ဘာမှမရေးခင် ပထမဆုံးပြောချင်တာက ကောင်းမြတ်လွန်းသော်.. Bravo ပါ really appreciate bro... you did great
ပြီးတော့ ကိုယ်အပါအဝင် ဒီ'ပါစီဂျက်ဆန်' ငါးတွဲ(ခြောက်အုပ်)လုံးကို လိုက်ပါဖတ်ရှုခံစားသူတွေလည်း Bravo too ပါ ...
စာရေးဆရာကို ဘရာဗိုတာတော့ ထားပါ။ ခင်ဗျားတို့ကပါ ဘာလို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဘရာဗိုနေရတာလဲဆို
ရှင်းအံ့သော် ...
ဒီနေ့ခေတ်လို ဖုန်းမျက်နှာပြင်တစ်ခုပေါ်ပဲ တစ်နိုင်ငံလုံး အာရုံစိုက်နေတဲ့ ခေတ်ကြီးမှာ ရှည်လျားထွေပြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အစကနေ အဆုံးထိ ၂ နှစ်ကျော် အချိန်ပေးပြီး စာအုပ်ပေါ်မှာ စောင့်ဖတ်နိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။
ဖတ်တဲ့သူဟာ
• စာအုပ်ဖိုး တတ်နိုင်ရပါမယ်။
• ဖတ်နေရင်း တစ်ခုခုဖြစ်မသွားမှ အဆုံးထိဖတ်နိုင်ပါမယ်။
• စာဖတ်တာကို တခြားဖျော်ဖြေရေးထက်ပိုပြီးနှစ်သက်ခုံမင်ရပါမယ်။
ဒီခေတ်ကြီးမှာ အဲ့ဒီအချက်တွေပြည့်စုံဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါမို့ ကိုယ့်လို အုပ်ပြည့် ဖတ်ပြီးသူတွေကိုလည်း Bravo လုပ်ခွင့်ပြုပါလို့ ...
ခု ပါစီဂျက်ဆန် အတွဲ ၅ .. ကျိန်စာသင့်ဓားကို ဖတ်ပြီးတော့ ပီတိဖြစ်မိတာတစ်ခုရှိတယ်။ အဲ့ဒါလေးပြောပြီးမှ ဇာတ်လမ်းဘက် လှည့်တာပေါ့။ အတွဲ ၁ ကနေ ၅ အထိ တောက်လျှောက်ညွှန်းလာသူတစ်ယောက်မို့ ဒီအပိုင်းမှာ လေရှည်ခွင့်ပြပါ။ ပီတိဖြစ်မိတာကို ပြောရမယ်ဆို သိပ်ကြီးကျယ်တဲ့ကိစ္စနဲ့ နှိုင်းယှဉ်သလိုဖြစ်သွားမလားတော့ မသိဘူး။ ဒါပေမဲ့ ကိုယ်ထင်တာပဲ ကိုယ်မှန်တယ်ထင်တဲ့ မကောင်းတဲ့စိတ်ကလေးနဲ့ ရေးပြပါရစေ ...
ဂန္ထဝင်စာအုပ်တွေ ဖတ်တဲ့အချိန်ကာလတစ်ခုအရောက်မှာ ဇာတ်လမ်းတွေသာမက စာအုပ်အကြောင်းတွေကိုပါ သိလာရတာတွေရှိပါတယ်။ အဲ့ဒီမှာ ရင်ခုန်ခဲ့ရတာက... စာရေးဆရာတွေက ဇာတ်လမ်းတွဲတွေရေး၊ ပရိသတ်တွေက စောင့်ဖတ်ကြနဲ့ပေါ့။ လက်တန်းချရေးမယ်ဆို ပင်ကိုယ်ရေးထဲမှာ မြန်မာပြည်မြောက်ပိုင်း၊ ငါတို့ခေတ်နဲ့အပြိုင်လို ဘာသာပြန်ထဲမှာ စစ်နှင့်ငြိမ်းချမ်းရေးလို စာရေးဆရာရေးတာကို စောင့်ပြီး ဖတ်ခဲ့ရတဲ့အရသာကို သိပ်ခံစားကြည့်ချင်ခဲ့တာ။ စစ်နှင့်ငြိမ်းချမ်းရေးဆို ဆရာမြ အထိန်းသိမ်းခံရချိန်မှာ မပြီးသေးလို့ အတော်ကြာကြာ ဆရာပြန်ထွက်လာပြီးမှ အတွဲတွေ ဆက်ရေးတာကို ပရိသတ်တွေ မျှော်လင့်တကြီး စောင့်ဖတ်ရတယ်လို့ မှတ်ဖူးဖတ်ဖူးခဲ့ပါတယ်။
ဒီဘက်ခေတ်မှာတော့ စျေးကွက်အခြေအနေအရရော၊ ဖန်တီးသူအခြေအနေအရရော.. အဲ့ဒီလို ဇာတ်လမ်းတစ်ပုဒ်ကို နှစ်နဲ့ချီ ကြာအောင် ရေးတဲ့သူကရေး ဖတ်တဲ့သူကဖတ်ဆိုတဲ့ကိစ္စက မဖြစ်တာ အတော်ကြာပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် အထက်ကဖြစ်ရပ်မျိုး ဒီဘက်ခေတ်မှာ ဘာသာပြန် ၂ အုပ်နဲ့ ပင်ကိုယ်ရေးတစ်အုပ်ဖြစ်လာပါတယ်။(မှတ်မိသလောက်သာ .. ကျန်တာတွေရှိနိုင်ပါသေးတယ်) မဟာတို့၏ကျဆုံးခန်း - လှစိုးဝေ (ကိုးအုပ်) နဲ့ ပါစီဂျက်ဆန် - ကောင်းမြတ်လွန်းသော် (ခြောက်အုပ်) ရယ် ပျောက်ဆုံးသွားသောမျိုးဆက်တစ်ခု - ကျော်ဝင်း (သုံးအုပ်) ပါ။
ဆိုတော့ကာ အခြားစာအုပ် ၂ အုပ်နဲ့အတူ ပါစီဂျက်ဆန် ငါးတွဲ(ခြောက်အုပ်) ဟာ ဒီဘက်ခေတ်ရဲ့ စာပေမှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ ဒီစာအုပ်စီးရီးကို ရင်ခုန်မျှော်လင့်ပြီး လိုက်ဖတ်ခဲ့ရတာမို့ ပျော်လည်းပျော်သလို ကျေနပ်လည်း ကျေနပ်မိပါတယ်။
ဇာတ်လမ်းအကြောင်းလေး ပြောကြစို့ ...
Rick Riordan ဟာ ပါစီဂျက်ဆန်ကို ၅ တွဲခွဲရေးတယ်။ ပထမအုပ်ဟာ ဇာတ်ပျိုးသီးသန့်လောက်ကို ဖြစ်ပြီး ရန်သူတော်ကြီး ခရိုနော့စ်ကိုတောင် ထုတ်မပြခဲ့သေးပါဘူး။ ဟယ်ရီပေါ်တာနဲ့တူနေတယ်ဆိုရင်လည်း ဟုတ်ကဲ့ တူပါတယ်ခင်ဗျာလို့ပဲ ပြောရမှာပါ။ နှစ်မျိုးစလုံးဟာ သူ့နည်းနဲ့သူ ကောင်းတဲ့ ဇတ်လမ်းတွေပါပဲ၊။
ပထမအုပ်မှာ ဇာတ်ပျိုးပြီးသကာလ Rick Riordan ဟာ ဒုတိယအုပ်ကစလို့ စာဖတ်သူအပေါ်ရော ဇာတ်ကောင်တွေ အပေါ်ရော ပညာအသေပြပါတော့တယ်။
ဟယ်ရီပေါ်တာမှာ ဗိုဒီမော့အသက်ရှင်လာသလို ခရိုနော့စ်ကို လုခ်က ပြန်ရှင်အောင် စလုပ်ရင်း ဒုတိယတွဲမှာ ပါစီတို့ကို ပင်လယ်ထဲဖြတ်ခိုင်း၊ တတိယတွဲမှာ ကုန်းလမ်းကသွားခိုင်း၊ စတုတ္ထတွဲမှာ မြေကြီးအောက်ကနေ သွားခိုင်းနဲ့ အမေရိကားတစ်ခွင် ပြဲပြဲစင် လျှောက်ဒိုးခိုင်းပါတော့တယ်။
ပါစီတို့အဖွဲ့ အဲ့လိုတွေ သွားလာ ချကြရပေမယ့်လည်း နောက်ဆုံးအပိုင်းမှာ ခရိုနော့စ်ကြီးနဲ့ အဖွဲ့က အင်အားပြည့်ပြီး ပါစီတို့နဲ့ ချကြတာပါပဲ။ ဟုတ်ကဲ့ အတွဲ (၅) က တိုက်ပွဲအကြောင်းအဓိကပါ။ အင်ပါယာစတိတ်အဆောက်အအုံမှာရှိတဲ့ အိုလံပတ်ကို ခရိုနော့စ်နဲ့အဖွဲ့က လာရောက်တိုက်ခိုက်တာကို ပါစီတို့က ခုခံကြတဲ့ ဇာတ်လမ်းပါ။
အတွဲ (၅) ဟာ နောက်ဆုံးအတွဲဖြစ်တာမို့ .. ရှေ့အုပ်တွေက အရှုပ်မှန်သမျှကို ဖြည်တယ်။ ဇာတ်တွေကို သိမ်းပေးတယ်။ ပါစီလည်း ရည်းစားရတယ်။
အရှေ့မှာ ချည်ထားတဲ့ အထုံးတွေကို အတွဲ (၅) မှာ ဆွဲဖြည်လိုက်တာတွေက လှလှပပလေးရှိလွန်းတဲ့အချက်အတွက် Rick Riordan ကို လေးစားရမှာပါ။
နောက်ဆုံးပြောရရင် ... ဒီစာအုပ်တွေက လူငယ်ကြိုက်စာအုပ်တွေပါ။ Young Adult Fiction စစ်စစ်တွေပါ။ ကျွန်တော်တကယ်ကြိုက်လို့ ပုဂ္ဂလခံစားမှု သက်သက် ညွှန်းခဲ့ပါတယ်။ နောက်ထပ်လည်း ဒီလို YA တွေ ထပ်ထွက်ရင် ဖတ်သွားဦးမှာပါ။ စိတ်ထဲညွှန်းချင်ရင် ညွှန်းနေဦးမှာပါလို့ ပြောကြားရင်း ပါစီဂျက်ဆင်နှင့် အိုလံပစ်နတ်ဘုရားများ နောက်ဆုံးတွဲ (အတွဲ ၅) အညွှန်းကို ဒီမှာပဲ နားလိုက်ပါရစေ ...
PS. ပါစီဂျက်ဆန် ထွက်သမျှ ၆ အုပ်လုံး အညွှန်းရေးခဲ့နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း Bravo လိုက်လိုက်ပါတယ်
#မိုးသားလတ် စာအုပ်အညွှန်း
(၁၅.၁၀.၁၉)