၂၀၁၀ကတည်းက ဆိုတော့ ၉နှစ်လောက် ရှိပါပြီ။ စိတ်ထဲစွဲကျန်ရစ်သည်က မြို့မငြိမ်း၏ဂီတဉ္စလီ သို့မဟုတ် ပါရမီတော်သီချင်းဖြစ်ပါသည်။ ဆရာမြို့မငြိမ်းက ပါရမီတော်သီချင်းကို သူ့ရဲ့အနုပညာဉာဏ် အကွန့်မြူးဆုံးအချိန်မှာ ရေးစပ်ခဲ့သည်ဟု ယူဆလျှင် မြို့မငြိမ်း၏ဂီတဉ္စလီကို ဆရာနေဝင်းမြင့်က သူ့ရဲ့အနုပညာဉာဏ် အထက်မြက်ဆုံးအချိန်မှာ ကလောင်စွမ်းပြလိုက်သည်ဟုပင် ဆိုချင်ပါသည်။
စာအုပ်ဆိုင်ရောက်တိုင်း အဓိကထားပြီး ရှာဖွေဖြစ်သည့်စာအုပ်တွေ များစွာရှိရာ ဂနိုင့်ကျက်သရေသည်လည်း တစ်အုပ်အပါအဝင်ဖြစ်ပါသည်။ ဝယ်ယူထားသည့် ဂနိုင့်ကျက်သရေကို တစ်ယောက်ယောက်ဆီ ငှားလိုက်မိပေမယ့် ဘယ်သူ့ဆီငှားလိုက်မိသလဲဆိုတာ စဉ်းစားလို့မရတော့ပါ။ လိုချင်တဲ့အခါ ထပ်ဝယ်ရင်ရသားပဲဆိုပြီး ခပ်ပေါ့ပေါ့သဘောထားလိုက်ပါသည်။ ဒါပေမဲ့ ပထမအကြိမ်ထုတ်ဝေသည့် အုပ်ရေက နည်းလို့လား၊ အားပေးဖတ်ရှုသူတွေက များလို့လား မသိပါ။ ထုတ်ဝေပြီး(သိပ်)မကြာခင်မှာပင် ဂနိုင့်ကျက်သရေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါသည်။ HR စာပေတိုက်ကို ဖုန်းဆက်ပြီး မေးကြည့်တော့လည်း လက်ကျန်မရှိတော့ပါတဲ့။ ဒီကြားထဲမှာ ဆရာနေဝင်းမြင့်စာအုပ်တွေ တရစပ် ပြန်ရိုက်ပေမယ့် ဂနိုင့်ကျက်သရေအလှည့်က ရောက်ကို မရောက်နိုင်သေးပါ။ ဘာဖြစ်လို့များ ထပ်မံထုတ်ဝေခြင်းမပြုရတာလဲဆိုတဲ့စိတ်ကလည်း အဲဒီစာအုပ်ကို ပိုပြီးတမ်းမက်စေလေသလားလည်း မသိပါ။ စာအုပ်ဆိုင်တွေဘက်ရောက်တိုင်း ဂနိုင့်ကျက်သရေကိုပဲ ငမ်းငမ်းတက် ရှာဖွေမိခဲ့ပါသည်။ မားကက်ပလေ့စ်မှာ ယခုလဟိုင်းလိုက်ဆိုပြီး ဆရာနေနှင့် ဆရာမခင်ခင်ထူး စာအုပ်တွေချည်း သီးသန့် ခင်းကျင်းထားတဲ့အထဲများ ဂနိုင့်ကျက်သရေ ညပ်ပြီးပါလေမည်လား ရှာဖွေကြည့်ဖြစ်သော်လည်း အချည်းနှီးသာ။
၃-၆-၂၀၁၉ရက်နေ့ ည၆၃၀နာရီလောက်မှာ မြန်မာပလာဇာကို ရောက်ဖြစ်ပါသည်။ ကော်ရည်သောက်ချင်လို့ ရွှေပလ္လင်ကို ဝင်ဖြစ်ပါသည်။ ကော်ရည်ကပြတ်သွားလို့ ထပ်ပြီးလုပ်နေတာမို့ ခဏစောင့်ခိုင်းရာ စောင့်နေရမယ့်အတူတူ အင်းဝ books & cafe သို့ သွားခဲ့ပါသည်။ အင်းဝမှာ စာအုပ်တွေလျှောက်ကြည့်ရင်း ဂနိုင့်ကျက်သရေကို ကံကောင်းထောက်မစွာ တွေ့ပါသည်။ တွေ့တာနှင့်ချက်ချင်းပဲ ဆွဲယူပြီး ဝယ်ခဲ့ပါသည်။ ကျန်စာအုပ်တွေကိုပင် ဆက်မကြည့်ဖြစ်တော့ပါ။ ကော်ရည်ကိုလည်း သတိမရတော့ပါ။ အိမ်ကိုပဲ တန်းပြန်ပြီး အိမ်ရောက်တာနှင့် အဝတ်အစားပင် မလဲတော့ဘဲ ဂနိုင့်ကျက်သရေကို ဖတ်ဖြစ်ပါသည်။
ပထမဆုံးဖတ်ဖြစ်သည်က “မြို့မငြိမ်း၏ဂီတဉ္စလီ” ဆိုတာ ပြောဖို့လိုမည်မထင်ပါ။ ဘေးမှာတော့ မာမာအေး၏ ပါရမီတော်သီချင်းကို အခါခါကြော့၍ ဖွင့်ထားပါသည်။
"ရင်၌ဖြစ်သော သားလို မဟာကရုဏာတရား ထားတော်မူသည်" စချီကတည်းက ကတ္တားတွေ၊ ကံတွေ မြှုပ်ထားတာ သတိထားမိပါသည်။ ဆရာနေကလည်း မူလပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီ စသည့် ပါရမီသုံးပါးမှ အစချီကာ ဒါန၊ သီလ၊ ဝီရိယ၊ နိက္ခမ၊ ပညာ၊ ခန္တီ၊ မေတ္တာ၊ သစ္စာ၊ အဓိဌာနနှင့် ဥပေက္ခာစသည့် မြတ်စွာဘုရားရှင် ဖြည့်ကျင့်တော်မူခဲ့သည့် ပါရမီဆယ်ပါး အပြားသုံးဆယ်ကို ရှင်းလင်းဖော်ပြပေးပြီး ဆရာမြို့မငြိမ်း၏ ကျစ်လျစ်လှပသည့် ဂီတဉ္စလီကို အနုစိတ်သုံးသပ်ကာ ချီးကျူးဂုဏ်ပြုပူဇော်ထားတာကို တွေ့ရပါသည်။
ဂနိုင့်ကျက်သရေမှာ "မြို့မငြိမ်း၏ဂီတဉ္စလီ" အပါအဝင် ဆောင်းပါး ၂၂ပုဒ်ပါဝင်ပါသည်။
"ယွန်းကွမ်းအစ်မေတ္တာစာ" တွင် မြန်မာ့ဂုဏ်ရည်ကို လင်းကျင်းစေခဲ့သည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဓမ္မဝတ်ကျေပွန်ခဲ့ပုံ၊ ဆရာကြီးထုံးဖွဲ့ခဲ့သည့် စာကဗျာများ မြန်မာရနံ့ဖြင့် သင့်ပျံ့နေပုံတို့ကို ဖော်ပြထားပါသည်။
"ခါးစည်းငယ်မှ ဝေသီလေ" တွင် ဝန်ကြီးပဒေသရာဇာနှင့် မြဝတီမင်းကြီးတို့ အစပြုခဲ့သည့် နတ်သံနတ်ချင်းများ၏ အလင်္ကာဂီတကို ဖော်ကျူးထားတာဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်သည့် ယဉ်ကျေးမှုဓလေ့၏ နက်ရှိုင်းသည့် အဓိပ္ပာယ်ကို "တိတ်ဆိတ်သော မိတ်ဆွေများ" တွင် ဖတ်ရှုနိုင်ပါသည်။
တကယ်ရှိခဲ့သော သမိုင်းပုံရိပ်တွေထဲက သမိုင်းအော်ပရာတစ်ပုဒ်ဖြစ်သည့် မင်းခေါင်နော်ရထာအကြောင်းကို လေ့လာလိုလျှင် "မုဆိုးခြုံ" ဆောင်းပါးမှာ လေ့လာနိုင်ပါသည်။ မင်းခေါင်နော်ရထာ၏ ဘဝပုံရိပ်များကို Docudrama အဖြစ် မုဆိုးခြုံဟု နာမည်ပေးကာ ရိုက်ကူးနိုင်ခဲ့ပါက ယိုးဒယားတွေရိုက်ကူးသည့် သောက္ကတဲတို့၊ အယုဒ္ဓယတို့ထက် ညံ့လိမ့်မည် မဟုတ်ဟု ဆရာနေက ယုံကြည်ဟန်တူပါသည်။
"ဆရာခြုံ၏ ပုစွန်ဆီရောင်နေ့ရက်များ" မှာ သီပေါမင်းလက်ထက်၌ ထင်းရှားသည့် ပန်းချီအကျော် ဆရာခြုံ၏ Rhetorical ပုံသဏ္ဌာန် အလင်္ကာပန်းချီကားများအကြောင်းဖြစ်ပါသည်။ ဒါဗင်ချီရေးဆွဲခဲ့သည့် ခရစ်တော်၏နောက်ဆုံးညစာစားပွဲပန်းချီကားနည်းတူ ဆရာခြုံ၏ ပါတော်မူခန်းပန်းချီကားသည်လည်း ဆည်းဆာ၏ ပုစွန်ဆီရောင်နိမိတ်ပုံ ဖြစ်မည်ထင်ပါသည်။
"စောင့်လေမျိုးနွယ်"၌ မျိုးရိုးဇာတိ ဥပဓိလက္ခဏာကို မကျိုးမပဲ့အောင် လျော်လျော်ကန်ကန်၊ မှန်မှန်ဖြောင့်ဖြောင့်၊ မထောင့်မကွေ့၊ ပိုက်ပိုက်ထွေးထွေးရှိနိုင်ရေးသည် မြန်မာတို့၏ ယဉ်ကျေးမှုစံတန်ဖိုးဖြစ်ကြောင်း ဖော်ပြထားပါသည်။
"ကျောင်းပို့သူများ" ကတော့ ဆရာနေ ကျောင်းနေအရွယ်တုန်းကအတိတ်ကို သတိရချက်များဖြစ်ပါသည်။ ဆရာက သူ ကျောင်းစတက်ခဲ့ရသည့် နေ့ရက်များအကြောင်းကို အမေရိကန်ဝတ္ထုတိုရေးဆရာ William Saroyan ၏ The first day of school ဝတ္ထုတိုလေးနှင့် ယှဉ်ပြထားပါသည်။
"ခွာပြာသင်း၊ ထန်းရွက်ပုတီးနှင့် ဓမ္မသံဝေဂသံချိုများ" တွင် ဆားတောင်သောင်း၊ ထန်းရွက်ပုတီးတို့ဖြင့် ကျော်ကြားလှသည့် ရွာစားစိန်တင်ဟန်ထံမှ ကြားသိခဲ့ရသော မောင်းထောင်ဦးကျော်လှ၏ သံချိုများအကြောင်းနှင့် လယ်တီဆရာတော်ဘုရားကြီးက ဦးကျော်လှကို ခပ်ဆတ်ဆတ်ကလေးဆုံးမထားသည့် ဓမ္မသံဝေဂလေးချိုးကြီးအကြောင်း ရေးဖွဲ့ထားတာ ဖြစ်ပါသည်။
ဆရာနေ၏ "ငါးရာ့ငါးဆယ် စာပင်လယ်" ဆောင်းပါးဖတ်ရင်း ကျွန်တော်စာစဖတ်သည့်အရွယ်က ဓမ္မပဒစာအုပ်ကို အမြီးပြန်ခေါင်းပြန်ဖတ်ခဲ့သည်များကို လွမ်းသွားပါသည်။
မြန်မာ့ကြေးနန်းစနစ်နှင့် မြန်မာ့ကြေးနန်းအမှုထမ်းများအကြောင်း တစေ့တစောင်းကို "သစ်စစ်ပွဲနှင့် မြန်မာ့ကြေးနန်းပညာ" တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
ပေးစာတစ်စောင်သည် မီးအိမ်ကလေးထွန်းလိုက်သလို လင်းပသွားစေနိုင်ဆဲလား၊ ဆည်းလည်းကလေးခတ်လိုက်သလို ချိုမြိန်ချမ်းမြေ့သွားစေနိုင်ဆဲပဲလားဆိုတာ "ပေးစာများ" ကို ဖတ်ရှုပြီး စောကြောရမည် ဖြစ်ပါသည်။
"တံတားများ" ဆောင်းပါးတွင် ဆရာနေဖြတ်သန်းဖူးခဲ့သည့် ပါရီက (တံတားသစ်ဟု အဓိပ္ပာယ်ရသည့်) ပွန့်ညက်ဖ်တံတား၊ မဟာဆန်လှသည့် ပွန့်အလက်ဇန်ဒါးသာ့ဒ်တံတား၊ နော်မန်ဒီတံတား၊ သန်လျင်တံတား၊ မြောက်ယမားတံတား၊ ဦးပိန်တံတား စသည့်တံတားတွေများ၏ လူယဉ်ကျေးမှုနှင့် တစ်သားတည်းဖြစ်ပုံများ အကြောင်း ဖြစ်ပါသည်။
"ဘုရားပွဲကို လှည်းနဲ့ဆို" ကတော့ တောရောမြို့ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော ဗုဒ္ဓပူဇနိယ၊ ဓမ္မပူဇနိယ၊ သံဃပူဇနိယ ဘုရားပွဲများအကြောင်းဖြစ်ပါသည်။
No one can live without craving ဆိုပေမယ့် ကွမ်းတစ်ယာအတွက် ဒုက္ခများလှပါလားဆရာနေရယ် ဟု "အာသီသများ" ဆောင်းပါးကိုဖတ်ပြီး ကျွန်တော်ရေရွတ်မိလိုက်ပါသည်။
အရှင်နှစ်ပါး၏ သားတော်၊ သမီးတော်များအတွက် "ပုခက်တင်မင်္ဂလာဧယင်တော်ကျူးချင်းများ" ကို ဆက်သွင်းပြီး သီပေါမင်းနတ်ရွာစံပြီးသည့်နောက်ပိုင်းအထိ ဦးဆွေးဆံမြေ့အမှုတော်ထမ်းရွက်ခဲ့သည့် ဝက်မစွက်ဝန်ထောက်မင်း မင်းကြီးမင်းထင်မဟာစည်သူအကြောင်းကို ဂနိုင့်ကျက်သရေစာမျက်နှာ ၁၄၇မှ ၁၅၄အထိ ဖတ်ရှုနိုင်ပါသည်။
"လွမ်းဖွယ့်မြိုင်ခြေ" တွင် ဆရာကြီးမင်းသုဝဏ်၏ ဂုဏ်အင်ကို အမွှမ်းတင်ထားပါသည်။ အဘိုးသည် မြန်မာစာပေ၏ မီးရှူးတန်ဆောင်မဟုတ်ပါလော။
ရှေးမြန်မာမင်းတို့၏ လယ်ထွန်မင်္ဂလာ ဓလေ့ထုံးစံကို "ပျိုးခင်းကိုဝင်" တွင် လေ့လာနိုင်ပါသည်။ နှုန်းမတန် မြတ်ဘုန်းတော် သမ္ဘာကံကြောင့် မိုးရေမှန်ယို မတတယ် တိုင်းပြည်ကအေး။
ဧည်ဝတ်စောင်ဝတ်အဖြစ် မြန်မာတို့ ဓလေ့ပြုကြသည့် လက်ဖက်ယဉ်ကျေးမှုကို "လက်ဖက်နိုင်ငံရေး"မှာ အထင်အရှား တွေ့နိုင်ပါသည်။ ရွှေဖီလက်ဖက် နတ်သစ်ရွက်တို့သည် အတိုင်းထက်အလွန် ပေါများပါစေသတည်း။
စိတ်ဝမ်းရေ တစ်သဘောတည်း ညီညွတ်ကြသည့် အနုပညာသဘောတရားကို " နှီးဒေါင်းလန်းဆင်ဖနီ" ဖြင့် ဆရာက ဖော်ကျူးခဲ့ပါသည်။ ဟုတ်ပါသည်။ မကြည်အောင်သီဆိုခဲ့သည့် လက်ရေတစ်ပြင်စီးသီချင်းကို ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
ပိတောက်လျှံကဲ ရွှေရည်စွဲတွေ တဝဲဝဲကြွေနေတာ မြင်ရင် ကျွန်တော်တို့ ဘာကို ဘယ်လို လွမ်းမိမှန်း မသိပါ။ ဆရာက ပိတောက်တွေပွင့်လျှင် ပါဗလိုနီရူဒါကို ပြချင်သတဲ့။ ဆရာ့နည်းတူ နီရူဒါလည်း "ပိတောက်သို့ မေတ္တာဘာဝနာ" ပေးပို့ပွားများနေမည် ထင်ပါသည်။
မြတ်လေးပန်းတွေပွင့်လျှင် ဆရာက သူ့အမေကို လွမ်းသည်တဲ့။ ဆရာမခင်ခင်ထူးက မြတ်လေးပန်းတွေကို ဆရာ့စာရေးစားပွဲပေါ်မှာ ဆရာ့ခေါင်းအုံးပေါ်မှာ တယုတယ တင်ပေးထားတတ်သည်တဲ့။ အသည်းအေးအောင်မွှေးတဲ့ မြတ်လေးကို ဆရာ့အမေ အလွန်ကြိုက်သည်တဲ့။ “မြတ်လေးပန်းကုံးကလေးနဲ့အမေ"ကို ဖတ်ပြီး အမေ့သားတွေ အမေ့ကို အပီအပြင် လွမ်းလိုက်နိုင်ကြပါစေ။ ။
#Aung Aung Htwe
Publisher Name: HR publishing house