တင်မောင်မြင့်
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
တင်မောင်မြင့်
သမ္မန်စာ
John Grisham ၏ The Summons ကို
ဘာသာပြန်သည်။
လင်းလွန်ခင် စာပေ၊
ပထမအကြိမ်၊ အောက်တိုဘာ ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - ကျော်မင်းမောင်။
၁၃.၄ စင်တီမီတာ x ၂၀.၈ စင်တီမီတာ။
စာမျက်နှာ - ၃၃၆ ၊ တန်ဖိုး - ကျပ် ၄၅၀၀။
၂၀၀၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဂျွန်ဂရစ်ရှမ်၏ ဝတ္ထုရှည်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
'' ဂျွန်ဂရစ်ရှမ်နှင့် ပတ်သက်၍'' အမှာစာပါရှိပြီး
အခန်းပေါင်း ၃၉ ခန်းပါရှိသည်။
ဗာဂျီးနီးယားတက္ကသိုလ်၊ ဥပဒေဋ္ဌာန မှ ပါမောက္ခ အင်န်ရေး အက်တလီ ထံသို့ သူ့ဖခင်ကြီးထံမှ စာတစ်စောင်ရောက်ရှိလာသည်။
သူ့ဖခင်ကြီးမှာ မစ္စစ္စပီ ပြည်နယ်၊ ကလန်တန် ရှိ
ဖို့ဒ် မြို့နယ်တရားရုံးတွင် တရားသူကြီးအဖြစ် နှစ်ပေါင်း များစွာ တာဝန်ထမ်းဆောင်ခဲ့သူ ရူဘင် အက်တလီ ဖြစ်သည်။ အသက် ၇၉နှစ် ရှိပြီဖြစ်ပြီး ကလန်တန်ရှိ
မေပယ်ရိပ်မြိုင်တွင် တစ်ဦး တည်းနေထိုင်လျက်ရှိသည်။ ကင်ဆာရောဂါ ပြန့်နေပြီဖြစ်သည့် တရားသူကြီးဟောင်း အဘိုးအိုက အမှုသည်ကို ဆင့်ခေါ်သည့် သမ္မန်စာမျိုး ဖြင့် သားဖြစ်သူအား လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။
'' တနင်္ဂနွေနေ့၊ မေလ ၇ ရက်နေ့၊ ညနေ ၅ နာရီတွင်
အမွေကိစ္စ ဆွေးနွေးရန် ကျွန်ုပ်၏ ရုံးခန်းသို့ အရောက်လာရမည်။ သစ္စာရှိစွာဖြင့်၊ ရူဘင် အက်တလီ '' ဟုသာ ရေးသားထားသည့် စာတိုလေးဖြစ်သည်။
ယင်းစာကို ရေး၏ ညီဖြစ်သူ ဖောရက်စ် ထံသို့လည်း ပေးပို့ထားသည်။ ဖောရက်စ်မှာ ရွာရိုးကိုးပေါက် လျှောက်သွားနေတတ်သည့် ဆေးစွဲနေသူတစ်ဦး။
ချိန်းဆိုထားသည့်နေ့တွင် မေပယ်ရိပ်မြိုင်သို့ ရေး ရောက်ရှိသွားချိန်တွင် သူ့ဖခင်ကြီး ရူဘင် ကွယ်လွန်နေပေပြီ။ ရေး၏ ညီ ဖောရက်စ် မှာ ရောက်မလာသေး။
ညီတော်မောင်ကို စောင့်ဆိုင်းရင်း ဖခင်၏ စာကြည့်ခန်း အတွင်း လျှောက်ကြည့်ရာမှ ဒေါ်လာ တစ်ရာတန်ငွေစက္ကူများကို အစည်းလိုက် အပြည့်စီထည့်ထားသည့် စက္ကူဖာတို့အား မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
အသုဘကိစ္စအဝဝ ဆောင်ရွက်ပြီးသည့်နောက် ရေး ရေတွက်ကြည့်ရာ စက္ကူဖာများအတွင်း၌ ရှိနေသော ငွေပမာဏမှာ ဒေါ်လာ သုံးသန်းကျော် ဖြစ်သည်။
ယင်းငွေကြေးပမာဏမှာ သူ့ဖခင်ကြီး တရားသူကြီး အဖြစ် ၃၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဝင်ငွေ ထက် အပုံကြီး ပိုနေသည်။ အလုပ်မှ အနားယူလိုက်သည့် ၉ နှစ်တွင်လည်း ဝင်ငွေမရှိ။ ထို့ပြင် လောင်းက စား လုပ်တတ်သူလည်း မဟုတ်။ သူ့တစ်သက် စတော့ တစ်ရွက်မှ မဝယ်ဖူးခဲ့။ ဒေါ်လာ သုံးသန်းကျော်ကို မည်သို့မည်ပုံ ရရှိထားပါသနည်း။
သားနှစ်ယောက်အား အမွေခွဲဝေပေးရန် သေတမ်းစာ၌ ဖော်ပြထားရာ၌လည်း ဒေါ်လာ သုံးသန်းကျော် မပါ။ မေပယ်ရိပ်မြိုင်ရှိ အိမ်ကြီး၊ မော်တော်ကား၊ ပရိဘောဂ များ၊ စာအုပ်များ နှင့် ဘဏ်ရှိ ဒေါ်လာ ခြောက်ထောင်သာ။
ဖခင်ကြီး၏ စျာပနကိစ္စပြီးသည်နှင့်ပင် အသက် ၄၃ နှစ်အရွယ် ဥပဒေပါမောက္ခ ရေး တစ်ယောက် ငွေကြေး ပမာဏ များစွာပါဝင်ပတ်သက်နေသော တရားဥပဒေ အရှုပ်တော်ပုံကြီးနှင့် ရင်ဆိုင်လိုက်ရတော့သည်။
''သမ္မန်စာ''တိုတိုလေးမှစလိုက်သည့် မီးပွားကား
တဟုန်းဟုန်း တောက်လောင်နေပေပြီ။
ဆရာ တင်မောင်မြင့်၏ ဘာသာပြန်လက်ရာတို့ကို
နှစ်ခြိုက်ကြသည့် စာဖတ်ပရိသတ်များ အကြိုက်တွေ့ ကြဦးမည့် ဝတ္ထုရှည်တစ်ပုဒ်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၁၇ နိုဝင်ဘာ ၂၀၁၉