အာဖရိကစာရေးဆရာ Chinua Achebe ရဲ့ထင်ရှားသောလက်ရာ Things Fall Apart ကိုမြန်မာဘာသာပြန်ထားတဲ့စာအုပ်။
အာဖရိက နိုင်ဂျာအောက်ပိုင်း ရှေးဟောင်းလူမျိုးစုတွေအကြောင်းကို အခြေပြုရေးသားထားတဲ့ ဒီဝတ္ထုဟာ Joyce Cary ရဲ့ Mister Johnson မှာ နိုင်ဂျီးရီးယားယဥ်ကျေးမှုအကြောင်း မသိဘဲ တလွဲပုံဖော်ထားတာကို စိတ်အနှောင့်အယှက်ဖြစ်ပြီး ဆေးတက္ကသိုလ်တက်နေချိန်မှာပဲ အာချေဘီဟာစာရေးဆရာလုပ်ဖို့ဆုံးဖြတ်ချက်ချကာ ရေးသားခဲ့တဲ့ဝတ္ထုလို့ဆိုတယ်။
အာချေဘီဟာ ဒီဝတ္ထုနောက်ခံပြုထားတဲ့ အီဘိုလူမျိုးစုဝင်တစ်ယောက်ဖြစ်ပါတယ်။ ဝတ္ထုရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ အိုခန်းကိုဟာ ပြိုင်ဘက်ကင်းနပမ်းသမားကို အနိုင်ယူနိုင်ခဲ့တဲ့ စစ်သူရဲကောင်းတစ်ဦးဖြစ်တယ်။ သူဟာကြမ်းတမ်းခက်ထန်ပြီး တိုက်ရဲခိုက်ရဲသူကမှ ယောကျ်ားကောင်းဖြစ်တယ်လို့ခံယူသူဖြစ်တယ်။တဆက်တည်းမှာပဲ သူတို့လူမျိုးစုရဲ့ယုံကြည်စွဲလန်းမှုအပေါ်မှာ အထူးသက်ဝင်ယုံကြည်သူလည်းဖြစ်တယ်။
ဖခင်ဖြစ်သူကပျော့ညံ့သူဖြစ်လို့ အိုခမ်းကိုဟာသူ့ဘဝကို အောက်ခြေကနေစတင်ထူထောင်ခဲ့ရသူဖြစ်တယ်။ကိုယ်တိုင်ချဲ့ထွင်စိုက်ပျိုးပြီး ကြီးပွားလာသူလည်းဖြစ်တယ်။မယားတွေနဲ့သားသမီးတွေအပေါ်မှာလည်း ကြပ်ကြပ်တည်းတည်း အုပ်ချုပ်သူဖြစ်တယ်။ရိုက်နှက်ဆုံးမပြီး ငြိမ်ဝပ်ပိပြားအောင်ထားသူလည်းဖြစ်တယ်။
အိုခမ်းကိုဟာ သူ့နယ်မြေအူမိုးဖီးယားမှာတော့ အများက အသိအမှတ်ပြုထားရတဲ့ အရေးပါသူတစ်ယောက်ဖြစ်လာတယ်။ သူ့မယားကြီးကရတဲ့သားကြီးကပျော့ညံ့လို့သူအားမရဘူး။သူ့လိုမျိုးယောကျ်ားပီသတဲ့ မျိုးဆက်ကိုတောင့်တတယ်။သူတို့မျိုးနွယ်တွေက မြေနတ်သမီးကို အထူးရိုသေကိုးကွယ်ကြတယ်။မြေနတ်သမီးစိတ်ဆိုးမယ့်ကိစ္စကို လုံးဝမလုပ်ဘူး။နတ်ကိုးကွယ်မှုအပေါ်မှာ ယုံကြည်စွဲလန်းမှု
ပြင်းထန်ကြတယ်။
သူတို့ရွာကရွာသူတစ်ယောက်ကို အခြားရွာတစ်ရွာက စော်ကားလို့အပြစ်အနေနဲ့ လူငယ်တစ်ယောက်ကိုအစားထိုးပေးလျော်ရတဲ့အခါ အဲဒီလူငယ်လေးအီကန်းမဲဖူနာကို အိုခမ်းကိုအိမ်မှာ ပြစ်ဒဏ်မစီရင်ခင် ခဏထားတယ်။သုံးနှစ်လောက်ကြာသွားတယ်။ကောင်လေးကလည်း အိုခမ်းကိုကိုအဖေလို့ခေါ်ပြီးနေသားကျလာခဲ့တယ်။အိုခန်းကိုရဲ့သားကြီး ဝိုရေးဟာအီကန်းမဲ့ဖူနာနဲ့ ညီအစ်ကိုအရင်းလို သံယောဇဥ်ကြီးသွားတယ်။သုံးနှစ်ကြာတော့မှ အီကန်းမဲဖူနာကို ပြစ်ဒဏ်စီရင်ဖို့လုပ်တယ်။မြေနတ်သမီးအလိုတော်ကျ ကောင်လေးကို သတ်ပစ်ကြတဲ့အထဲ အိုခန်းကိုကိုယ်တိုင် ဓားနဲ့ပိုင်းခဲ့ရတယ်။အိုခန်းကိုတော်တော်လေးခံစားရတယ်။ဝိုရေးကလည်း ဒီစီမံမှုကို နာကျည်းသွားတယ်။
အိုခန်းကိုဟာ သူ့သားလိုဖြစ်နေတဲ့ကောင်လေးကို ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်စီစဥ်သူရဲ့သားကို အခွင့်ကြုံတုန်း သတ်ပစ်လိုက်တယ်။မြေနတ်သမီးအမြက်တော်ရှရင် အပြစ်လုပ်သူသာမက မျိုးနွယ်စုတစ်စုလုံးဒုက္ခခံကြရမယ်ဆိုတော့ အိုခန်းကိုမိသားစုဟာ သူ့အမေရဲ့မျိုးနွယ်စုတွေဆီမှာ မြေနတ်သမီးအလိုကျ ၇နှဈ သွားရနရေတေယျ။
၇နှဈဒဏျခံပွီးမှ ကိုယ့်မြေကိုယ်ပြန်နင်းခွင့်ရမှာဖြစ်တယ်။ သူပိုင်ဆိုင်တဲ့သူ့ခြံဝင်းထဲက သူ့တဲ၊သူ့မယားတွေနဲ့သူတို့သားသမီးတွေနေကြတဲ့ မယားတစ်ယောက်တဲတစ်လုံး တဲတွေအားလုံး မီးရှို့ဖျက်ဆီးအပြစ်ပေးခံရတယ်။
သူ့မိခင်မျိုးနွယ်တွေက သူ့ကိုနေရာပေးတယ်။စိုက်ပျိုးမြေပေးတယ်။စိုက်ပျိုးဖို့အဓိကကျတဲ့မျောက်ဥမျိုးတွေပေးတယ်။သူ့ဘဝသူပြန်လည်ထူထောင်ရတယ်။ အိုခန်းကိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းအိုးဘေရီကာက သူ့ကျီထဲက မျောက်ဥတွေကို မဖျက်ဆီးမီကြိုတင်ထုတ်ယူနိုင်ခဲ့ပြီး၊အဲဒါတွေကိုရောင်းချကာ အိုခန်းကိုဆီငွေတွေလာပေးတယ်။စိုက်ပျိုးမြေတွေကိုလည်း အိုးဘေရီကာကပဲ သီးစားချပေးထားပြီး သူငယ်ချင်းအတွက်ကူညီတယ်။
အိုခန်းကိုတစ်ယောက် သူ့အမေရဲ့အမျိုးတွေရှိတဲ့ ဘန်တာမှာရှိနေတုန်းမှာပဲ လူဖြူတွေရောက်လာပြီး သာသနာပြုတယ်။စီးပွားရေးလုပ်တယ်။ဒေသခံတွေစီးပွားရေးကောင်းလာတော့ လူဖြူတွေသာသနာပြုတာကို မကြိုက်ပေမယ့် ဘယ်သူမှမနေတဲ့ မိစ္ဆာတောအုပ်မှာ စခန်းချခွင့်ပြုလိုက်တယ်။သာသနာပြုလုပ်ငန်းဟာ အချိန်တိုအတွင်းမှာပဲ အပယ်ခံတွေ၊နွမ်းပါးသူတွေကို စည်းရုံးပြီးခရစ်ယန်သာသနာ တိုးပွားလာအောင်လုပ်ဆောင်လာတယ်။အင်အားကောင်းလာတာနဲ့ ကိုယ်ပိုင်အုပ်ချုပ်
ရေးထူထောင်လာကြတယ်။
အီဘိုလူမျိုးတွေရဲ့ အစွဲကြီးတွေကို ဆန့်ကျင်တဲ့ပုံစံဖြစ်နေတဲ့ သာသနာပြုလုပ်ငန်းမှာ အိုခန်းကိုရဲ့သားကြီးဝိုရေးဟာ အီကန်းမဲဖူနာကို ကိုယ်တိုင်အပြစ်ကျူးလွန်မထားပါဘဲ သတ်ပစ်တာကိုနာကျည်းစိတ်နဲ့ ဒီလိုလက်လွတ်စပယ်လုပ်ရပ်ကိုရှုံ့ချတဲဲ့ ခရစ်ယန်အယူကို လက်ခံကူးပြောင်းလိုက်တယ်။သားအဖနှစ်ယောက်ဟာ ဆန့်ကျင်သူတွေဖြစ်သွားကြတယ်။
၇နှဈအကြာ ဒဏ်ခံရပြီးတဲ့နောက်မှာ
အိုခန်းကိုဟာ သူ့မြေကိုပြန်ရောက်လာတယ်။
သူရောက်လာချိန်မှာ သူ့မြေဟာလည်း ပြောင်းလဲနေပြီဖြစ်တယ်။လူဖြူတွေက တရားစီရင်ရေးမှာပါ သူတို့သဘောနဲ့လုပ်ဆောင်လာကြပြီး၊အုပ်ချုပ်ရေးပိုင်းကို
သူတို့သဘောနဲ့ကိုင်တွယ်လာကြတယ်။
ရှေးရိုးယုံကြည်ကိုးကွယ်သူတွေနဲ့ ခရစ်ယန်ဘာသာကိုးကွယ်သူတွေအကြား ကြီးမားတဲ့ပြဿနာတွေတက်လာကြတယ်။
အိုခန်းကိုကတော့ တိုက်ခိုက်ရေးသမားဖြစ်လို့ တိုက်ခိုက်ဖို့ပဲအားသန်တယ်။သူ့သူငယ်ချင်းအိုးဘေရီကာကတော့ လူဖြူတွေရဲ့အင်အားကို တွက်ချက်တယ်။ကိုယ့်အမျိုးအနွယ်တွေနဲ့ပြန်လည်တိုက်ခိုက်ရမှာထက် စောင့်ကြည့်ပြီး အဆင်ပြေမယ့်နည်းလမ်းကိုတွေးတယ်။
ဘာသာရေးခေါင်းဆောင်အပြောင်းအလဲမှာအနှိမ်ခံရလို့ မကျေမချမ်းဖြစ်ပြီး အယူကူးပြောင်းလာကြတဲ့ မျိုးနွယ်တွေက ကလဲ့စားချေတုန့်ပြန်တာတွေကနေ ပြဿနာတွေတက်လာရတယ်။ခရစ်ယန်ဘုရားကျောင်းကို ဖျက်ဆီးတာမျိုးအထိပြင်းထန်လာတယ်။အရေးပိုင်ရောက်လာတော့ ဒီကိစ္စကိုဆွေး
နွေးအဖြေရှာဖို့ မျိုးနွယ်စုခေါင်းဆောင်တွေကိုခေါ်တယ်။အိုခန်းကိုအပါအဝင် ၆ယောက်သွားတွေ့တယ်။သူတို့ကိုဖမ်းချုပ်လိုက်တယ်။မျိုးနွယ်စုခေါင်းဆောင်တွေဖြစ်လို့ ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ အရေးပိုင်ကပြောပေမယ့် အရေးပိုင်မျက်
ကွယ်တာနဲ့ နှိပ်စက်ကြတော့တယ်။
အရေးပိုင် ဒဏ်ကြေးရိုက်တာကို ဝိုင်းစုပေးလိုက်ကြလို့ ပြန်လွတ်လာတော့ အိုခန်းကိုရဲ့နာကျည်းမှုဟာ ပြင်းထန်လာခဲ့တယ်။စစ်သားကောင်းတွေက အညံ့ခံနေတာကို ခံပြင်းလာတယ်။မျိုးနွယ်စုတွေ စုရုံးပြီးအစော်အကားခံလာရတာတွေ၊သူတို့ကိုးကွယ်ယုံကြည်မှုကို ပြက်ရယ်ပြုတာတွေအတွက်ပြန်လည်တုန့်ပြန်ဖို့ လူစုဝေးတယ်။အိုခန်းကိုကဒီလူစုလူဝေးမှာ တိုက်ခိုက်ခြေမှုန်းမယ့်လမ်းစဥ်ကိုဆုံးဖြတ်ရင်ဆုံးဖြတ်၊ပျော့ညံ့ရင် တစ်ကိုယ်တော်တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ထားတယ်။
လူစုလူဝေးကို ရပ်ဖို့တရားရုံးဆက်သား ၅ယောက်ရောက်လာတယ်။ရပ်ခိုင်းတယ်။အိုခန်းကိုကဆက်သားခေါင်းဆောင်ကို ဓားနဲ့ပိုင်းချလိုက်တယ်။ဒါပေမယ့် လူစုလူဝေးကြီးက ကျန်တဲ့ဆက်သား ၄ယောက်ကို ရပ်ကြည့်နေခဲ့ကြတယ်။အိုခန်းကိုသဘောပေါက်သွားတယ်။တရားရုံးရဲ့ဆက်သားကိုသတ်လိုက်တဲ့ အိုခန်းကိုကိုအရေးပိုင်မင်းဦးဆောင်ပြီးလာဖမ်းတယ်။အိုခန်းကိုရှိရာကို ပြခိုင်းတယ်။
အိုးဘေရီကာက သူပြပေးမယ်။ဆက်သားတွေကသူ့ကိုလည်းပြန်ကူညီပါလို့ အပေးအယူ
လုပ်ပြီး၊ သစ်ပင်မှာကြိုဆွဲချသေသွားတဲ့ အိုခန်းကိုရှိရာခေါ်သွားတယ်။အိုခန်းကိုအလောင်းကို မျိုးနွယ်စုတွေကအောက်ချ၊မြှုပ်နှံပေးလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ်သတ်သေသူကို မျိုးနွယ်စုတွေက ကိုင်တွယ်စီရင်လို့မရဘူး။ သူစိမ်းကသာ လုပ်ပေးလို့ရတယ်ဆိုတော့ ကတိအတိုင်း အရေးပိုင်က သူ့လူတွေကိုကူညီခိုင်းလိုက်ရတယ်။
* ဝတ္ထုဇာတ်ကြောင်းအကျဥ်းပဲဆိုပါစို့။ စိတ်ဝင်စားစရာကောင်းတာက ဒီဝတ္ထုထဲမှာပါတဲ့ အာဖရိကလူမျိုးစုတွေရဲ့ ကိုးကွယ်ယုံကြည်မှု၊ယဥ်ကျေးမှုဓလေ့၊ရဲစွမ်းသတ္တိ၊ကြွယ်ဝတဲ့လက္ခဏာတွေဖြစ်ပါတယ်။စိုက်ပျိုးတာ၊နတ်ပူဇော်တာ၊စေ့စပ်ကြောင်းလမ်းတာ၊မင်္ဂလာပွဲကျင်းပပြုလုပ်တာ၊အားကစားနဲ့ပျော်ပွဲရွှင်ပွဲကျင်းပပြုလုပ်တာ၊သီချင်း၊ဂီတ၊စကားကြွယ်ဝမှု၊စကားပုံ စကားအလင်္ကာ၊ပုံပြင်၊ကျင့်ဝတ်စတွေကို လှပစွာထည့်သွင်းထားတာပဲဖြစ်တယ်။
* အာဖရိကဟာ အရိုင်းအစိုင်းတွေမဟုတ်ဘဲ၊ သူတို့မှာ ကိုယ်ပိုင်တန်ဖိုး၊ကိုယ်ပိုင်အတွေး
အခေါ်၊ကိုယ်ပိုင်ကြွယ်ဝတဲ့ယဥ်ကျေးမှုတွေရှိတယ်ဆိုတာကို ပုံဖော်သွားတယ်။ရုပ်လုံးကြွနေပြီး အာဖရိကအာရုံလွှမ်းခြုံထားတဲ့ခံစားမှုကိုရစေတယ်။စာဖတ်သူဟာ အာဖရိကကို နီးနီးကပ်ကပ်မြင်လိုက်ရတယ်။
ဒုတိယအကြိမ်ထွက်လာတော့မှ ဖတ်ရတယ်။တကယ်ကောင်းတဲ့စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရလို့ ဘာသာပြန်ပေးတဲ့ဆရာဒီနိုဗိုနဲ့ ထုတ်ဝေသူတွေကိုကျေးဇူးတင်ပါတယ်။
စိုးဘားဒိုင်