ကျွန်တော်တို့အနေဖြင့် ငယ်နုရူးမိုက်စဉ် ကလေးဘဝတုန်းက ကလေးချစ် ချစ်ဖူးခဲ့ကြပါလိမ့်မည်။ ကလေးချစ်အဖြစ် အရူးအမူးချစ်တတ်ကြသည့် အကြောင်းကို ဘီလီဘော့(Billy-Bob)နှင့် ပရီချာစတား(Preacher Star)တို့ကို ကလေးချစ်ချစ်ကြသည့် ဇာတ်ကောင်တွေအဖြစ် ရွေးချယ်ကာ ထရူးမင်းကားပို့တီးက ဝတ္ထုတို(ဝတ္ထုလတ်ဟုလည်း တချို့က ဆိုကြပါသည်။)တစ်ပုဒ်ဖြစ်အောင် ရေးဖွဲ့ခဲ့ပါသည်။
ထရူးမင်းကားပို့တီးသည် ဇာတ်ဆောင်များ၏ သရုပ်သကန် အဖွဲ့အနွဲ့ ပီပြင်လှသူ စာရေးဆရာတစ်ဦးအဖြစ် နာမည်ကြီးသူ ဖြစ်ပါသည်။ ယခုဝတ္ထုတိုတွင် အရွယ်နှင့်မမျှ ထက်မြက်လှသော ၁၀နှစ်သမီး လီလီဂျိန်းဗော့ဘစ်(Lily Jane Bobbit)ကို အဓိကဇာတ်ဆောင်အဖြစ် ပီပြင်အောင် သရုပ်ဖော် ရေးဖွဲ့ထားပါသည်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ဖတ်မိသူတိုင်းက ဗော့ဘစ်ကို ချစ်ခင်၊ ဗော့ဘစ်ကို သနား၊ ဗော့ဘစ်ကိုစာနာ၊ ဗော့ဘစ်ကို နားလည်ခွင့်လွှတ်ပြီး ဗော့ဘစ်၏ ဘက်တော်သားတွေ ဖြစ်သွားကြမှာ အမှန်မလွဲ ဖြစ်ပါသည်။ ဖအေက ထောင်ကျ၊ ဆွံ့အသူ အမေက အပ်ချုပ်သမ။ အရွယ်နှင့်မမျှ ဦးဆောင်ဦးရွက်ပြုရသူက ၁၀နှစ်သမီးအရွယ် မစ္စဗော့ဘစ်။ ကျောင်းမတက်နိုင်သည့် အကလေးအရွယ် ဗော့ဘစ်ကို ကျွန်တော်တို့ ကရုဏာသက်ရပါသည်။ ဘုရားကျောင်းမသွားပေမယ့်လည်း ဗော့ဘစ်ကို ကျွန်တော်တို့ ခွင့်လွှတ်နိုင်ကြပါသည်။ ဘီလီဘော့နှင့် ပရီချာစတားတို့က အသားမည်းမလေးရိုဆယ်ဘာ(Rosalba)အား ဘူလီ(Bullying)လုပ်သည့်အခန်းမှာ တည်ငြိမ်ရင့်ကျက်စွာ ဖြေရှင်းသွားသည့် ဗော့ဘစ်ကို ကျွန်တော်တို့အားလုံး လက်ခုပ်လက်ဝါးတီးပြီး အားပေးချီးကျူးချင်လာပါလိမ့်မည်။ ဘီလီဖျားနေစဉ် ဘီလီ့အဝတ်အစားတွေ ဆွဲချွတ်ပြီး ဘီလီ့တစ်ကိုယ်လုံးကို အရက်ပျံဖြင့် ပွတ်ပေးသည့်အခန်းတွင် အန်တီအယ်လီသာမက ကျွန်တော်တို့ပါ အံ့သြသွားစေတာ ဖြစ်ပါသည်။
အတင်းပြောဝါသနာပါသည့် မစ္စက်ဆောယာ(Mrs Sawyer)၏ စရိုက်ကိုလည်း ထင်ရှားအောင် ရေးဖွဲ့ထားပါသည်။ အန်တီအယ်လီ(Aunt El- ဘီလီဘော့၏အမေ)ဆီမှာ သကြားတစ်ပန်းကန်လာချေးရင်း ဗော့ဘစ်တို့မိသားစုအကြောင်း သိသမျှကို ကရားရေသွန်သလို မစ္စက်ဆောယာက ဖောက်သည်ချပါသည်။
ကြမ်းကြုတ်ရက်စက်ပြီး မိုက်တိမိုက်ကန်းပြုလုပ်တတ်သူအဖြစ် ၁၃နှစ်ခန့်အရွယ်ရှိ ပရီချာကို အသက်သွင်းထားပါသည်။ လားရဲ့နားရွက်ကို ကိုက်ဖြတ်ကာ ပါးစပ်ထဲမှာဝါး၊ ပြီးတော့ မြေကြီးပေါ် ထွေးပစ်တတ်သည့် ပရီချာ။ ဘီလီ့အင်္ကျီကော်လာထဲကို ပိုးကောင်တွေထည့်။ ဘီလီ့မျက်စိကိုလည်း ငရုပ်ကောင်းနဲ့ပက်။ ဘီလီ့အိမ်စာတွေကို ဆုတ်ဖြဲပစ်တတ်သည့် ပရီချာ။ ဘီလီနှင့်သူ ထိုးကြိတ်ရန်ဖြစ်နေသည်ကို ဗော့ဘစ်က လာရောက်ဖြန်ဖြေရာ "ဟန်နီ ...မင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ကောင်းပြီ"ဟု ဗော့ဘစ်ကို ပိုင်စိုးပိုင်နင်း ပြောခဲ့သည့် ပရီချာ။
ဘီလီဘော့ကိုလည်း ကလေးတန်မဲ့ အစားမမက်၊ အကစားမမက်ဘဲ၊ ကလေးချစ်ချစ်ရာတွင် အရူးအမူးချစ်တတ်သူအဖြစ် ဖန်တီးရေးဖွဲ့ထားပါသည်။ လေဒီအန်းနှင်းဆီ(Lady Anne’s Rose)တွေကို အမေ(အန်တီအယ်လီ)မသိအောင် ခူးပြီး ဗော့ဘစ်ကို သွားပေးရာ အမေက သိသွားပြီးနောက် သူငယ်ချင်းတွေရှေ့ကနေ အမေက ဘီလီ့ကို ဆံပင်ဆွဲခေါ်ထုတ်လာပြီး တုတ်ဖြင့် နာနာဆော်ပါသည်။ ဘီလီစိတ်ဆိုးပြီး အိမ်နောက်ဖေးက သစ်ပင်ပေါ်တက်နေကာ ဘယ်သူခေါ်ခေါ် မဆင်းဘဲ ဆန္ဒပြပါသည်။ ဗော့ဘစ်နှင့် ရိုဆယ်ဘာ(Rosalba)တို့ ညီအစ်မနှစ်ယောက် ယူရောင်းကြရသည့် မိုးနှင်းပွင့်(Dewdrops-"စနိုး"လိုမျိုး အလှကုန် ဖြစ်မည်ထင်ပါသည်။)အလှကုန်တွေကို ဘီလီက တစ်ဆင့်ခံပို့ပေးရာ ထိုသို့ပြုလုပ်ပေးသည်ကို ဘီလီ့အဖေနှင့် အမေက မနှစ်မြို့သည့်အတွက် ဗော့ဘစ်တို့ဆီ နောင်မသွားတော့ရန် အမေက ဆုံးမပါသည်။ မနာခံသည့်အတွက် အခန်းထဲမှာ ဘီလီ့ကို အဖေက သော့ပိတ်ထားပါသည်။ သို့သော် ဘီလီကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မည်ဟု ပြန်လည် ခြိမ်းခြောက်ပါသည်။ သူသေကောင်ပေါင်းလဲ ဖြစ်နေရင်တောင် ဘယ်သူမှ လာဂရုစိုက်မနေကြပါနဲ့လို့တောင် ပြောတတ်နေသည့် အရူးအမိုက်ဘီလီ။
ဘီလီ့ဝမ်းကွဲအစ်ကို မစ္စတာစီ(Mr C)ကတော့ ဇာတ်ကြောင်းပြောသူဖြစ်ပါသည်။ စီ(C)ဆိုတာ ကားပို့တီး(Capote)ကို အတိုကောက်ယူထားခြင်း ဖြစ်ဟန်တူပါသည်။
ထရူးမင်းကားပို့တီးသည် ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် ဂရုစိုက်ရေးဖွဲ့လေ့ရှိသည့်အပြင် တစ်ခါတလေ ဟာသလေးတွေ စွက်စွက်ပြီး ရေးတတ်ပါသည်။
ကလေးမလေးတစ်ဦးက ဗော့ဘစ်အတွက် (ဟောလီးဝုဒ်သို့အသွား လမ်းမှာ ဗော့ဘစ်စားရန်) ကြက်ကင်ထည့်ပေးလိုက်သည့်အခန်းမှာ ပြုံးရယ်ချင်စရာကောင်းပါသည်။ ကြက်ကောင်လုံးကင်ကို အတွင်းကလီစာတွေ (မေ့ပြီး) မထုတ်ဘဲ၊ မနှုတ်ဘဲ အကောင်လိုက် ကင်ထားသတဲ့။
ယပ်တောင်မဲ့ ယပ်တောင်အကယှဉ်ပြိုင်ကပြရာတွင် ဗော့ဘစ်အလှည့်မှာ ဗော့ဘစ်အကကောင်း အကလွန်ပြီး အတွင်းခံဝတ်စုံအပြာကလေးပေါ်သည်အထိ စကတ်လန်သွားခဲ့ပါသည်။
နောက်ပြီး အစ်မဖြစ်သူ ဗော့ဘစ်နှင့် ခွဲခွာရခါနီးမှာ ရိုဆယ်ဘာက ဗော့ဘစ်အား လက်ဆောင်အဖြစ် လက်ကိုင်ပုဝါတစ်ထည် ပေးပါသည်။ အစ်မဖြစ်သူနှင့် ခွဲရတော့မှာမို့ မျက်ရည်များ မထိန်းနိုင်ဖြစ်ရကား ထိုမျက်ရည်များကို သုတ်ရန် ဗော့ဘစ်အားပေးထားသည့် လက်ကိုင်ပုဝါကို ရိုဆယ်ဘာက ပြန်ငှားပါသည်။ ငိုအားထက် ရယ်အားသန်ရမည့် အဖြစ်။
ထို့အပြင် ထရူးမင်းကားပို့တီး၏ အရေးအသားတွေက ကဗျာဆန်ပါသည်။
ဘီလီနှင့် ပရီချာတို့ အချင်းချင်းပြန်လည် သင့်မြတ်ကြသည့်အခန်းတွင် ကားပို့တီးကသက်တန်တစ်စင်း ထိုးခင်းပြသွားပါသည်။
ဟောလီးဝုဒ်သို့ ဗော့ဘစ်သွားခါနီးမှာ ပရီချာနှင့် ဘီလီတို့က သွားရောက်နှုတ်ဆက်ကြသည့်အခန်းကလည်း ကဗျာဆန်ပါသည်။ အန်တီအယ်လီ၏ လေဒီအန်းနှင်းဆီပန်းဝါဝါကြီးတွေကို (အန်တီအယ်လီ၏ ခွင့်ပြုချက်ဖြင့်) ဗော့ဘစ်အား လက်ဆောင်ပေးရန် ပရီချာနှင့် ဘီလီတို့သူငယ်ချင်းနှစ်ဦး တစ်စည်းစီ ကိုယ်စီပိုက်ပြီး မိုးရေထဲမှာ သွားကြရာ ပန်းဝါတွေဖုံးနေသည့် ၎င်းတို့နှစ်ဦး၏မျက်နှာကို လဝါဝါနှင့် တင်စားရေးဖွဲ့ထားပြန်ပါသေးသည်။
ဇာတ်လမ်းအကျဉ်း
"""""""""""""""""
ဗော့ဘစ်သည် ဆွံ့အနေသည့် မိခင်နှင့်အတူ တင်နက်ဆီပြည်နယ် မင်းဖစ်မြို့မှ ဘီလီတို့ရှိရာ တောမြို့ကလေးသို့ အခြေချနေထိုင်ဖို့ ထိုမြို့သို့ ညနေ၆နာရီတိတိမှာ အချိန်မှန်ဆိုက်ရောက်လေ့ရှိသည့် ဘတ်စ်ကားဖြင့် ရောက်ရှိလာပါသည်။ ထိုနေ့မှာ ဘီလီ၏ မွေးနေ့ဖြစ်ရာ ဘီလီတို့အိမ်ရှေ့ဆင်ဝင်တွင် ဘီလီ့သူငယ်ချင်းများ စုပြုံရောက်ရှိနေပါသည်။ မိမိတို့အိမ်ငှားနေရမည့် မစ္စက်ဆောယာ၏ နေအိမ်ကို စုံစမ်းဖို့ ဘီလီတို့ ကလေးတစ်သိုက်ဆီသို့ ဗော့ဘစ်သွားရောက်မေးမြန်းခဲ့ရာမှ ဇာတ်လမ်းကို စတင်ထားပါသည်။ တောမြို့ကလေးတွင် ဗော့ဘစ်အား လိုလားနှစ်သက်သူ ယောက်ျားလေးတွေလည်းရှိ၊ မလိုလားသူ မိန်းကလေးတွေလည်း ရှိပါသည်။ မိမိတို့ပိုးပန်းနေသူများကို အဆက်ဖြတ်ပြီး ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့် ဗော့ဘစ်၏ ချစ်မေတ္တာကို ရယူရန် ဘီလီနှင့် ပရီချာတို့ အပြိုင်ကြိုးပမ်းကြပါသည်။ ဗော့ဘစ်ကတော့ မည်သူ့ကိုမျှ အလေးသာဟန် မပြပါ။ ဘီလီနှင့် ပရီချာတို့ အနိုင်ကျင့်ကြသည့် လူမည်းမလေးရိုဆာဘယ်ကို ညီမအဖြစ် ဗော့ဘစ်က ကယ်တင်ထားလိုက်ပါသည်။ ဆွံ့အ အပ်ချုပ်သမဖြစ်သည့် မိခင်၏ ဝင်ငွေက ဗော့ဘစ်ကျောင်းတက်ရန် လောက်ငဟန် မတူပါ။ စားဝတ်နေရေးအတွက်ပင် မလုံလောက်သည့်အတွက် မိုးနှင်းပွင့်အလှကုန်လေးတွေကို ကိုယ်စားလှယ်ယူကာ ရောင်းချသည့်အလုပ်ကို ဘီလီနှင့် ပရီချာတို့၏ အကူအညီဖြင့် ဗော့ဘစ်နှင့် ရိုဆယ်ဘာတို့ လုပ်ဆောင်ကြရပါသည်။
တစ်နေ့တွင် တောမြို့လေးသို့ မန်နီဖောက်စ်တို့ လူလိမ်လူကောက်ဇနီးမောင်နှံရောက်ရှိလာပြီး "ယပ်တောင်မဲ့ ယပ်တောင်အက" နယ်လှည့်ပဒေသာကပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း ကြေညာပါသည်။ အဆိုပါကပွဲမှာ ဒေသခံများအတွက် ပြိုင်ပွဲဝင်တစ်ဦးလျှင် တစ်ဒေါ်လာ(တောမြို့ကလေးအတွက် တစ်ဒေါ်လာသည် တော်တော်စျေးကြီးပါသည်)ပေးသွင်းယှဉ်ပြိုင်ရမည့် ဆိုကရေးတီးပြိုင်ပွဲလို ပွဲမျိုးဖြစ်ပြီး ပထမရသူကို ဟောလီးဝုဒ်သို့ ပို့ဆောင်ကာ ရုပ်ရှင်ရိုက်ပေးဖို့ စီစဉ်ထားသည်ဟု ကြေညာထားပါသည်။ ထို့အပြင် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် ချိတ်ဆက်ပြီး နယ်ခံများအား သင်္ဘောသားဖြစ်အောင် လုပ်ပေးနိုင်သည်ဟု မန်နီဖောက်စ်တို့က ယုံအောင် ပြောကာ လူတစ်ဒါဇင်လောက်ဆီမှ တစ်ယောက်ဒေါ်လာ၁၅၀စီ လိမ်ညာယူသွားပါသည်။ ပွဲကပြီး နောက်နေ့ကစပြီး မန်နီဖောက်စ်တို့ ပျောက်ခြင်းမလှ ပျောက်သွားကြပါသည်။ သို့ဖြစ်ရာ ၎င်းတို့ ကလိမ်ကျမှုကို အစောင်ရေသုံးရာရေးကာ မြို့တွေဆီဖြန့်ဝေကာ သူခိုးဓားပြ ကလိမ်ကျများကို ဖမ်းဆီးရန် စီစဉ်စေပါသည်။ ထိုသို့ပြုလုပ်ရန် အကြံဉာဏ်ကို ဗော့ဘစ်က ပေးခဲ့ခြင်းဖြစ်ပါသည်။ မန်နီဖောက်စ်တို့အား ဖမ်းမိအောင် ဆောင်ရွက်ခဲ့မှုကြောင့် ဗော့ဘစ်ကို Good Deed Merit ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပါသည်။ အလိမ်ခံရသည့် ငွေအားလုံးလည်း ပြန်ရပြီး ဗော့ဘစ်က ထိုငွေများကို သူမဟောလီးဝုဒ်သို့ သွားမည့်ခရီးစဉ်အတွက် ရင်းနှီးမြှုပ်နှံပေးကြရန် ပြောရာ အားလုံးမှာ မလွန်ဆန်သာဘဲ လက်ခံလိုက်ရလေသည်။ ဟောလီးဝုဒ်သို့ သူမသွားရောက်မည့် ညနေတွင် မိုးကလည်းရွာနေပါသည်။ ဘီလီနှင့် ပရီချာတို့က လေဒီအန်းနှင်းဆီဝါတွေ ကိုယ်စီပိုက်ကာ ဝတ်စုံဖြူဖြူဝတ်ထားသည့် သူမထံ လာနေသည်ကို ဗော့ဘစ်မြင်သွားပြီး လက်နှစ်ဖက်ဆန့်တန်းကာ ဘီလီနှင့် ပရီချာတို့ဆီသို့ အပြေးလေးလာပါသည်။ ထိုစဉ် ၆နာရီတိတိ ထိုးသွားပါသည်။ ဆက်လက်ဘာဖြစ်သွားမလဲဆိုတာ ဇာတ်သိမ်းကို ကျွန်တော် ပြောရန် မလိုပါ။ ဆရာသစ္စာနီဘာသာပြန်သည့် ကလေးချစ် စာအုပ် ပထမစာပိုဒ် ပထမစာကြောင်းမှာပင် အဖြေက ပါပါသည်။
ကလေးတွေအတွက် သူတို့မွေးနေ့သည့် အပျော်ရွှင်ဆုံးဖြစ်သည်။ လူတိုင်းပင် ဒီကလေးတွေပျော်ရွှင်ကြသလို နေ့တိုင်းပျော်ရွှင် ချင်ကြသည်။ ကလေးချစ်မှာ လူတိုင်းပျော်ရွှင်သွားရပါမည်လား။ သေချာတာ တစ်ခုကတော့ ဒီဝတ္ထုကို ဖတ်ပြီးလျှင် မစ္စဗော့ဘစ်ကို ချက်ချင်းမေ့ပစ်၍ ရလိမ်မည်မဟုတ်ဟု ဆရာသစ္စာနီက အမှာပါးထားပါသည်။ ။
#Aung Aung Htwe
Publisher Name: သုံးပွင့်ညီညာစာပေ