ပတ်သက်ပြီး ဒီလိုတွေးတယ်။ အသက်ရှင်သန်ဖို့အတွက် လူတွေဟာ သူတို့ကိုယ်သူတို့ တန်ဖိုးတစ်ခုခု ရှိတယ် ထင်နေဖို့ လိုတယ်တဲ့။ ဖရန့်ခ်က သူ့မှာ တန်ဖိုးတစ်ခုရှိကြောင်း ပြသပုံဟာ ရက်စက်လွန်းလှပါတယ်။ (ဆက်ပြောရင် ဇာတ်ကြောင်းပါ ပေါ်ကုန်လိမ့်မယ်။)
အဆုံးသတ်အနေနဲ့ ပြောရရင် သရဲကားတွေနဲ့ လူသတ်ကားတွေ ကြိုက်လွန်းသူတွေဟာ ဘဝကို ငြီးငွေ့နေသူတွေ ဖြစ်တယ်တဲ့။ ဘဝကို ငြီးငွေ့နေသူ ဖြစ်မှ ဒီဝတ္ထုကို ဖတ်ပါ။ ဖတ်ပြီးရင် မေ့ဖျောက်ရခက်မှာမို့ ဒီလိုမျိုး သတိပေးလိုက်ရခြင်းပါ။
#လူသာမန်
16.7.2019; 10:50 pm