ဒဂုန်တာရာ
လင်းယုန်မှတာရာ
( လင်းယုန်ဂျာနယ်ပါ ဆောင်းပါးများစုစည်းမှု )
မိုးလုံးမှိုင်းစာပေ ၊
ပထမအကြိမ် ၊ ၂၀၁၈ ခုနှစ် ၊ ဇွန်လ ။
မျက်နှာဖုံးပန်းချီ - မောင်မောင်တိုး ။
မျက်နှာဖုံးနှင့်အတွင်းဒီဇိုင်း - စောဝဏ္ဏ ( Z.H )
၁၄ စင်တီမီတာ x ၂၀.၈ စင်တီမီတာ ။
စာမျက်နှာ - ၇၁ ၊ တန်ဖိုး - ကျပ် ၁၅၀၀ ။
ထုတ်ဝေသူ့အမှာပါရှိပြီး လင်းယုန်ဂျာနယ်တွင်ရေးသား ခဲ့သည့် ဆရာဒဂုန်တာရာ၏ဆောင်းပါး ၉ ပုဒ် ကိုစုစည်း ထုတ်ဝေထားခြင်းဖြစ်သည်။
ဒဂုန်တာရာ အမည်ဖြင့်ရေးသားခဲ့သည့် လင်းယုန်ငှက်သည် ပျံသန်းလေပြီ ( အတွဲ ၁ ၊ အမှတ် ၁ ၊ မတ် ၂၇ ၊ ၁၉၅၀ )၊ နွေလယ်တေးသံ( အတွဲ ၁ ၊ အမှတ် ၅ ၊ ဇွန် ၁၊ ၁၉၅၇ ) ၊ လွတ်လပ်ရေးနှင့်စာပေ ( အမှတ် ၁ ၊ဇန်နဝါရီ ၊ ၁၉၅၈ ) ၊ ငြိမ်းချမ်းရေးခရီးဝယ် ၁ ( အတွဲ ၂ ၊ အမှတ် ၂ ၊ ဖေဖော်ဝါရီ ၊ ၁၉၅၈ ) ၊ ငြိမ်းချမ်းရေးခရီးဝယ် ၂ ( အတွဲ ၂ ၊ အမှတ် ၃ ၊မတ်၊ ၁၉၅၈ )။
မောင်သစ္စာ အမည်ဖြင့်ရေးသားခဲ့သော အမျိုးသား လွတ်လပ်ရေးအဓိပ္ပာယ်( အမှတ် ၁ ၊ ဇန်နဝါရီ ၊၁၉၅၈)၊ ယနေ့တိုင် ဖြေ၍မရသောကြိုးထုံးကြီး ( အတွဲ ၂ ၊ အ မှတ် ၂ ၊ ဖေဖော်ဝါ ရီ ၊ ၁၉၅၈ ) ၊ဖဆပလညီလာခံနှင့်ဦး နုမိန့်ခွန်းအားဝေဖန်ဆန်း စစ်ချက် ( အတွဲ ၂ ၊အမှတ် ၃ ၊ မတ်လ ၊ ၁၉၅၈ ) ၊ မေဒေးလှိုင်း ( ဗမာပြည်ဆိုရှယ်လစ် အလုပ်သမားအစည်းအရုံးဘယ်လဲ ) တို့ပါရှိသည် ။
'' ဒီမိုကရေစီခေတ်တွင် သတင်းစာနယ်မှာမီးမောင်းကြီး နှင့်အလားတူ၏။ တိုင်းပြည်၏ကောင်းကျိုးကိုရှေးရှု၍ ပညာရေးကို ပြန့်ပွားစေသောယာဉ်တစ်ခုဖြစ်၏။ ဂျာ နယ်သည် လူထုနှင့်ဆက်ဆံသော လူထုဆက်ဆံရေး ဋ္ဌာနတစ်ခုဖြစ်၏။ ဂျာနယ်တွင် ဝါဒသည်ပြတ်ပြတ်သား သားထားရှိရလေမည်။ ယခုခေတ်ကား တော်လှန်ရေးခေတ်ဖြစ်၏။ ပြည်သူလူထုက ဒီမိုကရေစီဟောင်းကို ခြားနားသောခေတ်ဖြစ်၏။ ''
(လင်းယုန်ငှက်သည် ပျံသန်းလေပြီ၊စာမျက်နှာ - ၁၁ မှ )
'' ကိုယ့်နည်းနှင့်ကိုယ်၊ ကိုယ့်ဟန်နှင့်ကိုယ် ကွန့်မြူးပွင့် ဖူးကြခြင်းသည်ကောင်းသောဖွံ့ဖြိုးခြင်းလက္ခဏာတစ်ရပ်ဖြစ်၏။ သို့သော်မလိုလားအပ်သော''ဂိုဏ်းဂဏ''များ ကပ်ရောက်လာလျှင်ကား လူငယ်တို့၏ကွန့်မြူးချက်တို့ သည် လွင့်မျောကုန်မည်ကို သတိရှိအပ်ပေသည်။ လူ ငယ်တို့သည်''နိုင်ငံရေးသမား''အချို့၏ကိုယ်ကျိုးရှာမှု (ဝါ)အသုံးချမှုကိုသိမြင်ရှောင်ရှားရမည်။''
( နွေလယ်တေးသံ ၊ စာမျက်နှာ - ၁၇ မှ )
'' စကားလုံးတစ်လုံး၏နောက်ကွယ်တွင် သူ၏အနက်အဓိပ္ပာယ်များကပ်လျက်ရှိနေမြဲဖြစ်၏။ သည်အနက်အဓိပ္ပာယ်များမှာ အကောင်အထည်နှင့်ရှိရပေမည်။ လက်တွေ့အလုပ်များ၏ ဖော်ပြချက်ဖြစ်ရပေမည်။ ရာဇဝင်ခေတ်များပြောင်းလဲလာသောအခါ စကားလုံး ၏အနက်အဓိပ္ပာယ်သည်လည်း လက်တွေ့အလုပ်များ အရပြောင်းလဲလာပေသည်။ ''
( အမျိုးသားလွတ်လပ်ရေးအဓိပ္ပာယ် ၊ စာမျက်နှာ - ၁၉ မှ )
'' အစိုးရစီမံကိန်းများ ပျက်တိုင်း ပျက်တိုင်းသောင်းကျန်း သူတွေကြောင့်ဟု ဖဆပလခေါင်းဆောင်များသည် လက်ညှိုးထိုး ကာ ပြန်ရှင်းခွင့်မရသော တောထဲမှသူပုန်များအားအပြစ်တင်ခဲ့ကြ၏။ ယင်းအပြစ်တင်ချက်မှကောက်ချက်ဆွဲရသော် ပြည်တွင်းငြိမ်းချမ်းရေးရမှ ပြန်လည်ထူထောင်ရေးစီမံကိန်းများအကောင်အထည်ပေါ် မည်ဟူသော ယုတ္တိသက်သေတစ်ခုထွက်နေ၏။
ထို့ကြောင့်ချုပ်ရသော် မြန်မာပြည်၏ယနေ့အရေးအကြီး ဆုံးလည်းဖြစ်၊အခြေအမြစ်လည်းဖြစ်သော နိုင်ငံရေးပြ ဿနာမှာ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာဖြစ်သည်။ ''
( ယနေ့တိုင်ဖြေ၍မရသောကြိုးထုံးကြီး ၊ စာမျက်နှာ - ၂၉ မှ )
'' ယနေ့ခေတ်၌ ချိုးဖြူငှက်သဏ္ဌာန်ကိုမြင်လျှင် '' ငြိမ်း ချမ်းရေး''ဟုနားလည်လိုက်ကြ၏။ ချိုးဖြူသည်ငြိမ်းချမ်းရေး၏အမှတ်အသားဖြစ်နေ၏။ ဥရောပကဗျာများတွင် ချိုးဖြူကို သန့် ရှင်းခြင်း၊ နူးညံ့ခြင်း၊ ငြိမ်းချမ်းရေး၊ မေတ္တာ စသောအနက်တို့ ဖြင့်တင်စားဖွဲ့နွဲ့လေ့ရှိကြပေသည်။ ချိုးဖြူ၏တင်စားချက် မြန်မာ့အဓိပ္ပာယ်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းအားတစ်ခါကမေးကြည့်ရာ ''ချိုး ငှက်ဆိုတာ အေးချမ်းသာယာတဲ့နေရာမှနေနိုင်တာ။ သူ တို့ကအေးချမ်းမှုအင်မတန်ချစ်တဲ့ငှက်အမျိုး ကွ''ဟုပြော ဖူးသည်။ မြန်မာကဗျာ၊တေးဂီတတို့၌ ချိုးကူသံကို ''မေ တ္တာ၏တေးသံ''အဖြစ်သီကုံးတတ်ကြသေးသည်။''
( ငြိမ်းချမ်းရေးခရီးဝယ် ၁ ၊ စာမျက်နှာ - ၃၉ မှ )
လွန်ခဲ့သော နှစ်ပေါင်း ၆၀ ဝန်းကျင်ကာလက အရေးအ သားများဖြစ်သည့်တိုင် မျက်မှောက်ခေတ်နိုင်ငံရေးအ ခင်းအကျင်းနှင့်ဆက်စပ်စဉ်းစားကြည့်ဖွယ်ရာဆောင်း ပါးများဟုယူဆမိပါသည်။
မမသ
၂၂ ၊ ဇွန် ၊ ၂၀၁၈