Pe Myint | |
---|---|
ဖေမြင့် | |
ပြန်ကြားရေးဝန်ကြီးဌာန | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ မတ် ၂၀၁၆ | |
သမ္မတ | ထင်ကျော် |
ယခင်လူ | ရဲထွဋ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၅ ဒီဇင်ဘာ၊ ၁၉၄၉ သံတွဲ၊ မြန်မာ |
လူမျိုး | မြန်မာ |
ကြင်ဖော် | ခိုင်နွယ်ဦး |
သားသမီး | ၂ |
နေထိုင်ရာ | နေပြည်တော် |
မိခင်ကျောင်း | ဆေးတက္ကသိုလ် (၁) ရန်ကုန် |
အလုပ်အကိုင် | နိုင်ငံရေးသမား၊ စာရေးဆရာ၊ ဆရာဝန်။ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဖေမြင့် အား ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်း တို့မှ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရ အထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရသည်။[၁] ဆေးကျောင်းသား ဘ၀မှ စတင်၍ စာပေရေးသားခဲ့သည်။ ၁၉၇၇-ခုနှစ်မှ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ ပြင်ပ အထွေထွေ ရောဂါကု ဆရာဝန် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၎င်းနောက်တွင် စာပေလုပ်ငန်း တစ်ခုတည်းကိုသာ စူးစိုက် လုပ်ကိုင် ခဲ့သည်။
တက္ကသိုလ် ကျောင်းသား ဘဝက စ၍ စာများ စတင် ရေးသားသည်။ အစပိုင်းတွင် ဘာသာပြန် ဝတ္ထုများ၊ ထိုနောက် ၁၉၈၆ ခုနှစ်က စ၍ ပင်ကိုယ်ရေး ဝတ္ထုတိုများ ရေးသားသည်။ ၁၉၈၉ ခုနှစ် စ၍ အတ္ထုပ္ပတ္တိနှင့် အသုံးချ စိတ်ပညာ ဆိုင်ရာ စာပေများ ရေးသား ပြုစုခဲ့သည်။
“စာပေ ဂျာနယ်” ကို စတင် စီစဉ်သူ တစ်ဦး ဖြစ်၍ ဂျာနယ် အမှတ် – ၁၂ အထိ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ဇန်နဝါရီမှ ၁၉၉၁ အကုန်ပိုင်း အထိ “သင့်ဘဝ မဂ္ဂဇင်း” အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ စက်တင်ဘာ လက စတင်၍ “ဒီလှိုင်း မဂ္ဂဇင်း” ၏ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်လျက် ရှိသည်။
ဇနီး ဒေါ်ခိုင်နွယ်ဦး၊ သား မောင်ဖေဇော်ဦး၊ သမီး မချိုစုစုခိုင် တို့နှင့်အတူ အင်းစိန် မြို့နယ် နံ့သာကုန်း ရပ်ကွက် အဝေရာ လမ်းတွင် နေထိုင်လျက် ရှိပါသည်။
ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာ သုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကများစွာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ စသည့် စာအုပ်များသည် ဆရာ ဖေမြင့်၏ အောင်မြင် ကျော်ကြားသော စာအုပ်များ ဖြစ်ကြသည်။ ဆရာ ဖေမြင့်သည် လူသုံးကုန် ပစ္စည်း ရောင်းသူများနှင့် အခြား ဝတ္ထုတိုများ စာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသား စာပေဆု (ဝတ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့သည်။