Book Image

ကံ့ကော်မြိုင်စာတမ်း

ကလောင်စုံ

ကံ့ကော်မြိုင်စာတမ်း

ကလောင်စုံ
ဒီစာအုပ်မှာ
ဇော်ဂျီ၊မင်းသုဝဏ်၊ တိုက်စိုး ၊နွယ်စိုး ၊အောင်သင်း၊ မင်းယုဝေ၊ တင်မိုး၊ တက္ကသိုလ်ဝင်းမွန်၊ မောင်ဇော် ၊မောင်ဖေသန်း တို့ရဲ့ စာ၂၆ ပုဒ်ပါပါတယ်။
ရာပြည့်စာပေ
တန်ဖိုး - ၂၀၀၀ ကျပ်



စာတမ်းဆိုတော့ဝတ္ထုအညွှန်းတော့မဟုတ်ပါ။
ဒီစာအုပ်အကြောင်းကိုပြောချင်၍ရေးမိပါသည်။
 ဒီစာအုပ်ထဲမှာ ၉တန်း ၁၀တန်းတုန်းက သင်ခဲ့ရတဲ့ စာတွေလဲပါပါတယ်။
စာသင်တုန်းကတော့ ကျက်ရုံကျက်ခဲ့တာဆိုတော့
စာရဲ့ အရသာကို မခံစားတတ်ခဲ့ပါ။
တက္ကသိုလ်ရောက်ချိန်မှ ဒီစာအုပ်တွေ့သည်။မာတိကာလှန်ကြည့် တော့မှ
သြော် ငါတို့ကျောင်းသားတုန်းက
ကျက်ခဲ့တဲ့စာတွေပါ​နေပါလားဆိုပြီး 
သတိထားမိပြီး ဝယ်ဖတ်ဖြစ်ပါတယ်။ 
အမှာစာကိုထပ်မြည်းကြည့်သည် ဆရာဇော်ဂျီက စာတမ်း လို့ခေါင်းစဥ်ပေးရခြင်းအကြောင်းတွေကိုရှင်းပြထားသည်။ တနည်း အက်ဆေးဟု
ယနေ့ခေါ်ကြသည်။ ဒီစာအုပ်ကိုဖတ်ပြီးမှ ကျနော်အက်ဆေးကိုသိခဲ့ သဘောကျခဲ့ရိုးမှန်ပါသည်။

"အက်ဆေးကိုဖတ်နေရသည့်နာရီဝက်အတွင်း၌ ဘာနှင့်တူပါသနည်းဆိုသော် အဖော်တစ်ယောက်နှင့် အေးအေးလူလူထိုင်ကာ သူ့စကားကိုနားထောင်နေရသည်နှင့်တူသည်" ဟုဆရာတိုက်စိုးဆိုခဲ့ဖူးတာကိုသွားသတိရမိသည်။ ​
ဒီစာအုပ်လေးကလဲဖတ်ရတာကအေးအေးလူလူရှိလှသည်။

" နွေဦးကျက်သရေ "
" နေဝင်မြင်သည်ဝရွှေပြည် "
" လူလည်းတထွေ ရေလည်းတခြား "
" ဦးရာကျော်ကောင်းမှု "
 ရင်းနှီးထားတဲ့ခေါင်းစဥ်လေးတွေရွေးပြီးအရင်ဖတ်လိုက်တယ်။ အဲဒီအချိန်မှာမင်းလူတို့ ရွှေဥဒေါင်းတို့
ဖတ်ထားတဲ့စာဖတ်အရှိန်လေးလဲရှိနေပြီ ဆိုတော့ 
နည်းနည်းတော့ စာရဲ့ အရသာလေး
ခံစားတတ်စဖြစ်နေပြီ။
ရေချမ်းစင်ဓလေ့ ၊နွားလွှတ်ပွဲ ​စတဲ့မြန်မာတို့ရဲ့သဒ္ဓါတရား လူထုယဥ်ကျေးမှု ဆိုပြီး
နွေဦးကျက်သရေလို့ ဆရာဇော်ဂျီရေးပြလိုက်တော့မှ ကိုယ့်လူမျိုးတွေရဲ့ယဥ်ကျေးမှု နဲ့ သဒ္ဓါတရားကို
သိလာတဲ့သုတအ​ပြင် ရသတွေပါခံစားလိုက်ရတယ်
ကျောင်းမှာသင်ရတုန်းကဒီလိုမသိခဲ့ အမှန်ပါ။

""နွေပေါက်လာတိုင်း ရွက်သစ်ရွက်နုများသည်ကျနော်တို့အိမ်အနီးရှိ ငုစပ်ပင်၌အစီအရီထွက်လာကြသည်။ ကြည့်ရမြင်ရသောအခါ ဝမ်းသာစရာကောင်းသည်။စိတ်နုပျိုလာသည်ဟုပင်ထင်ရသည်။သို့ရာတွင်ကျနော်တွေးနေမိသည်ကား ထွက်လာသောရွက်သစ်ရွက်နုများအကြောင်းမဟုတ်။
ထိုရွက်သစ်ရွက်နုများထွက်ရာဖြစ်သော ငုစပ်ပင်အောက်က ရေချမ်းစင်လေး အကြောင်းသာဖြစ်သည်။ ထိုရေချမ်းစင်၌လူတို့၏စိတ်သစ်စိတ်နု၊
စေတနာသစ် စေတနာနု တို့လည်းပေါက်နေကြလေပြီဟုတွေးမိခြင်းဖြစ်​လေသည်။ "
 သိပ်ကောင်းတာပဲ စာ၈မျက်နှာလောက်ဖတ်ပြီးတော့ ဒီအက်ဆေးတွေက နှစ်သက်မှုပေးတာ ။ အက်ဆေးဆိုတာ ကိုပထမဆုံးခံစားတတ်ခဲ့တယ်။

ဆရာမင်းသုဝဏ်ရဲ့ အလွမ်းရယ်တဲ့ ၁၂ ထွေ ကိုဖတ်ရတော့ အချစ်အလွမ်းအဆွေးတို့ နှင့် ကြုံတွေ့ရတဲ့ လူငယ်ဘဝကို သတိပေးလိုက်သည်။ ဆရာက နေ့နာရီညနာရီ စပ်အောင် အလုပ်မရွေးအချိန်မရွေးလုပ်ရကိုင်ရကြိုးစားရသောဤ အခါမျိုးတွင် အလွမ်းဖွဲ့ အဆွေးဖွဲ့ များကိုညဥ်းနေ၍ပျင်းမနေသင့်ဆိုသောပြဿနာ ကိုရေး၍ ကျနော် သတိထားမိလာသည်။
 " အလိုလိုပျင်းချင် အကြောင်းမဲ့ ဆွေးချင်၊ အရမ်းမဲ့လွမ်းချင်နေသော သူတို့အဖို့ ကောင်းမြတ်သောသတ္တိထူးများဖြစ်ပါ့မလား" လို့ဆရာကရေးထားသည်။ ကျနော်တက္ကသိုလ်တက်စ လူငယ်ဘဝ ချစ်ရတဲ့သူပြန်မကြိုက်၍ တစ်ပတ်လောက်အိပ်ယာထဲကမထနိုင် ထမင်းတွေစားမဝင်ဖြစ်နေသော ကျနော် 
အသိတရားရခဲ့ပါသည်။ 

ဆရာမင်းသုဝဏ်ရေးထားသည်ကစာ ၃ မျက်နှာပင်ဖြစ်သည်။ တိုတိုနဲ့ စိတ်ထဲစွဲနေရခြင်းသည် အက်ဆေး ဖြစ်သည်ဟု အကြမ်းဖျင်း နားလည်လိုက်ပါသည်။ 

ဆရာတင်မိုးရဲ့ " သခ်ျိုင်းကုန်းမှာ"(အရင်ကဖတ်စာအုပ်ထဲပါပါတယ်နောက်မှဖြုတ်လိုက်တာ)ကိုဖတ်ရတော့ သခ်ျိုင်းဆိုတာ မသွားအပ်တဲ့နေရာ
မသတီစရာကောင်းတဲ့နေရာမဟုတ်ဘူး
ဆိုတာကို သိရပြန်တယ်။
"ကျနော်တို့ဆက်စပ်မတွေးမိဘူးသော အတွေးမျိုးကိုလင်းခနဲ လက်ခနဲ ပြနိုင်စွမ်းသည်အက်ဆေးပင်ဖြစ်သည်။" ဆို​သောဆရာမောင်ခင်မင်ရေးထားတာလေးထပ်သတိရမိသည်။

အက်ဆေးတွေဟာအကြောင်းအရာပေါင်းစုံ
ပုံစံမျိုးစုံနဲ့ ဆောင်းပါး အမှာစာ များမှာပင်အက်ဆေးသဘော နှစ်သက်မိတာမျိုးလည်းရှိပါသည်။

ရေးသောစာကိုနှစ်သက်၍
ရေးသောစာရေးဆရာများကိုပါရင်းရင်းနှီးနှီး
သိသွားသလိုခံစားရသည်။ကျနော်ကတော့
ဆရာဇော်ဂျီ ၊ဆရာမင်းသုဝဏ်၊ တို့ကအစ
ဒီစာအုပ်လေးကိုဖတ်၍ ရင်းနှီးခဲ့ပါသည်။

ဒီစာအုပ်ဖတ်ပြီးရင်တစ်ခုခုတော့ကျန်ခဲ့မည်ဟုထင်သည်။
#ချမ်းမင်းအေး


Publisher Name: ရာပြည့်စာအုပ်တိုက်

Publisher Address: အမှတ် ၂၆၂(ခ)၊ ပန်းဆိုးတန်း (အထက်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၁ ၂၄၃၃၅၁

Publisher Phone Number: 01243351


Related Books

Book Review Image

မန္တလေးဖြစ် အမျိုးသားစိတ်

ဒေါက်တာသန်းထွန်း
Book Review Image

လူလည် ကုလားထိုင် ရသ စာတမ်းများ

မောင်ဥယျာဉ်