၁၈၈၄ ခုနှစ် နွေရာသီတုန်းကပေါ့။ အင်္ဂလိပ် သင်္ဘောသား လေးယောက်ဟာ ၁၃ ပေလောက်သာ ရှိတဲ့ အသက်ကယ်လှေတစ်စီးနဲ့ အတ္တလန်တိတ် သမုဒ္ဒရာထဲ မျောနေကြတယ်။
လေးယောက်ဆိုတာ ကပ္ပတိန် တောမတ်စ် ဒပ်ဒလီ၊ သူ့လက်အောက် အရာရှိ အက်ဒဝပ် စတီဖင်းစ်၊ သင်္ဘောသား အက်ဒမန် ဘရွတ်ခ်နဲ့ အခိုင်းအစေ လူငယ်လေး ရစ်ချတ် ပါကာတို့ပါ။ သူတို့သင်္ဘော မုန်တိုင်းမိတဲ့အချိန် အသက်ကယ်လှေပေါ် အမြန်တက်ရတော့ စားစရာဆိုလို့ မုန်လာဥ စည်သွတ်ဘူး နှစ်ဘူးပဲ ယူလိုက်နိုင်တယ်။ သောက်စရာ ရေတောင် မယူနိုင်ခဲ့ကြ။
အသက် ၁၇ နှစ်အရွယ် ပါကာအတွက် ဒီခရီးဟာ ပထမဆုံး ပင်လယ်ပြင်ခရီး။ ပါကာတစ်ယောက်က လွဲပြီး ကျန်တဲ့ သုံးယောက်ဟာ ပင်လယ်ပြင်အတွေ့အကြုံ ကောင်းကောင်းရှိကြတယ်။
ပင်လယ်ပြင်မှာ ကမ်းမမြင် လမ်းမမြင်ရဘဲ ဘယ်လောက်ထိ မျောနေရမယ် မသိတော့ ရိက္ခာ အနည်းငယ်လေးကို တတ်နိုင်သမျှ ချွေတာစားသုံးကြတယ်။ လေးရက်အကြာမှာ ကံကောင်းပြီး လိပ်တစ်ကောင် ဖမ်းမိတယ်။ အဲဒီလိပ်ကိုလည်း အရိုးတောင် မကျန်တဲ့အထိ ချွေတာစားကြတယ်။ အဲဒီနောက်တော့ ရှစ်ရက်လုံးလုံး သူတို့တစ်တွေ ဘာမှ မစားကြရတော့ဘူး။
ပါကာဟာ လှေထောင့်တစ်နေရာမှာ ခွေပြီး နာမကျန်း ဖြစ်လာတယ်။ ရေ ဘယ်လောက်ငတ်ငတ် ပင်လယ်ရေကို မသောက်မိစေနဲ့လို့ သူ့ကို တားထားတဲ့ကြားက ခိုးသောက်လိုက်လို့ အဲဒီလောက် အခြေအနေဆိုးသွားတာ။ ကျန်တဲ့ သုံးယောက်လည်း ခပ်ယဲ့ယဲ့ ဖြစ်နေပေမယ့် ပါကာကတော့ အခြေအနေ အဆိုးဆုံး ဖြစ်နေတယ်။
လှေပေါ်မှာ ၁၉ ရက် ကြာလာတော့ အကုန်လူ သေရမယ့်အနေအထား ဖြစ်လာပြီ။ ဒါနဲ့ ကပ္ပတိန်က မဲနှိုက်ပြီး တစ်ယောက်ယောက်ကို သတ်စားမယ့်အစီအစဥ် ပြောပြတယ်။ ဒါဟာ ပင်လယ်ပြင်ထုံးစံ (custom of the sea) ထဲက တစ်ခုပဲ။ ရှေးကတည်းက ရှိခဲ့တယ်။ ဒီအကြံကို ဘရွတ်ခ်က ငြင်းတယ်။ ဒီတော့ မဲနှိုက်မယ့်အစီအစဥ် အထမမြောက်။ နောက်တစ်ရက် ရောက်လာတော့ ငတ်ပြတ်နေတဲ့အခြေအနေဟာ ပိုဆိုးလာတယ်။
ကပ္ပတိန်က ဘရွတ်ခ်ကို မင်း မျက်နှာလွှဲနေ၊ ငါတော့ ပါကာကိုပဲ သတ်လိုက်တော့မယ်လို့ မျက်နှာရိပ်ပြပြီး ဆုတောင်းစာတစ်ပိုဒ် ရွတ်ဖတ်တယ်။ ပြီးတော့ သေလုဆဲဆဲ ပါကာရဲ့လည်ပင်းသွေးကြောကြီးကို မောင်းချဓားနဲ့ လှီးဖြတ်လိုက်တယ်။ (တကယ်တော့ ပါကာဟာ သေတော့မှာ။ ဒါပေမယ့် ပါကာသေတဲ့အထိ စောင့်နေရင် သူတို့ပါ သေသွားနိုင်တာကြောင့် ကပ္ပတိန်က သတ်လိုက်ရတာ။)
အစက ဒီအကြံကို လက်မခံခဲ့တဲ့ ဘရွတ်ခ်ဟာ စားစရာဝေစုခွဲတော့ ပါလာတယ်။ ပါကာရဲ့သွေးကို သောက်ပြီး ပါကာရဲ့အသားကို စားကြတယ်။
လေးရက်လုံးလုံး ပါကာကို စားသောက်နေခဲ့ပြီးနောက်မှာ ကယ်ဆယ်မယ့် သင်္ဘောတစ်စီးနဲ့ တွေ့ကြတယ်။ အဲဒီနေ့ဟာ ပင်လယ်ပြင်ထဲ အသက်ကယ် လှေနဲ့ မျောပါနေတဲ့ ၂၄ ရက်မြောက်နေ့ပဲ။
အင်္ဂလန် ပြန်ရောက်တော့ သူတို့သုံးယောက်ကို ဖမ်းပြီး ရုံးတင်စစ်ဆေးတယ်။ ဒီအမှုကို စိတ်ဝင်စားကြသူတွေ ဒုနဲ့ဒေး။ ဒါဟာ လူသတ်မှုပဲ၊ အစာငတ်လို့ လူသတ်စားတယ်ဆိုတာ လူ့ဂုဏ်သိက္ခာနဲ့ မညီတဲ့ကိစ္စဖြစ်လို့ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးရမယ်လို့ တချို့က ရှုမြင်တယ်။
ဒါဟာ ပင်လယ်ပြင်ထုံးစံတစ်ခုသာ ဖြစ်တယ်၊ ထုံးစံဆိုတာ လိုအပ်ချက်အရ ဖြစ်လာတာ၊ တိရစ္ဆာန်တွေဆိုရင် ဒီအခြေအနေမှာ အချင်းချင်း ကိုက်သတ်ပြီး အကုန် သေကုန်မှာ၊ အခုက လူတွေမို့လို့သာ အကျိုးအကြောင်းနဲ့ စဥ်းစားပြီး အလုပ်သင့်ဆုံးလို့ ယူဆတာကို လုပ်ခဲ့ကြတာမို့ အပြစ်မရှိဘူးလို့ တချို့က ရှုမြင်တယ်။ (ဆရာ ဖေမြင့်ကတော့ စဥ်းစားနည်းပေါင်း များစွာကို စဥ်းစားပြထားတယ်။ ကျွန်တော် အဲဒါတွေကို ချန်လှပ်ခဲ့ပါတယ်။)
တရားသူကြီးဟာ ကပ္ပတိန်နဲ့ စတီဖင်းစ်ကို သေဒဏ်ချမှတ်လိုက်တယ်။ ဘရွတ်ခ်ကတော့ အစိုးရသက်သေဖြစ်လို့ လွတ်သွားတယ်။ သေဒဏ်ပေးတဲ့အဆုံးအဖြတ်ကို အများပြည်သူက မကျေနပ်ကြ။ အခြေအနေအရ အဲဒီလို လူသားစားခဲ့တာကို ပြည်သူအများစုက နားလည်ခွင့်လွှတ်ပေးနိုင်ကြတယ်။ ဒီအထဲ ထူးခြားတာက ပါကာရဲ့အစ်ကိုဖြစ်သူကိုယ်တိုင်က နားလည်ခွင့်လွှတ်ပေးတဲ့လူအများစုထဲ ပါဝင်နေတာပဲ။ သူကိုယ်တိုင်လည်း သင်္ဘောသားတစ်ယောက်ပဲကိုး။ (ပါကာတို့က မိဘမဲ့တွေပါ။)
တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ပြည်သူအများစုရဲ့သင်္ဘောထားနဲ့ ဆန့်ကျင်နေတာကို တရားသူကြီးက သိတယ်။ ဒါပေမယ့် အများစု လက်ခံထားတဲ့ ပင်လယ်ထုံးစံဆိုတာဟာလည်း ရိုင်းစိုင်းတဲ့ ဓလေ့၊ ရာဇဝတ်ကြောင်းနဲ့ ငြိစွန်းနေတဲ့ လုပ်ရပ် ဖြစ်နေတယ်။ ဒီတော့ သေဒဏ် ချမှတ်လိုက်တယ်၊ ပြီးမှ အယူခံဝင်ခွင့်ရအောင် ဆောင်ရွက်ပေးတယ်။ တရားရုံးရဲ့လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်နဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့လိုက်တာ နောက်ဆုံးကျ ထောင် ခြောက်လသာ ကျခံရတော့အဆင့် ရောက်သွားတယ်။ ပင်လယ်ထုံးစံဆိုတာ ရာဇဝတ်မှုမြောက်ကြောင်းရော တရားဥပဒေအရ လက်ခံလို့ မရကြောင်းပါ ဖော်ပြနိုင်ခဲ့တယ်။ နောက်ထပ် ဒီလိုအမှုတွေ ရှိလာရင် တရားဥပဒေအရ ရာဇဝတ်မှုမြောက်ကြောင်း ပြဋ္ဌာန်းနိုင်ခဲ့တယ်။
????
တရုတ် ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံးက သူ့ရဲဘော်ရဲဘက်တွေဖြစ်တဲ့ သမ္မတ လျူရှောက်ချီနဲ့ ဝန်ကြီးချုပ် ချူအင်လိုင်းတို့ကို ပုစ္ဆာတစ်ပုဒ် အဖြေထုတ်ခိုင်းဖူးတယ်။
" ကြောင်တစ်ကောင် သူ့ဘာသာသူ ငရုတ်ကောင်း စားအောင် ဘယ်လိုကျွေးမလဲ " တဲ့။
ငရုတ်ကောင်းဟာ ပူတယ်၊ စပ်တယ်၊ ကြောင်တွေ မကြိုက်ဘူး၊ အနံ့တောင် မခံနိုင်ကြ၊ အဲဒါကို သူ့ဘာသာသူ စိတ်လိုလက်ရ စားအောင် ဘယ်လိုကျွေးမလဲတဲ့။
လျူက အရင်ဖြေတယ်။
" ကြောင်ကို တစ်ယောက်က ဖမ်းထားပြီး နောက်တစ်ယောက်က ပါးစပ်ကို ဖြဲ၊ ငရုတ်ကောင်းစေ့တွေကို ပါးစပ်ထဲ ထည့်၊ ပြီးရင် လည်ချောင်းထဲ ရောက်အောင် တူနဲ့ ထိုးချမှာပေါ့ "
မော်က ဒီလိုအကြမ်းနည်းကို သဘောမကျ၊ ပြီးတော့ ငရုတ်ကောင်းဆိုတာ အမှုန့်လုပ် စားရတာဆိုတော့ ငရုတ်ကောင်းစေ့ကို အဲဒီလို ထိုးထည့်တာမျိုး သဘောမတွေ့လို့ လက်ကာပြတယ်။ ချူအင်လိုင်းက စဥ်းစားပြီး ဖြေတယ်။
" ကျုပ်ကတော့ ကြောင်ကို အစာမကျွေးဘဲ သုံးလေးရက် ထားထားမယ်၊ ပြီးရင် ငရုတ်ကောင်းမှုန့်ကို အသားလွှာတစ်ခုပေါ် ဖြူးမယ်၊ အသားလွှာကို လိပ်ပြီး ကျွေးမယ်၊ အစာငတ်နေတဲ့ကောင်ဆိုတော့ အသားလိပ်ကို တစ်ခုလုံး မျိုချတော့မှာပဲ "
ဒီနည်းကိုလည်း မော်က သဘောမကျ။ ငရုတ်ကောင်းမှုန့် စားစေဖို့အရေး၊ အသားလိပ်က ထည့်ကျွေးရဦးမှာကိုး။ ဒီတော့ သူ့နည်းလမ်းကို ပြောပြတယ်။
" ကျုပ်သာဆို ကြောင်ရဲ့ ဝမ်းဗိုက်တွေ၊ နံဘေးတွေကို ငရုတ်ကောင်းမှုန့်တွေ နာနာ ပွတ်ပေးလိုက်မယ်။ တစ်ကိုယ်လုံး ပူလာတဲ့အခါ အပူသက်သာအောင် သူ့ကိုယ်ကို လျက်လိမ့်မယ်။ ဒါ သူ့သဘောနဲ့သူ ငရုတ်ကောင်း စားတာပေါ့။ ပူလို့ လျက်တယ်၊ လျက်တော့ သက်သာတယ်၊ ဒီလိုလျက်လျက်ပြီး သက်သာလာတဲ့အတွက်တောင် သူက ကျေနပ်နေဦးမှာ "
????
ဘီစီ ၅ ရာစုခန့်က ရှေးဂရိပြည်မှာ ပရိုတာဂေါရတ်စ်အမည်ရတဲ့ ဆိုဖီဆရာတစ်ပါး ရှိတယ်။
သူ့တပည့်တွေထဲမှာ ဆင်းရဲချို့တဲ့လို့ ပညာသင်ခ မပေးနိုင်သူတွေ ရှိတယ်။ အဲဒီအထဲက တပည့်တစ်ယောက်ဟာ သူ့ဆီမှာ ရှေ့နေပညာသင်ယူတယ်၊ ပထမဆုံး အမှုနိုင်တဲ့အခါမှ ဆရာ့ကို ပညာသင်ခ ပေးပါမယ်လို့ ပဋိညာဥ်တစ်ခု ပြုခဲ့တယ်။
တပည့်ဖြစ်သူဟာ ကာလအတန်ကြာတဲ့အထိ အမှုတစ်ခုမှ မရရှာဘူး။ ပရိုတာဂေါရတ်စ်ကလည်း ရသင့်တာကို တော်တော်ကြာတဲ့အထိ မရလို့ စိတ်မရှည်နိုင် ဖြစ်လာပြီး ပညာသင်ခကို အခုနေ ပေးရင် ပေး၊ မပေးရင် ဘယ်ရွေ့ဘယ်မျှ ရသင့်ပါတယ်ဆိုပြီး ရုံးမှာ တရားစွဲ တောင်းဆိုမယ်လို့ ခြိမ်းခြောက်တော့တယ်။ သူတို့ အချေအတင် ဖြစ်ကြတာပေါ့။
ပရိုတာဂေါရတ်စ် ပြောတာက ဒီလို -
" ငါကတော့ တရားစွဲမှာပဲ၊ ဒီအမှုမှာ မင်းပဲ နိုင်နိုင်၊ ငါပဲ နိုင်နိုင်၊ ငါအနိုင်ချည်းပဲ။ မင်းနိုင်ရင် မင်းဟာ ပထမဆုံး အမှုနိုင်သွားတဲ့အတွက် ပဋိညာဥ်အတိုင်း ငါ့ကို ပေးရမှာပဲ "
တပည့်ကလည်း ဆရာကောင်းတပည့်လေ။ ဘယ်ခေမလဲ။ သူ စဥ်းစားတာကို ပြောပြတယ်။
" ဆရာ ထင်သလို မဖြစ်နိုင်ဘူး။ တကယ်လို့ ကျွန်တော် နိုင်ရင် တရားရုံးအဆုံးအဖြတ်အရ ဆရာ့ကို ပေးစရာမလိုတော့ဘူး။ ဆရာနိုင်ခဲ့ရင်လည်း အမှုတစ်ခုမှ အနိုင်မရသေးတဲ့ကျွန်တော်ဟာ ပဋိညာဥ်အရ ဆရာ့ကို ပေးစရာမလိုဘူးလေ " တဲ့။
ကဲ . . . ။
????
အထက်မှာ ကျွန်တော် ဖော်ပြခဲ့တဲ့ အဖြစ်အပျက် သုံးခုဟာ ဒီစာအုပ်ထဲ ပါဝင်တဲ့ သာဓကပေါင်း ၃၀ ကျော်ထဲက ရွေးထုတ်ထားတာတွေပါ။ တတ်နိုင်သမျှ ချုံ့ပြီး ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ စဥ်းစားခြင်းရဲ့အရေးပါပုံ၊ စဥ်းစားခြင်း နည်းနာတွေအကြောင်းနဲ့ စဥ်းစားခြင်း ပြဿနာတွေအကြောင်းကို ရွေးချယ်ပြုစုထားတဲ့စာတစ်အုပ်ပါ။ ဒဿနပညာရှင်တွေရဲ့ စဥ်းစားမှုတွေလို ရှုပ်ထွေးလေးနက်တဲ့အကြောင်းအရာ ကိစ္စတွေကို တင်ပြထားတာမဟုတ်ပေမယ့် စဥ်းစားခြင်းဆိုင်ရာ အကျပ်အတည်းများစွာကို လေ့လာဖတ်ရှုရမယ့် စာအုပ်လည်း ဖြစ်ပါတယ်။
စဥ်းစားခြင်းဆိုတာ ဦးတည်ချက်တစ်စုံတစ်ရာနဲ့ လုပ်ကိုင်ရတဲ့ ဦးနှောက်အလုပ်တစ်ခုပါ။ တစ်စုံတစ်ရာနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေတဲ့အရာတွေကို ရှင်းလင်းလာအောင် ရှုမြင်ကြည့်တာ၊ အမေးပုစ္ဆာတွေကို ဖြေရှင်းဖို့ ကြိုးစားတာ၊ ပြဿနာတစ်စုံတစ်ရာရဲ့အဖြေကို ရှာတာ စတာတွေကို ဦးတည်ချက်လို့ ဆိုလိုတာပါ။ ပြဿနာအကြောင်းကိစ္စတစ်ခုရဲ့ အကျိုးအကြောင်းတွေကို ခွဲခြမ်းစိတ်ဖြာဆင်ခြင်တာ၊ အရင်က တွေ့ကြုံခဲ့ဖူးတာတွေနဲ့ နှိုင်းယှဥ်သုံးသပ်တာ၊ ပြဿနာတစ်ရပ်ကို ပုံဖော်ပြီး နောက် ကြုံလာခဲ့ရင် ဘယ်လိုဖြေရှင်းမယ်လို့ နည်းလမ်းကြံဆထားတာ၊ ဖြေရှင်းပုံဖြေရှင်းနည်းကြောင့် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကို မှန်းဆထားတာ စတာတွေဟာ စဥ်းစားခြင်းရဲ့ လုပ်ငန်းစဥ်တွေ ဖြစ်ပါတယ်။
ဦးနှောက် ချို့ယွင်းမနေတဲ့လူတွေမှာ ဝေဖန်စဥ်းစားတတ်တဲ့ ဉာဏ်အခြေခံ ပါလာကြပေမယ့် အကျိုးအကြောင်း ဆင်ခြင်တတ်တဲ့ဉာဏ် ရင့်သန်ဖို့ကျ မလွယ်ကူလှဘူး။ တချို့ဟာ ဆင်ခြင်ဉာဏ်ကို ပြည့်ပြည့်ဝဝ မသုံးတတ်၊ တချို့က မှန်မှန်ကန်ကန် မသုံးတတ်။ ဓမ္မနဲ့ အဓမ္မကိုတောင် ဆင်ခြင်ဉာဏ်နဲ့ မခွဲခြား မရှုမြင်နိုင်သူတွေ အများအပြား ရှိနေကြတယ်။ ဒီစာအုပ်ဟာ အဲဒီလိုပြဿနာတွေနဲ့ အဲဒီလိုလူစားတွေရဲ့ စဥ်းစားပုံကို အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုပေးပါလိမ့်မယ်။
သေရေးရှင်ရေး အကျပ်အတည်းတွေကြားက စဥ်းစားရုန်းထွက်နည်း၊ ဖောက်ထွက်တွေးနည်း၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ စဥ်းစားခြင်းပြဿနာတွေ၊ တရားမျှတမှုဆိုင်ရာ စဥ်းစားခြင်းပြဿနာတွေ၊ ခြုံငုံစဥ်းစားနည်း၊ သိပ္ပံနည်းကျ စဥ်းစားနည်း စသဖြင့် စဥ်းစားနည်းပေါင်း များစွာကို လေ့လာရပါလိမ့်မယ်။
#လူသာမန်
18.5.2021; 7:37 pm