စာအုပ်အမည် - ခေတ်စမ်းပုံပြင်များ (ခေါ်) ခေတ်စမ်းဝတၳုများ
စာရေးသူများ - သိပ္ပံမောင်ဝ၊ ပါမောက္ခ ဦးဧမောင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသ
တည်းဖြတ်သူ - ဆရာကြီးဦးဖေမောင်တင်
စာအုပ်အတွဲ - ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲပေါင်းချုပ်
ထုတ်ဝေသူ - ဒေါ်ခင်အေးမြင့်၊ ရာပြည့်စာပေ
ထုတ်ဝေသည့်အကြိမ် - တတိယအကြိမ်
ပထမအကြိမ် - ၁၉၃၄-၃၈ ခုနှစ်၊ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း
ဒုတ်ိယအကြိမ် - ၁၉၇၆ ခုနှစ်၊ ပုဂံစာအုပ်တိုက်
တတိယအကြိမ် - ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ၊ ရာပြည့်စာအုပ်တိုက်
တန်ဖိုး - ၂၅၀၀ ကျပ်
စာမျက်နှာ - ၃၃၆
"မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့ဖြင့် အစားထိုးအံ့"
လူတိုင်း နားလည် ခံစားနိုင်သော အကြောင်းအရာ၊ အတွေးအယူကို လူတိုင်း နားလည်နိုင်၊ နည်းမှီးနိုင်သော အရေးအသားဖြင့် ခေတ်ကို စမ်းသပ်ရာမှ မားမားမတ်မတ် ဖွံ့ဖြိုးလာသော မြန်မာစာပေ တစ်ခေတ်သည် ခေတ်စမ်း။
{ဂနၳလောက မဂ္ဂဇင်းမှ}
~~~~~~~~~~~~~~~~~~~~~~~
ခေတ်စမ်းစာ စကားပြေ အရေးအဖွဲ့များသည် အတွေးအမြင် လှပခြင်း၊ အရေးအဖွဲ့ လှပခြင်းတို့ကြောင့် နှစ်သက်ဖွယ် ကောင်းလှသည်။ ဝတၳုတိုကဲ့သို့ ဇာတ်လမ်း ဇာတ်ကွက်များဖြင့် ရေးဖွဲ့ခြင်းမျိုး မဟုတ်သော်လည်း ဖြစ်ရပ်များ၊ အတွေးများကို နှစ်သက်ဖွယ်ကောင်းအောင်၊ စိတ်အာရုံတွင် ပေါ်လွင်လာအောင် ရေးဖွဲ့သည့်အတွက် ရသအာနိသင် ရှိသည်။ ဆောင်းပါးကဲ့သို့လည်း သိဖွယ်၊ မှတ်ဖွယ်များကို တည်တည်ခန့်ခန့်ဖြင့် အပြင်ကနေပြီး ပြောခြင်းမျိုး မဟုတ်ဘဲ နည်းယူဖွယ်၊ ဆင်ခြင်ဖွယ်များကို အတွင်းကနေပြီး ရင်းရင်းနှီးနှီး ပြောပြသည့် ပုံစံမျိုး ဖြစ်သည်။ ထို့ကြောင့် မြန်မာစာပေသမိုင်းတွင် ခေတ်စမ်းစာကို ရသစာပေအဖြစ် သတ်မှတ် လက်ခံကြပါသည်။
မြန်မာနိုင်ငံတွင် ခေတ်စမ်းစာပေ ထွန်းကားလာရခြင်းမှာ ကိုလိုနီခေတ် ဂနၳလောက မဂ္ဂဇင်းက အစပျိုးလိုက်သောကြောင့် ဖြစ်သည်။ အင်္ဂလိပ် အက်ဆေးများကို မြန်မာဘာသာ ပြန်ဆိုကြရာမှ ထိုစာမျိုး၏ သဘာဝကို နှစ်ခြိုက်လာကြသော မြန်မာစာရေးဆရာများသည်လည်း အလားတူ စာမျိုးကို မိမိတို့၏ စိတ်ကူးဖြင့် ဖန်တီး ရေးဖွဲ့လာကြသည်။ ဤသို့ဖြင့် မြန်မာစာပေလောကတွင် ခေတ်စမ်းစာပေဟူ၍ ကဏ္႑သစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပါသည်။
ဆရာကြီး ဦးဖေမောင်တင်၏ နိဒါန်း၌ ဤခေတ်စမ်းစကားပြေ စာအုပ်သည် ၁၉၃၀ ပတ်ဝန်းကျင်ကာလ ဂနၳလောကမဂ္ဂဇင်း၊ တက္ကသိုလ်မဂ္ဂဇင်းနှင့် သမဂ္ဂမဂ္ဂဇင်းတို့မှ ကောင်းနိုးရာရာများကို ကောက်နှုတ်စီရင်ထားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းအချိန်တွင် ဆရာကြီး သိပ္ပံမောင်ဝသည် အစိုးရအမှုထမ်း၊ ပါမောက္ခ ဦးဧမောင်သည် တက္ကသိုလ်နည်းပြ၊ ဆရာကြီးဇော်ဂျီသည် မြို့မကျောင်းဆရာ၊ ဆရာကြီးမင်းသုဝဏ်နှင့် ဆရာကြီးကုသသည် မဟာဝိဇ္ဇာတန်း သင်ယူနေဆဲအချိန် ဖြစ်သည်။ ထိုစဉ်က ခေတ်စမ်းစာပေ၏ အစအမွန် စာရေးဆရာများသည်ကား ယနေ့ခေတ်အချိန်တွင် မြန်မာစာပေလောက၏ ဂနၳ၀င်စာဆို ဖခင်ကြီးများ ဖြစ်နေကြပေပြီ။
ဤစာအုပ်ပါ စာများသည် ထိုခေတ်ထိုအချိန်က အကောင်းဆုံးစာများဟု သတ်မှတ်ပြီး ရွေးထုတ်ခဲ့ခြင်းမျိုး မဟုတ်ဘဲ အကြောင်းသိပြီးဖြစ်သည့် တပည့်အရင်းများ၏ အရေးအသားတို့ကိုသာ အခါအခွင့်သင့်သည် အားလျော်စွာ စုစည်းထည့်သွင်းခဲ့ခြင်း ဖြစ်ပြီး၊ ခေတ်စနစ် ကာလအလျောက် ပေါ်ပေါက်လာသော ယခုကဲ့သို့သော စာမျိုးကို ထုတ်ဝေရလျှင် မြန်မာစာပေ တွင်ကျယ် တိုးပွားခြင်း၏ အကြောင်းတစ်ရပ်လည်း ဖြစ်ပေလိမ့်မည်ဟူသော သဘောထားဖြင့် စီစဉ်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆရာကြီး ဦးဖေမောင်တင်က ဆိုထားပါသည်။
ဤစာအုပ်ကို မြန်မာနိုင်ငံ ပညာပြန့်ပွားရေး အသင်းက ပထမတွဲ၊ ဒုတိယတွဲ နှစ်အုပ်ခွဲ၍ အစဦးစွာ ထုတ်ဝေခဲ့သည်။ ပုဂံစာအုပ်တိုက်မှ ပြန်လည် ထုတ်ဝေချိန်တွင် ပထမတွဲ၊ ဒုတိယတွဲ နှစ်အုပ်အစား နှစ်တွဲပေါင်းချုပ်အဖြစ် တစ်အုပ်တည်း စုစည်းခဲ့ပြီး ယခု ရာပြည့်စာပေမှလည်း နှစ်တွဲပေါင်းချုပ်အဖြစ် ထုတ်ဝေထားသည်။ မြန်မာစာပေခရီး၏ ဂနၳ၀င်မှတ်တိုင် ဤစာအုပ်တွင်ကား ခေတ်စမ်းစကားပြေ အရေးအဖွဲ့ စုစုပေါင်း (၅၈)ပုဒ် ပါဝင်ပါသည်။
ပထမတွဲတွင်-
ဆရာကြီးသိပ္ပံမောင်ဝ (၁၁)ပုဒ်၊
ပါမောက္ခ ဦးဧမောင် (၂)ပုဒ်၊
ဆရာကြီးဇော်ဂျီ (၂)ပုဒ်၊
ဆရာကြီးမင်းသုဝဏ် (၉)ပုဒ်၊
ဆရာကြီးကုသ (၄)ပုဒ် ပါဝင်ပြီး၊
ဒုတိယတွဲမှ ဝတၳုဆောင်းပါး (၃၀)ပုဒ်လုံးသည်ကား-
ဆရာကြီးသိပ္ပံမောင်ဝ တစ်ဦးတည်း၏ လက်ရာ ဖြစ်လေသည်။
မိမိကဲ့သို့သော အနုညာတ ဝါသနာရှင် တစ်ဦးအနေဖြင့် ဂနၳဝင်ဆရာကြီးများ၏ စာသီကုံး ရေးဖွဲ့ဟန်၊ စကားလုံး ရွေးချယ် သုံးနှုန်းဟန်တို့ကို သုံးသပ်နိုင်လောက်သည့် စာပေအဆင့်အတန်းမျိုး မရှိသောကြောင့် ဤစာအုပ်၌ ပါဝင်သော စာစုများကို အရေးအဖွဲ့ သုံးသပ်ချက် ပုံစံမျိုးဖြင့် မဟုတ်ဘဲ အကြောင်းအရာ အကျဉ်းချုပ် ပုံစံမျှဖြင့်သာ စာညွှန်းပြု မိတ်ဆက်ပေးလိုပါသည်။
~~~~~~~~~~~~~~~~~~~~~
ပါမောက္ခ ဦးအေးမောင်၏ "ကျုပ်မှားတာပေါ့" သည် မိမိချစ်သူအား သူ၏အစ်မဖြစ်သူယောကျ်ားလျာနှင့် အထင်လွဲ စိတ်နာမိသူ ကောလိပ်ကျောင်းသား တစ်ဦးအကြောင်း ဟာသမြောက်စွာ ရေးဖွဲ့ထားခြင်း ဖြစ်ပြီး၊ "ချစ်သက်လှယ်" သည်ကား ဇနီးဖြစ်သူကို မိဘအိမ်သို့ ဇွတ်ပြန်ပို့ကာ ပုလိပ်ရောဂါဆိုးဒဏ်ကို တစ်ယောက်တည်း ခံယူသွားရှာသော စေတနာ မေတ္တာရှင် ဆရာဝန်လေးအကြောင်း ရင်နင့်ဖွယ် ရေးသားထားခြင်း ဖြစ်ပါသည်။
ဆရာကြီးဇော်ဂျီသည် "ဖိုးမာဒင်" တွင် လောကဓံကို ကြံ့ကြံ့ခံလျက် အနုပညာစွမ်းဖြင့် အများအကျိုးဆောင်သော အထီးကျန် ရုပ်သေးပညာရှင် တစ်ဦး၏ ဘဝကို လေးစားဖွယ်၊ ကြင်နာဖွယ် ရေးဖွဲ့ထားပြီး၊ "ကြင်မည့်သူ" တွင်ကား မိမိက ချစ်ရသူ မိန်းကလေး မှာလိုက်သည့် ကြယ်သီးလေး ရှာဝယ်ကာ မြို့မှ ပြန်လာချိန်တွင် သဘာဝဘေးရန်ကြောင့် ချစ်သူ ဆုံးပါးသွားခဲ့ပြီ ဖြစ်သဖြင့် အသိစိတ်ပျောက်သွားရှာသည့် လူငယ်လေးတစ်ဦးအကြောင်း ကရုဏာသက်ဖွယ် ရေးခြယ်ထားပါသည်။
ဆရာကြီးမင်းသုဝဏ်သည် ကျောင်းပြန်ဖွင့်သော်လည်း ဘဝအခြေအနေအရ ကျောင်းပြန်တက်ခွင့် မရသော ခံစားမှုကို "လောကဓံ" တွင် ဖွဲ့ပြထားသည်။ "ရှေးခေတ်ဟောင်း" တွင် အိမ်ရှိ ရှေးဟောင်းပစ္စည်းများမှ တစ်ဆင့် ဘိုးဘွားမိဘ ဦးကြီးများ၏ အတိတ်ဖြစ်စဉ်များကို မှန်းဆမြင်ယောင်မိနေသော မိန်းကလေး၊ "ဘကြီးအောင် ညာတယ်" တွင် ဆင်စွယ်မင်းသမီးရုပ်လေးကို လိုချင်မိ၍ အသက်ဆုံးသည့်တိုင်အောင် ဖြစ်ခဲ့ရသော ဘုန်းကြီးကျောင်းသားလေး၊ "သင်္ကြန်တုန်းက" တွင် ကျေးလက်တောရွာများ၌ သင်္ကြန်အခါ မြင်တွေ့ရသော ဘေးမဲ့နွားလွှတ်ပွဲ၊ "ရန်ရှင်း" တွင် တောရွာသားလေးအပေါ် မရှိခိုးနိုး ထင်မြင်မှားမိသည့် ပညာတတ် မြို့ကျောင်းသား၊ "မောင်ချိုနှင့်မောင်ညို" တွင် ညီအစ်ကိုအသွင်ပင် ချစ်ခင်မိသည့် ခြံပေါက်နွားကလေးကို ကြွေးရှင်ထံမှ ပြန်ရွေးနိုင်ရန် ရုန်းကန်ခဲ့သည့် လယ်သမားလေး၏ ရင်နင့်ဖွယ် ဖြစ်ရပ်၊ "သားသက်ဝေ" တွင် မိခင်ကြီးအပေါ် ချစ်ခြင်းမေတ္တာ ကြီးမားသည့် သားဆိုးတစ်ဦး လိမ္မာလာကာမှ ကြေကွဲဖွယ် ကြုံရပုံ၊ "ဥသြ" တွင် အခြေအနေချင်း ကွာခြားလွန်းသည့် ချစ်သူအား ရင်ကွဲခံ၍ စွန့်လွှတ်လိုက်သူ ဈေးသည်လေး၊ "ကွန်ဂဒူး" တွင် ခေါင်းဆောင်းခမောက်၌ သိပ်ထားခဲ့သော သားငယ် ရေမျောပျောက်ဆုံးသွားသဖြင့် ကောက်စိုက်သမ မွန်မိခင်လေး သေဆုံးကာ ကွန်ဂဒူးငှက်လေး ဖြစ်လာပုံတို့ကို အသီးသီး စာပန်းချီ ခြယ်မှုန်းပြထားပါသည်။
ဆရာကြီးကုသသည် "ဝဇီကိုင်"တွင် တောရွာဘောလုံးပွဲ၌ ဝီစီကိုင်(ခရာကိုင်) ဒိုင်လူကြီး ပြုလုပ်ကာ ရန်ပွဲကြားမှ မနည်းပြေးခဲ့ရသူ တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဖြစ်ပုံအထွေထွေ၊ "သံတုတ်ထိစ" တွင် ရှားပါး တောရွာဘုရားပွဲတွင် သူကြီးနှင့် လူပျိုခေါင်းတို့ အမြင်စောင်းကြရာမှ ပွဲလန့်ကာ သူကြီးမင်း သံတုတ်ထိ၍ ခေါင်းကွဲရပုံ၊ "အာဠာဝကဟေ့" တွင် မျောနေသည်ကို သေပြီထင်ပြီး ပြင်ဆင်ထားသည့် အသုဘအိမ်တွင် တစေၦသူရဲ အကြောင်းများ ပြောနေကြစဉ် လူမမာ ပြန်ရှင်လာသဖြင့် ပြေးကြလွှားကြရပုံတို့ကို ဟာသဉာဏ်ရွှင်စွာ ရေးဖွဲ့ထားသည်။ "ခါဝသန်" တွင်ကား မိုးတွင်းအခါ သဘာဝ ပတ်ဝန်းကျင် တောတောင်ရေမြေ အလှအပများကြားတွင် လယ်သမား၊ တံငါသည်များ မိမိတို့ဆိုင်ရာ လုပ်ငန်းလုပ်နေပုံကို ပန်းချီကားလေးသဖွယ် အတွေးအာရုံ ထင်မြင်လာစေကာ တင်ပြပေးထားပါသည်။
မြန်မာစာပေသမိုင်းတွင် ကာရန်အချိတ်အဆက်ရှိသော စကားပြေ အရေးအဖွဲ့မျိုးမှ ထင်လွယ် မြင်လွယ် ဝါကျတိုများဖြင့် တင်ပြသော စကားပြေရိုးရိုးသို့ ကူးပြောင်း၍ ရေးသားလာကြရာတွင် ဆရာကြီး သိပ္ပံမောင်ဝသည် ခေါင်းကိုင်ဖခင်ကြီးပင် ဖြစ်သည်။ မြန်မာစာပေ လေ့လာလိုက်စားသူ စာပေဝါသနာရှင်များနှင့် အကျွမ်းတဝင် ရှိလှသော ဆရာကြီးသိပ္ပံမောင်ဝ၏ ဝတၳုဆောင်းပါး (၄၁)ပုဒ်ကိုကား ခေါင်းစဉ်အမည်များနှင့် တိုက်ရိုက်စာညွှန်း အနည်းငယ်ကိုသာ မိတ်ဆက်ပါတော့မည်။
ပထမတွဲတွင်- စည်းစိမ်၊ ဧရာဝတီ၊ အင်းဝ၊ မင်းလတ်၊ ဗေဒါ၊ တစ်ရာ့တစ်ဆယ်၊ ကင်းစောင့်၊ နယ်ပိုင်မင်း၊ မောင်းသံ၊ လေလံပွဲ၊ ပစ္စန္တရစ်တို့ ပါဝင်ပြီး၊
ဒုတိယတွဲတွင်- စစ်ကိုင်းကူးတို့၊ အိုင်စီအက်၊ ပန်းသည်၊ တို့တောရွာ၊ ဘထွန်း၊ ဓားပြမှု၊ တို့ဆရာ၊ မအေးဖွယ်၊ မြင်းတွေ၊ မရွေးမီ၊ ထောင်ပြေး၊ ဤခေတ်ဆိုး၊ ရွာ့ကျက်သရေ၊ ရွေးကောက်ပွဲ၊ ပဋာစာရီ၊ သူပုန့်အငွေ့၊ ဆင်ဖြူတော်၊ နိဗ္ဗာန်ဆော်၊ ညနေခင်း၊ သင်္ကြန်စာ၊ သံယောဇဉ်၊ အလုပ်လက်မဲ့၊ လူမိုက်၊ ရွှေတိဂုံ၊ စဏ္႑ာလ၊ ငရဲပြည်၊ စေတနာ၊ တောက်တဲ့၊ တို့ကိုယ်တော်၊ မြင်းပွဲ တို့ ပါဝင်ကြပါသည်။
ဆရာကတော်ကြီး၏ လုံ့လကြောင့် မြစိန်တို့ သုံးယောက်မှာ ထမင်းချက်လည်း တတ်ကြလေပြီ။ ချဉ်ပေါင်ဟင်း၊ ကင်ပွန်းရွက်ဟင်း၊ ကန်စွန်းရွက်ဟင်း ချက်နည်းတို့ကိုလည်း တတ်ကြလေပြီ။ ကြက်သား၊ ဘဲသား၊ ဝက်သားဟင်း ချက်နည်းတို့ကိုကား မသင်ကြားရသေးချေ။ ဆရာကတော်ကြီး မချက်တတ်သောကြောင့် မဟုတ်ပါ။ ကြက်သား၊ ဘဲသား၊ ဝက်သားတို့ကို မဝယ်နိုင်သေးသောကြောင့်သာ မသင်ကြားရခြင်း ဖြစ်လေသည်။ ဟော ဟော ဆရာကတော်ကြီး ထွက်လာပြီ။ ဆံပင်မှာ ဆီမရှိ။ ခေါင်းပွကြီးနှင့် ဖြစ်၏။ အကျႌမှာ လက်နှီးရောင်၊ ထဘီမှာ ဖာထေးရာတွေ အနန္တ၊ ညစ်ထည်းတော်မူလှသော ဆရာကတော်ကြီး ဖြစ်လေသည်။ အင်းသားကြီးကတော် ဒေါ်သာအိ ပူဇော်ခဲ့သော ဆန်နှစ်ပြည်နှင့် ငွေနှစ်မတ်တို့ကို သိမ်းကာ နောက်ဖေးသို့ ဝင်သွား၏။
[သိပ္ပံမောင်ဝ - ရွာ့ကျက်သရေ - စာ ၂၃၉]
ဦးထွား တစ်ကျွန်းမှ ပြန်ရောက်၍ မကြာမီပင် မယားတစ်ယောက်ကို ယူပြန်၏။ အသက်ကား ၄၀ နီးပါး။ အမည်ကား ဒေါ်ဆင့်။ သမီးကလေး မြစိန် ဆိုသူလည်း ပါလာလေသည်။ မြစိန်မှာ သနားကမား။ အသက်ကား ၁၆ နှစ်သာ ရှိသေး၏။ ဦးထွားမှာ သည်ယုန်မြင်၍ သည်ခြုံထွင်ခြင်း ဖြစ်လေသည်။ ဒေါ်ဆင့်နှင့်ညား၍ ၄ လမျှ မကြာမီပင် မြစိန်ကလေးကို သိမ်းပိုက်ပြန်၏။ ဒေါ်ဆင့်ကလည်း ကျေကျေနပ်နပ်။ မြစိန်ကလည်း ကျေကျေနပ်နပ်။ ဦးထွားကလည်း ကျေကျေနပ်နပ်။ သူတို့သုံးဦးသားမှာ အင်မတန် ပျော်ရွှင်နေကြလေသည်။ မကြာမီအတွင်းမှာပင် မြစိန်၏ လက်တွင် ရွှေလက်ကောက်တွေ အပြည့် ရောက်နေပေပြီ။ မြစိန် ကုသိုလ်ကောင်းတာပဲဟု အိမ်နားနီးချင်းတွေက တီးတိုးစကား ပြောကြားကြသေးသည်။ လောကကြီး ပျက်စီးလေပြီတကား။
[သိပ္ပံမောင်ဝ - လူမိုက် - စာ ၂၉၅]
မြင်းကိုချည်း မကြည့်ပါနှင့်ဦး။ မြင်းရှင်ကိုလည်း သတိထား၍ ကြည့်ကြပါ။ ပါးစပ်တွင် သွားတစ်ချောင်းမျှ မရှိ။ အသက်ကား လေးဆယ်ကျော်သာ ရှိသေးသည်။ မျက်မှန်ကိုလည်း တပ်ထားလေသေးသည်။ ဦးခေါင်းက ပြောင်ရသည့်အထဲတွင် မျက်နှာသုတ်ပုဝါကို လည်မှာ ပတ်ထားပြန်၏။ ထိုမြင်းဆရာ ဂိုက်ကျကျ ဟန်ပါပါ မိမိ၏ မြင်းပေါ်တွင် ထိုင်နေသည်မှာ ကဏ္႑ိက၏ဆရာ မောင်ဆန်နှင့် ခပ်ဆင်ဆင် တူပေလိမ့်မည်။ မြင်းပေါ်က စီးသောကြောင့်သာ မောင်ဆန်ဟူ၍ အတပ်မစွဲနိုင်။ အကယ်၍သာ မြင်း၏အမြီးကို ဆွဲ၍လိုက်သည်ဖြစ်မူ မောင်ဆန်ဟူ၍ လူတကာက ခေါ်မည် ဖြစ်လေသည်။ မောင်ဆန်ကို ကြည့်ရသည်နှင့်ပင် မြင်းကို မကြည့်နိုင်တော့ပြီ။ မြင်းပြိုင်ပွဲကြီးကို ကြည့်နေကြသူတို့လည်း မောင်ဆန်ကို ကြည့်ကာ တဟားဟား တဝါးဝါးနှင့် နေကြကုန်၏။
[သိပ္ပံမောင်ဝ - မြင်းပွဲ - စာ ၃၃၅]
~~~~~~~~~~~~~~~~~~~~~
ဤစာအုပ်ပါ ခေတ်စမ်းဝတၳုများ ရေးဖွဲ့ခဲ့ကြသူ ဆရာကြီးတို့တွင် အချို့က ဝါကျတိုများ နှစ်သက်သဖြင့် များစွာသုံးသည်။ အချို့က စကားလုံး အဓိပ္ပါယ် ဖော်ဆောင်မှုကို အသေအချာ ရွေးချယ်၍ သုံးသည်။ အချို့က ရယ်ရွှင်ဖွယ် ရှုထောင့်မှ အလေးထား၍ ရေးသည်။ အချို့က လွမ်းဆွတ်နာကျင်ဖွယ် ပုံဖော်ရေးသားသည်။ အချို့က ပန်းချီတစ်ချပ်၊ ကဗျာတစ်ပုဒ် ခြယ်မှုန်း ရေးစပ်သကဲ့သို့ အသေးစိတ် လှပစွာ သီဖွဲ့သည်။ လေးစားဦးခိုက် အတုယူဖွယ် ဆရာကြီးများ၏ အတွေးလည်းလှ အရေးလည်းလှသော အဖွဲ့အနွဲ့ စကားလုံး အသုံးအနှုန်း အဆင်အပြင် အပြည့်အစုံကိုမူကား "ခေတ်စမ်းပုံပြင်များ (ခေါ်) ခေတ်စမ်းဝတၳုများ" စာအုပ်တွင် အသေးစိတ် ဖတ်ရှု လေ့လာကြပါ။
"ခေတ်စမ်းပုံပြင်များ ခေါ် ခေတ်စမ်းဝတၳုများ" စာအုပ်သည်ကား ၁၉၃၀ ပြည့်လွန် ကိုလိုနီခေတ်တွင် စတင် စမ်းသပ် ဖန်တီးခဲ့ကြသည့် ခေတ်စမ်းစာ ခေါ် စာမွန် ခေါ် ရသစာတမ်း ခေါ် အက်ဆေးစာပေ အမျိုးအစား၏ သမိုင်းဦး အရေးအသားများကို ဖတ်ရှု လေ့လာ အရသာ ခံလိုကြသည့် မြန်မာစာပေ ဝါသနာရှင်များ အတွက်ရော ပညာရှင်များ အတွက်ပါ အတိုင်းထက်အလွန် စိတ်ကျေနပ်မှု ရစေမည့် စာပေရတနာ ဂနၳဝင်စာအုပ် တစ်အုပ် ဖြစ်ပေသည်။ ယနေ့အချိန်တွင်ကား ဤစာပေ အမျိုးအစားသည် လူကြိုက်များ ထင်ရှားသော အရေးအသား အုပ်စုတစ်ခုအဖြစ် အခိုင်အမာ ရပ်တည်နေနိုင်ခဲ့ပြီဖြစ်ပြီး ဆရာကြီး ဦးဖေမောင်တင် မျှော်လင့်ခဲ့သည့်အတိုင်း မြန်မာစာပေလောက တွင်ကျယ် တိုးပွားခြင်း၏ အကြောင်းကဏ္႑ တစ်ရပ် ဖြစ်လာခဲ့သည်မှာလည်း မျက်မြင်ထင်ရှားပင် ဖြစ်ပါတော့သည်။
======================
Aye Thitt Sar
30.06.2018 (SAT)
#မြန်မာဂနၳဝင်စာပေ ဖတ်ညွှန်း
#savethelibrary