Book Image

လွမ်းရစ်ဝေသော နေ့များညများ ဘဝပေါင်းများစွာ

မောင်မောင်စိုး

စာအုပ်အမည်။ ။ လွမ်းရစ်ဝေသော နေ့များညများ ဘဝပေါင်းများစွာ။

စာရေးသူ ။ ။ မောင်မောင်စိုး
ထုတ်ဝေသူ။ ။ ရွှေနဒီစာပေ
တန်ဖိုး ။ ။ ၃၀၀၀/ ကျပ်
ဖြန့်ချိရေး။ ။ ရွှေနဒီစာပေ။ ph 09254099229 / 09795665051

           ၁၉၆၂ မှ ၁၉၇၅ ခုနှစ် ဇွန် သပိတ်ကာလထိ သမိုင်းနောက်ခံတွင် ဖြတ်သန်း
လှု ပ်ရှားခဲ့သည့် မိမိလက်လှမ်းမှီသည့်သူများ မိမိပတ်ဝန်းကျင်တွင် မိမိနှင့်အတူ
တကွ ဖြတ်သန်းခဲကြသူများ ၁၉၇၄ အလုပ်သမားသပိတ် ဦးသန့်အရေးတော်ပုံ
နှင့် ၁၉၇၅ ဇွန်သပိတ်ကာလ လှု ပ်ရှားမှု များ ဆေးတက္ကသိုလ် ၂ ကျောင်းသားများ
၏ ပုံရိပ်များ ဘဝများကို ပုံဖေါ်ထားပါသည်။ ဇာတ်ကောင်အားလုံးသည် သက်ရှိ
ဇာတ်ကောင်များ ဖြစ်ကြပါသည်။

        



ကျနော်စိတ်ဝင်စားတဲ့ စာအုပ်အမျိုးအစားတွေထဲမှာ နိုင်ငံရေးနဲ့ နိုင်ငံရေးဖြတ်သန်းမှုနောက်ခံအကြောင်း စာအုပ်တွေလည်း ပါတယ်။ တင်မောင်ဝင်းရဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးသမား၊ ဦးနုရဲ့ တာတေစနေသား စတဲ့ စာအုပ်မျိုးတွေပေါ့လေ။ အဲ့ဒီစိတ်နဲ့ပဲ ကျော်ဝင်းရဲ့ ' မျိုးဆက်တခုပျောက်ဆုံးခြင်း' ကို မျှော်လင့်တကြီး ဖတ်ခဲ့ပေမယ့် အတွေ့အကြုံကို အတွေ့အကြုံအတိုင်း၊ အရင်းအတိုင်း ရိုးရိုးသားသား ရဲရဲဝံ့ဝံ့ ချမရေးပဲ တကယ့်ဖြစ်ရပ်လိုလို ဝတ္ထုဇာတ်လမ်းလိုလို မှုန်ဝါးဝါးရေးထားတာတွေ၊ ခုနှစ်တွေရော အဖြစ်အပျက်တွေရော ရှေ့နောက် လွဲမှားစွာရေးထားတဲ့ အချက်အလက်ကြောင့် စာအုပ်နာမည်ကို ' ပျောက်ဆုံးသွားသော မျိုးဆက်' မဟုတ်ပဲ ' ပျောက်ဆုံးသွားသော ကျော်ဝင်း' လို့သာ အမည်ပေးရင် ပိုကောင်းလိမ့်မယ် ထင်တယ်။ ထားပါတော့။ လွန်ခဲ့တဲ့ ၁လ လောက်က စာရေးသူမောင်မောင်စိုးရဲ့ ' နှင်းဆီနီနီ အိပ်မက်များ ' စာအုပ်ထွက်တာ တွေ့တော့ စိတ်ဝင်စားမိတယ်။ CPB အတွေ့အကြုံတွေကို ရေးထားတဲ့ စာအုပ်။ အဲ့ဒီအချိန်အထိ စာရေးသူကို မသိသလို သူ့စာအုပ်တွေလည်း တအုပ်မှ ကျနော် မဖတ်ဖူးဘူး ( ဒီလဆန်းကမှ မြောက်ဦးစစ်တမ်း စာအုပ်နဲ့ အမျိုးသားစာပေဆုရသွားတာ သူပဲဆိုတာ သိလိုက်ရတယ်)။ ဒါနဲ့ အမှာစာကို မြည်းကြည့်တော့ ဒီစာအုပ်ရဲ့ရှေ့မှာ ကျောင်းသားဘဝအတွေ့အကြုံတွေကို ရေးထားတဲ့ တစ်အုပ်ရှိသေးလို့ သိရတဲ့အတွက် နှစ်အုပ်လုံးဝယ်ခဲ့တယ်။ ပြီးတော့ ရှေ့စာအုပ်ကို အရင်ဖတ်တယ်။ စာအုပ်နာမည်ပေးထားပုံက မြသန်းတင့်လိုလို၊ ဒဂုန်တာရာလိုလို။ လွမ်းရစ်ဝေသော နေ့များ ညများ ဘဝများတဲ့။ 
           ပထမဆုံးပြောချင်တာက စာရေးအတော် ကောင်းတယ်ဆိုတာပါပဲ။ ကျနော်ကပဲ စိတ်ဝင်စားမိလို့လား မသိဘူး၊ မပျင်းမရိနိုင်ပဲ စာအုပ်ပြီးအောင် ဖတ်နေရတယ်။ စာရေးသူကိုယ်တိုင်ကလည်း အတွေ့အကြုံကို အခြေခံပြီး တတ်နိုင်သလောက် ရသပုံစံရေးထားတယ်လို့ ဆိုတယ်။ စာအုပ်ကို သူမွေးဖွားတဲ့ အချိန်၊ မွေးဖွားရာ ဇာတိအကြောင်းနဲ့ စဖွင့်တယ်။ ပြီးတော့ ပထမဆုံး ကြုံတွေ့ရတဲ့ တရုတ် ဗမာ အရေးအခင်းအကြောင်း။ အဲ့ဒီမှာ လူမျိုးရေး၊ ဘာသာရေး အရေးအခင်းတွေ စ ဖြစ်ချိန်မှာ တူညီနေတဲ့ အချက်တခုကို သတိထားမိတယ်။ အဲ့ဒါကတော့ တဖက်က မိန်းကလေးတစ်ယောက်ကို တဖက်က မုဒိန်းကျင့်တယ်ဆိုတာပါပဲ။ ပါလက်စတိုင်းကို နှစ်ခြမ်းခွဲပြီး အစ္စရေးနိုင်ငံ ထူထောင်ဖို့ ကြိုးစားနေကြချိန်မှာ အာရပ်တွေနဲ့ဂျူးတွေကြား ပြင်းထန်တဲ့ ပဋိပက္ခတွေရဲ့ အစမှာ အာရပ်အမျိုးသမီးနှစ်ယောက်ကို ဂျူးတွေက ဂျက်ဖာတံခါးအနီးမှာ မုဒိန်းကျင့်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တယ်။ ဗမာပြည်က ရခိုင်အရေးဟာလည်း ကျောက်နီမော်ရွာက မုဒိန်းသတင်းနဲ့ စတင်ခဲ့တယ်။ အဲ့လိုပဲ အခုစာအုပ်ထဲမှာ တရုတ် ဗမာ အရေးအခင်း အစမှာလည်း ဗမာကျောင်းဆရာမလေးကို တရုတ်လူမျိုးက မုဒိန်းကျင့်လို့ဆိုတဲ့ သတင်းထွက်ပေါ်လာသေးသတဲ့။ လူမျိုးရေးကို လှုံ့ဆော်တာမှာ မုဒိန်းမှုဟာ အထိရောက်ဆုံး လက်နက်တခုဖြစ်ပုံရတယ်။ 
             စာအုပ်ထဲမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ ခါးတောင်းတခြား ဖင်တခြား မဟာစီမံကိန်းတွေကြောင့် လူတွေ လယ်သမားတွေ ဒုက္ခရောက်ခဲ့ရတာတွေ၊ လယ်လုပ်သူ လယ်ပိုင်ရေးကနေ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရရှိရေးဆိုတာတွေ၊ လယ်သမားတွေက အစိုးရကို မဖြစ်မနေသွင်းရတဲ့ တာဝန်ကျေစပါးတွေ၊ ပြည်သူ့ဆိုင် ပပကတွေ၊ တန်းစီ တိုးစားရတာတွေ၊ အပန်းဖြေရုပ်ရှင်ကြည့်ဖို့အတွက် လက်မှတ်ကို တသီတန်းကြီး အပင်းပန်းခံ တန်းစီ ဝယ်ရတာတွေ၊ မှောင်ခို ပစ္စည်းတွေ စတဲ့ မဆလခေတ် အတွေ့အကြုံတွေ အများကြီး ပါဝင်တယ်။ ပြီးတော့ မင်္ဂလာဒုံဆေး ( ၂) မှာ တက်ခဲ့တဲ့ ဆေးကျောင်းသားဘဝ အတွေ့အကြုံတွေနဲ့ အဆောင်နေကျောင်းသားဘဝရဲ့ အခြေအနေတွေ။ ဒီနေမှာ ပြောစရာတခုက ကိုယ့်အကြောင်း ကိုယ်ရေးတဲ့ စာအုပ်တွေမှာ တော်ရုံထည့်ရေးလေ့ မရှိတဲ့ အကြောင်းတွေကိုပါ ထည့်ရေးထားတယ်။ ဆိုလိုတာက ကျောင်းသားဘဝအတွေ့အကြုံနဲ့ နိုင်ငံရေး လှုပ်ရှားမှု ပတ်သက်မှုတွေသာ ထည့်ရေးလေ့ရှိပေမယ့် လူငယ်ဘဝရဲ့ လူငယ်ဆန်ဆန် ဖြတ်သန်းခဲ့ပုံတွေကိုတော့ အများသောစာအုပ်တွေမှာ ထည့်ရေးလေ့ မရှိကြဘူး မှတ်လား။ ဒီထဲမှာတော့ အဲ့လို မဟုတ်ပဲ လူငယ်ဘဝ လိင်စိတ် ထ ကြွတတ်ပုံတွေ၊ ကျောင်းသားတွေ စုပြီး ဆေးကျောင်းက အခန်းတခုထဲ အောကား ( အပြာကား ) ကြည့်ကြတာတွေ၊ အဆောင်ကို ဖာခေါ် ချတာတွေပါထည့်ရေးထားတယ်။ 
      ကျောင်းသားဘဝနဲ့ နိုင်ငံရေးလှုပ်ရှားမှု ကာလတလျောက်မှာ သူနဲ့ပတ်သက်ခဲ့သူတွေ အကြောင်းကိုလည်း တယောက်ချင်းစီ ခေါင်းစဉ်တပ်ပြီး ရေးထားတယ်။ ပထမဦးဆုံးကတော့ သူ့ရဲ့ လက်ဦးဆရာဖြစ်တဲ့ ကျွန်းပြန် နောက်တော့ မင်းလှ NLD ဥက္ကဌဖြစ်တဲ့ နဝတ/နအဖ စစ်အစိုးရထောင်ထဲမှာ နှိပ်စက်ခံရပြီး ကွယ်လွန်သွားခဲ့တဲ့ ကိုအောင်မေသုအကြောင်း။ ၇၄ - ၇၅ အရေးအခင်းတွေမှာ ပါဝင်ခဲ့တဲ့ ( စိတ်တိုင်းကျ လဖက်ရည်ဆိုင်ဖွင့်ခဲ့တဲ့ ကိုအောင်ထိုက်တို့ ဘာတို့လို ) သူ့သူငယ်ချင်းတွေ အကြောင်း။ အဲ့ဒီအချိန် စာပေလောကက လူတွေအကြောင်း၊ ဗကပအကြောင်း။ အပြီးပြင်ဆုံးကတော့ ကိုယ်တိုင်ကြုံခဲ့တဲ့ ဦးသန့်အရေးအခင်းအကြောင်းပါပဲ။ အရေးအခင်းတိုင်းမှာ အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းပုံတွေကတော့ အထူးတလည် ပြောနေစရာမလိုလောက်အောင် ရိုက်မယ် နှက်မယ် ပစ်မယ် ခပ်မယ် သတ်မယ် ဖမ်းဆီးထောင်ချမယ်ဆိုတဲ့ ပုံစံတွေပါပဲ။ အဲ့မှာ ရယ်စရာကောင်းတခုက အဲ့ဒီဦးသန့် အရေးအခင်းမှာပါဝင်ခဲ့တဲ့ ကျောင်းသားတချို့ဟာ နောက်တော့ စစ်တပ်ထဲ ဝင်ပြီး စစ်ဗိုလ်တွေ ဖြစ်သွားကြသတဲ့။ စာအုပ်ထဲမှာ နာမည်တွေပါ ထည့်ရေးပြထားတယ်။ အရေးအခင်းပြီးတော့ ရာသက်ပန်ကျောင်းထုတ်ခံရသူတွေ၊ ကျောင်းပြန်တက်ခွင့်ရပြီး ဆရာဝန်ဖြစ်သွားသူတွေ၊ နိ်ုင်ငံခြားထွက်သွားသူတွေ၊ အစပိုင်း ဒုက္ခရောက်ပြီး နောက်တော့ ကောင်းစားသွားသူတွေ အများကြီးပဲ၊ အရေးအခင်းတွေမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ မထင်မရှား အဲ့လိုလူတွေအကြောင်းကိုလည်း အတော်များများ နာမည်တပ်ပြီး ထည့်ရေးထားတယ်။ ဆက်ရေးပြစရာတွေတော့ အများကြီးပါပဲ။ စာအတော် ရှည်သွားလိမ့်မယ်။ နောက်ဆုံးမှာ ၇၅ ကျောင်းသား သပိတ်အပြီး အဖမ်းအဆီးတွေ တိမ်းရှောင်ပြီး မျှော်လင့်ချကိတွေ တပွေ့တပိုက်နဲ့ CPB ဆီ ထွက်ခွာလာရချိန်နဲ့ အဆုံးသတ်ထားတယ်။ 
    ဒါက ပထမပိုင်းလို့ ဆိုရမယ့် လွမ်းရစ်ဝေသော နေ့များ ညများ ဘဝများ စာအုပ်ကို ဖတ်ပြီး ပြောချင်လာတဲ့ အကြောင်းတွေပါပဲ။ ဒုတိယပိုင်း ' နှင်းဆီနီနီ အိပ်မက်များ ' ကို ဖတ်လိုက်ပါဦးမယ်။

credit Ni Lynn





Publisher Name: ရွှေနဒီစာပေ

Publisher Phone Number: ph 09254099229 / 09795665051


Related Books

Book Review Image

နှင်းဆီနီနီ အိပ်မက်များ ( ၁၉၇၅ - ၁၉၈၀ )

မောင်မောင်စိုး
Book Review Image

စာပေခရီးအစနှင့် ဘဝအတွေ့အကြုံများ

လင်းယုန်သစ်လွင်
Book Review Image

ပီကာဆို၏ ပဉ္စလက်မီးအိမ်

မြသန်းတင့်