စာအုပ်အမည် - #ရွှီစန်းကွမ်းသွေးရောင်းမှတ်တမ်း
မြန်မာပြန်သူ - #တော်ကောင်းမင်း
မူရင်း - #Chronicle_of_a_Blood_Merchant by #Yu_Hua
စာအုပ်တိုက် - #ကံ့ကော်ဝတ်ရည်
ပုံနှိပ်မှတ်တမ်း - ၂၀၁၉၊ မေ (ပထမအကြိမ်)
စာမျက်နှာ - ၂၈၈
တန်ဖိုး - ၄၃၀၀
မျက်နှာဖုံးပန်းချီ - #ဇော်မောင်
ကျွန်တော် ဖတ်ဖူးသမျှ တော်ကောင်းမင်း မြန်မာပြန်များထဲတွင် Yu Hua ရေးသည့် စာအုပ်များကို တော်တော်လေး အကြိုက်တွေ့မိပါသည်။ မြန်မာပြန်သူနှင့် မူရင်းစာရေးဆရာ လေချင်းဟပ်မိသည်ဟုလည်း ထင်မြင်မိပါသည်။ ဤအထင် ဟုတ်မဟုတ်ကိုမူ တရုတ်စာမတတ်သောကြောင့် မသိပါ။ သက်ရှင်နေ စာအုပ်ကို ဖတ်စဥ်က တစ်ထိုင်တည်းဖတ်ပြီးသွားသော အတွေ့အကြုံအရ မိမိဘာသာ ဇွတ်ယူဆခြင်းလည်း ဖြစ်နိုင်ပါသည်။ အပြီးမြန်လွန်းသောကြောင့် ဖတ်ရသည်ကိုပင် မတင်းတိမ်ခဲ့။ ထိုအတွေ့အကြုံကြောင့် ရွှီစန်းကွမ်းသွေးရောင်းမှတ်တမ်း စာအုပ်ကို ဖတ်သည့်အခါတွင် အရသာခံ၍ ထုံ့ပိုင်းထုံ့ပိုင်းစီ ဖတ်ပါသည်။
ဤသို့ နားနားပြီး ဖတ်ရသည်မှာ နောက်ထပ်အကြောင်းတစ်ခုလည်း ရှိပါသေးသည်။ ဒါကတော့ Ha Ji Won နှင့် ဆိုင်ပါသည်။ မူရင်းမှာ တရုတ်ဝတ္ထု ဖြစ်သော်လည်း အဆိုပါဝတ္ထုကို တရုတ်က မရိုက်ဘဲ ကိုရီးယားက ယူရိုက်ပြီး ခေါင်းဆောင်မင်းသမီးမှာလည်း Sector 7, Tidal Wave စသည့်ဇာတ်ကားများဖြင့် ကျွန်တော် သဘောကျမိသော ဟဂျီဝန် ဖြစ်နေလေရာ မြန်မာပြန်စာအုပ်ကို တအောင့်တနား ဖတ်လိုက်၊ ရုပ်ရှင်ကို နည်းနည်း ကြည့်လိုက် လုပ်နေမိခြင်းကြောင့်လည်း ကြာတောင့်ကြာရှည် ဖြစ်နေရခြင်းပင်။
ဇာတ်လမ်းမှာ မြန်မာပြန်အမည်အတိုင်း ရွှီစန်းကွမ်းဆိုသူအကြောင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ သူကား ပိုးချည်မျှင်စက်ရုံလုပ်သား ဖြစ်သည်။ လူပျိုဘဝက သူငယ်ချင်းများ အဆွယ်ကောင်း၍ ဆေးရုံတွင် သွေးလှူဖူးသည်။ သွေးတစ်ကြိမ်လှူလျှင် ၃၅ယွမ်သော အသပြာငွေကို ရသည်။ လက်လုပ်လက်စားလူတစ်ဦးအတွက် တစ်လစာလုပ်ခနီးနီးမို့ မက်လောက်စရာ ဖြစ်ပါ၏။ သူ့မိတ်ဆွေများမှာ သုံးလတစ်ကြိမ် ပုံမှန်သွေးလှူကြသော်လည်း သူကား ထိုတစ်ကြိမ် လှူပြီးနောက် ထပ်မလှူဖြစ်တော့ဘဲ ရွှီယွိလန်ဆိုသူ မိန်းမပျိုနှင့် အိမ်ထောင်ကျသွားသည်။ ယောက္ခမထံ သမီးတောင်းပုံက နမူနာယူချင်စရာ။ ကြည့်လေ။
"အဖေ... အဖေသာ ဟိုရှောင်ယုံနဲ့ ရွှီယွိလန်ကို ပေးစားရင် ရွှီမျိုးရိုး တိမ်ကောသွားမှာ။ ကျွန်တော်နဲ့ ပေးစားရင် မျိုးနွယ်တူချင်းမို့ အဖေ့မျိုးရိုးလဲ မပျောက်တော့ဘူး။ ဘယ်လိုလဲအဖေ"
သူတို့အိမ်ထောင်တွင် အိလော့၊ အော့လော့နှင့် စန်းလော့ဟူသော သားသုံးယောက်ထွန်းကားသည်။ သို့သော် အိလော့မှာ သူနှင့်မတူဘဲ ရွှီယွိလန်၏ချစ်သူဟောင်း ဟိုရှောင်ယုံနှင့် တူနေသည်ဟု ပတ်ဝန်းကျင်က တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ပြောကြလေသောအခါ သူအချစ်ဆုံးသား အိလော့မျက်နှာကို သူကိုယ်တိုင် မကြည့်ချင်လောက်အောင် ဖြစ်သွားသည်။
ထို့ကြောင့် အိလော့နှင့် သူ့မိတ်ဆွေ၏သားဖြစ်သူ ရန်ဖြစ်ပြီး တစ်ဖက်လူ ဆေးရုံရောက်သွားသောအခါ ဟိုရှောင်ယုံထံ ဆေးဖိုးသွားတောင်းခိုင်းသည်။ ဟိုကမပေး။ သူကလည်း သူ့သားမဟုတ်သဖြင့် မပေးလို။ နောက်ဆုံးတွင် ဆေးရုံရောက်သွားသည့်မိသားစုက သူ့အိမ်မှ ပစ္စည်းများကို ဆေးဖိုးကုန်ကျစရိတ်အဖြစ် လာသိမ်းသည်။ ဇနီးကို စိတ်ဆိုးနေသော ရွှီစန်းကွမ်းက သူ့ကိုယ်ပိုင်ပစ္စည်းများမှအပ ကျန်တာအကုန်ယူနိုင်သည်ဟု ဆို၏။ ထိုအခါ ရွှီယွိလန် ငိုသည်။ ဘယ့်ကလောက်စိတ်ဆိုးသည်ဖြစ်စေ ဇနီးမျက်ရည်ကို မြင်တော့ ရွှီစန်းကွမ်း မနေနိုင်။ ဆေးရုံသို့ သွေးသွားလှူသည်။ သွေးလှူစရိတ်ငွေဖြင့် သူ့မိတ်ဆွေထံမှ သူတို့အိမ်ထောင်မှုပစ္စည်းများကို ပြန်ရွေးသည်။ ရွှီယွိလန် အိမ်ပြန်ရောက်တော့ သူမပစ္စည်းများ နေသားတကျ ပြန်ရောက်နေကြောင်း မြင်ရသည်။ မျက်နှာငွေလရွှင်ပျပျနှင့် ခင်မဝမ်းမြောက်နေသည်ကို မြင်ရတော့ သူ့ဆုံးဖြတ်ချက်အတွက် ရွှီးစန်းကွမ်း ကျေနပ်မိသည်။ ထိုသို့ဖြင့် နေလာရာ သရောကြီးခိုင်းပြီး သီးနှံများ ပျက်ဆီးသည့်နှစ်နှင့် ကြုံလာရသည်။ လနှင့်ချီပြီး ဆန်ပြုတ်ကျဲကျဲကို နတ်သုဓာပမာ နွှဲရသည်။ ကလေးများကို လေနှင့်ဟင်းချက်ကျွေးသည့်အခန်းမှာ ရင်နင့်စရာကောင်းသည်။
သည်လိုနှင့် နောက်တစ်ကြိမ် သူ သွေးလှူပြန်သည်။ သည်တစ်ခါတော့ ရှားတောင့်ရှားပါးချိန်မို့ သူ့သွေးသားမဟုတ်သည့် အိလော့ကို သွေးလှူခအသပြာဖြင့် ဆိုင်မှာ မကျွေးလိုတော့။ သို့ဖြင့် ရွှီယွိလန်မသိအောင် ခေါ်ပြောပြီး အိလော့ကို ယောက္ခမအိမ် လွှတ်လိုက်သည်။ အိလော့နှင့် ရွှီစန်းကွမ်း အပြန်အလှန် ပြောသည့် စကားမှာ အတော်တာသွားသည်။
"အဖေ... သားသာ သားအရင်းဆို သားကိုလဲ စားသောက်ဆိုင်မှာ လိုက်ကျွေးမှာ မဟုတ်လား"
"အေး... မင်းသာ သားအရင်းဆို မင်းကို ငါအချစ်ဆုံး ဖြစ်မှာပဲ"
သည်လိုနှင့် မော်ခေတ်ကို ရောက်လာသည်။ ဘုံစားရိပ်သာတွေ ပေါ်လာသည်။ ကြွေးကြော်သံတွေ ဆူညံလာသည်။ မကောင်းသူတွေ ဖော်ထုတ်လာသည်။ တစ်ရပ်ကွက်တည်းသားချင်း မတည့်လျှင် ချောက်တွန်းနိုင်ကြောင်း သာဓကတွေ တွေ့ရသည်။ ထို့နောက်ပညာတတ်တွေ တောပို့သည့်စနစ်တွေ ပေါ်လာသည်။ တစ်အိမ်ထောင်တွင် သားတစ်ယောက်သာ အနား၌ ထားရမလေ၊ ကျန်တဲ့သူတွေ အကုန် တစ်ရပ်တကျေးပို့တော့လေ၊ ပြည်သာယာခေတ်ပေ။ ဤအပိုင်း၌မူ နှစ်ကာလများ စာအုပ်တိုက်မှ ထုတ်ဝေသော (ဦး)မြင့်သန်း ဘာသာပြန်သည့် ဝါန်အန်းယီ၏ဝတ္ထုတိုများ စာအုပ်နှင့် တွဲဖတ်လျှင် ပို၍ အရသာရှိမည်။ နေရာကောင်းလိုချင်သလား၊ မြို့ပေါ်ပြန်ရောက်ချင်သလား လူကြီးပိုင်းကို ဖားသာဖား။ (ဝတ္ထုထဲက အကြောင်းကို ပြောခြင်းသာ ဖြစ်ပါသည်။ ကမအဝနှင့် မည်သို့မျှ မသက်ဆိုင်ပါကြောင်း။)
တောနယ်တွင် တာဝန်ထမ်းဆောင်ရင်း အိလော့၌ သေမတတ်ရောဂါကြီး ဖြစ်လာသည်။ ရောဂါကား သူတို့လို နယ်ကလေးမှာ ကု၍မပျောက်နိုင်။ ရှန်ဟိုင်းသို့သွားကုမှ ပျောက်ကင်းနိုင်မည်တည့်။ ဇနီးနှင့်သားကို ရှန်ဟိုင်း လွှတ်လိုက်ရသော်လည်း သူ့လက်ထဲမှာ ငွေမရှိလေ။ သို့ဖြင့် အရင်းအချာမဟုတ်သော သား၏ ဆေးကုသစရိတ်ရဖို့ ရွှီစန်းကွမ်း သွေးလှူရပြန်သည်။ တစ်ကြိမ်နှင့် မလောက်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်။ မျက်ရည်မခိုင်သူတို့ မျက်ရည်ပိုင်ပိုင်ကျမည့်အခန်းပင်။
ဝတ္ထုကိုပြန်ရိုက်သော ကိုရီးယားရုပ်ရှင်တွင်ကား သရောကြီးလည်း မခိုင်း၊ မော်လည်း မရှိသည်မို့ ပြီးတော့ မူရင်းဇာတ်လမ်းကလည်း ရှည်လျားပေများသည်မို့ ဖြုတ်ပယ်ပြုပြင်ထားသော အခန်းတို့က များလှသည်။ သို့သော် ဝတ္ထုသာ မဖတ်ထားလျှင် ရုပ်ရှင်လည်း သူ့အတိုင်းအတာနှင့်သူ ကောင်းသည်ပင်။
တရုတ်ဝတ္ထုတွေကို ပုံမှန်အားဖြင့် ကျွန်တော် ဖတ်လေ့မရှိ။ ကွန်မြူနစ်ဝါဒဖြန့်စာတွေပဲဟု ကိုယ့်ဘာသာ တံဆိပ်ကပ်ကာ ရှောင်ဖတ်လေ့ရှိသည်။ ခုချိန်မှာတော့ ဤအမြင်မျိုး ကျွန်တော့်မှာ ကင်းကွာသွားလေပြီ။ (မဖတ်ချင်လို့ကို မဖတ်တာကွာဟူသော အမြင်သာ ကျန်တော့သည်။) သို့ဖြစ်ပါ၍ ဤစာအုပ်ကို ကျွန်တော်ညွှန်းရာတွင် မိတ်ဆွေ ဖတ်ချင်မှ ဖတ်ပါ၊ မဖတ်ချင်လျှင် မဖတ်ဘဲ နေနိုင်ပါသည်ဟု ဆိုရမည်သာ ဖြစ်ပါကြောင်း။
#ကျော်စွာ
၁၅:၃၀ နာရီ
၁၈.၁၁.၂၀၁၉
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137