စာအုပ် အမည် - Look Who’s Back
စာရေးဆရာ - Timur VERMES
ဘာသာပြန် စာအုပ် အမည် - နှစ်ခေတ် တစ်ယောက်
ဘာသာပြန်သူ - သင့်လူ
ထုတ်ဝေသူ - NDSP
ပထမအကြိမ်အကြိမ်
၂၀၁၈ မေလ
တန်ဖိုး - ၄၀၀၀ ကျပ် (ကိုယ်က လက်မှတ်ကလေးနဲ့ လက်ဆောင်ရတာ။ ဆရာသင့်လူ၊ ဆရာဟန်နီ ကျေးဇူးအထူးပါ။ စာအုပ်ကို အိမ်အထိ ဘေးမသီ ရန်မခ ပို့ပေးတဲ့အတွက်ရော။)
စာမျက်နှာ - ၃၃၉ မျက်နှာ
ကားဂိတ်မှာ ရောက်နေတဲ့စာအုပ်ကို မနက်အစောကြီးမှာ ဖေဖေက သွားယူပေးတယ်။ ကိုယ်က မျက်နှာမသစ်ပဲ ကော်ဖီတစ်ခွက်နဲ့ ဖတ်လိုက်တယ်။ ငါတို့စာပေ စာမျက်နှာမှာ စာအမြည်းကို တော်တော်များများ ပေးထားတာမို့ စာအုပ်လည်း ရရော ကျော်ဖတ်လိုက်လို့ရတယ်။ စာအုပ်နာတာ သက်သာတာပေါ့လေ။
မျက်နှာဖုံးကို မူရင်းစာအုပ် မျက်နှာဖုံးပုံပဲ သုံးထားတယ်။ ဟစ်တလာ ဆံပင်ပုံလေးပဲပါတယ်။ အဲဒီပုံမြင်တာနဲ့ ဟစ်တာလာမှန်းလည်း သိနေပါပြီ။ ဟစ်တလာကြီး သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်လိုက်ပြီး မသေပဲ ၂၀၁၁ ခုနှစ်မှာ ပြန်နိုးလာတာ။ ဒါကြီးက အားလုံးသိပြီးသားပါ။ ထုံးစံအတိုင်း ခေတ်ဟောင်းကလူတွေ ခေတ်သစ်ထဲရောက်လာရင် ဟာသဖြစ်တာပဲ။ ဒါတွေကို ကြည့်ဖူးနေသားပဲ။ တောထဲက လူရိုင်းကို မြို့ပေါ်ခေါ်လာတဲ့ God much be crazy လို၊ ငယ်ငယ်က ကြည့်ဖူးတဲ့ ရှေးတုန်းက လူရိုင်း ရေခဲထဲက တူးမိပြီး ခေတ်သစ်ကို ရောက်လာ မြို့ပေါ်မှာ သောင်းကြမ်းတာမျိုး။ ခေတ်သစ်လူတွေအတွက် မထူးတဲ့ကိစ္စ သူတို့အတွက် အရမ်း ထူးဆန်းနေတာမျိုး။
ခုစာအုပ်မှာ Timur က ပြန်ခေါ်လာလိုက်တာ နယ်နယ်ရရလူမဟုတ်ပဲ ဟစ်တလာဖြစ်နေတော့ ပိုဆန်းသွားတယ်။ မြူးနစ်မြို့ရဲ့ လမ်းမပေါ်လျှောက်သွားရင်း သူဘာတွေဖြစ်နေလဲ သဘောမပေါက် ဖြစ်ရတယ်။ ညကလည်း အရက်မသောက်ထားပါဘူးပေါ့လေ။ ရန်သူတွေကများ သူ့ဆီက သတင်းယူချင်လို့ ခေတ်တစ်ခေတ်ပုံစံ ဖန်တီးပြီး သူ့ကို ဖျားယောင်းသလားလို့ သံသယတွေ ဝင်မိသေးသတဲ့။
မြို့ထဲမှာ ဓါတ်ဆီနံ့ တစ်ထောင်းထောင်းနဲ့ ယူနီဖောင်းကြီးကို ဝတ်ပြီး သူ့ရဲ့ ဗျူးရားရဲ့ သီးသန့်ဗုံးခိုကျင်းကို ရှာဖွေဖို့ ကြိုးစားနေတဲ့ ခေါင်းဆောင်ကြီးကို ဘေးကလူတွေက ဟစ်တလာအနေနဲ့ သရုပ်ဆောင်နေတဲ့ ပြဇာတ်ထဲက လူလို့ ထင်ကြတယ်။ နောက်ဆုံး ဗုံးခိုကျင်းမတွေ့ပဲ သတင်းစာ အရောင်းသမားတစ်ယောက်က သူ့ဆိုင်ထဲမှာ ခဏခေါ်ထားလိုက်တယ်။
တီဗီအစီအစဉ်ကလူတွေ ခေါင်းဆောင်ကြီးဆီကို ရောက်လာကြတယ်။ ဟစ်တလာအနေနဲ့ သရုပ်ဆောင်ပေးဖို့ လာငှားတာ။ သူက ဒီတီဗီအစီအစဉ်တွေကို သုံးပြီး သူ့ပါတီအတွက် စည်းရုံးရေး ပြန်ဆင်းချင်တယ်။
တီဗီလိုင်းတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ပြီး အရေမရ အဖတ်မရတွေ ပြောနေတယ်လို့ ဝေဖန်လိုဝေဖန်၊ သူ့အတွက်ပဲ သီးသန့် တီဗီအစီအစဉ်တွေ လွင့်ပေးနေတယ်လို့ ထင်လိုထင်။ ဟာသပြောတဲ့ အချိန်မှာ ဂျူးကိစ္စဟာ ရီစရာ မဟုတ်ဘူးလို့ သူ့အစီအစဉ် မန်နေဂျာက သတိပေးတယ်။ သူကိုယ်တိုင်ကလည်း ဂျူးကိစ္စကို ရီစရာအနေနဲ့ သဘောမထားပါဘူးတဲ့။
နားလည်မှုလွဲတာတွေက အမျိုးမျိုး။ Flyer စာရွက်တွေကို သူက လေတပ်လို့ ထင်တယ်။ ဂျင်းဘောင်းဘီကိုကျ မျိုးရိုးဗီဇ ဘောင်းဘီတဲ့။ အစီအစဉ်တစ်ခု စလုပ်ပြီးတာနဲ့ ခေါင်းဆောင်ကြီးဟာ ခေါင်းဆောင်ကြီးနဲ့ တူလွန်းလို့ ချက်ချင်း ပေါက်သွားတယ်။ ယူကျူ့မှာ ကြည့်သူအရေအတွက် နေ့ချင်းညချင်း ထောင်တတ်သွားတယ်။
ယူကျူ့လို့ သွားပြောတော့ ရေငုတ်သေငေ်္ဘာထင်သေးတာတဲ့။ ခေါင်းဆောင်ကြီးကတော့ ဟာသ။ နောက်တဖြည်းဖြည်းအောင်မြင်လာတော့ ပြိုင်ဘက်တွေ၊ ဆန့်ကျင်ဘက် အဖွဲ့တွေ ပေါ်လာပြီး ခေါင်းဆောင်ကြီးရဲ့ နောက်ကြောင်းကို လိုက်တယ်။ အိုင်ဒီကဒ်မရှိ၊ ပတ်စပို့မရှိ၊ လူမှုဖူလုံရေး နံပါတ်မရှိ၊ ဘဏ်အကောင့်မရှိ၊ ဘာမှမရှိတဲ့သူရဲ့ နောက်ကြောင်းကိုလိုက် ဂျူးပါလို့ စွတ်စွဲပေါ့လေ။
မည်ကဲ့သို့လုပ်လိုက်သည်မသိ ခေါင်းဆောင်ကြီးက အမြဲတမ်းစင်ပေါ်က။ နောက်ဆုံးတော့ လမ်းဘေးမှာ လူရမ်းကားလေး တစ်သိုက် ဝိုင်းရိုက်တာ ခံရပြီး ခေါင်းဆောင်ကြီး ဆေးရုံရောက်သွားတယ်။ ဒါပေမဲ့ ခေါင်းဆောင်ကြီးနော် လက်မမြှောက်ဘူး။ စာရေးမ တစ်ယောက် ငှားပြီး စာအုပ်တောင်ရေးအုံးမလို့တဲ့။
“ဆာဝစ်စကီက ကျွနု်ပ်၏ ဖုန်းဖြင့် အသံဖမ်း၍ ရသည်ဟု ဆိုသော်လည်း စကားပြောအသံဖမ်းစက်က ပို၍ လွယ်ကူ၏။ ခလုပ်ကိုနှိပ်၊ ပြော၊ အသံဖမ်း၊ ခလုပ်လွှတ်လိုက်သည်နှင့် အသံဖမ်းတာက ရပ်သွား၏။ အမှန်တော့ ကျွနု်ပ်သည် စက်ပစ္စည်း တစ်ခုတည်းဖြင့် လုပ်ငန်းဆောင်တာများစွာကို လုပ်ကိုင်နိုင်စွမ်းကို မကြိုက်၊ ဆန့်ကျင်၏။ တယ်လီဖုန်းက တယ်လီဖုန်း အလုပ်လုပ်၊ မုတ်ဆိတ်ရိတ်တံက မုတ်ဆိတ်ရိတ်တံ အလုပ်လုပ်၊ ပြက္ခဒိန်က ပြက္ခဒိန် အလုပ်လုပ်၊ ကင်မရာက ကင်မရာအလုပ်လုပ်ပေါ့။ ခုလို လူငယ်လူရွယ် ထောင်ပေါင်းများစွာ လမ်းပေါ်မှာ ဖုန်းနှင့် မျက်နှာ မခွာစတမ်း ဖြစ်နေသည်က အဓိပ္ပါယ်မဲ့သည့် မြင်ကွင်းသာ။ အာဏာပြန်ရလျှင် ပထမဆုံး ထုတ်မည့်အမိန့်က ထိုဖုန်းများကို အခါခပ်သိမ်းကြည့်နေခြင်းကို တားမြစ်မည်။ ထိုကိစ္စကို အမျိုးညံ့များအတွက် ထားလိုက်ပေမည်။ အို၊ အမျိုးညံ့များလည်း မကြည့်ရ အမိန့်ထုတ်မည်။ အဓိပ္ပါယ်မဲ့ အစုံလုပ်ကိုင်နိုင်စွမ်းကို တန်ဖိုးထားနေလျှင် လေတပ်က တိုက်လေယာဉ်တွေကို အမှိုက်ကြုံးရန် အမိန့်ထုတ်ပြန်ရမည်လား။ ဒါဆို ဘယ်လို လေတပ်မျိုးလဲ။”
ဒီစာပိုဒ်က သူရေးနေတဲ့ စာအုပ်ထဲက စာပိုဒ်။ တကယ်ထွက်လာရင် စောင့်ဖတ်ရမလား။ အရင် ဟစ်တလာ ရေးခဲ့တဲ့ စာအုပ်တွေက အရမ်းရောင်းရခဲ့တယ်ပြောတယ်။ ခုတစ်အုပ်ရော ဒီလိုပေါက်မလားမသိ။ စာဖတ်ရင်းနဲ့ ခေါင်းဆောင်ကြီး တစ်ကယ်ပဲ ပြန်ရှင်လာသလို ခံစားရတယ်။ သူ့ကို လူဆိုးကြီးလို့ သတ်မှတ်ရာက အမြင်တစ်မျိုးဖြစ်သွားတယ်။ သူလည်း လူထဲက လူပါလားလို့ စိတ်ထဲဖြစ်မိတယ်။
ဒီစာအုပ်ရေးသူ Timurက သတင်းသမား၊ ဒီတစ်အုပ်ပဲရေးတယ် ဝက်ဝက်ကွဲအောင်မြင်တယ်။ နောက်တစ်အုပ်ဆိုတာ အသံတောင် မကြားသေးဘူးတဲ့။ ဒီတစ်အုပ်ပဲရေးတော့မှာလား မသိ။ ဆရာသင့်လူအဆိုအရ ဒီစာအုပ်ဟာ ဘာသာပြန်ရ တော်တော်ခက်သတဲ့။ သူအချိန် ၂နှစ်ကျော်ယူခဲ့တာသာ ကြည့်တော့။ လှည့်ကို မကြည့်ချင်တာဆိုပဲ။ ခုလို အညွန်းရေးဖို့လည်း တော်တော် လက်တွန့်တယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ စာရေးသူနဲ့ ဘာသာပြန်သူ သရော်တော်တော်လုပ်ထားတာကို ကိုယ်အကုန် လိုက်မမှီပါ။ ကိုယ်မှီတဲ့ ဟာသလေးတွေပဲ ရီရတယ်။ တစ်အုပ်လုံးကို ရီနိုင်ဖို့ဆိုရင် သမိုင်းကို တော်တော် ကြေပြီး နိုင်ငံရေးကို တော်တော် သိမှဖြစ်မယ်။
မယ်ကျွိ
ည ၉ နာရီ ၅၈ မိနစ်
ဇွန်လ ၆ ရက် ၂၀၁၈။
တောင်ကြီး။
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543