Book Image

လူကောင်းများ၏ မသိစိတ်မှ ဘက်လိုက်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ တွေးစရာ ဆောင်းပါးများ

ကျွန်း

လူကောင်းများ၏ မသိစိတ်မှ ဘက်လိုက်ခြင်း နှင့်

စိတ်ပိုင်းဆိုင်ရာ တွေးစရာ ဆောင်းပါးများ
ကျွန်း
၂၀၁၈၊ ဖေဖော်ဝါရီ၊ ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
၂၀၀၀ ကျပ်
ဂလိုဘယ်အလင်းစာပေ
01 212300, 09 853 7549, 09 777 630171


#ဘေးမှကြည့်သူများ၏သက်ရောက်မှု


လူမှုရေးစိတ်ပညာရဲ့ စိတ်ဝင်စားစရာ တွေ့ရှိချက်တွေထဲက တစ်ခုက အရေးပေါ်အခြေအနေနဲ့ ကြုံရစဉ်မှာ အနားရှိနေသူတွေရဲ့တုံ့ပြန်မှုပုံစံ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေနဲ့ကြုံရစဉ်မှာ အခြားသူတွေနံဘေးမှာရှိနေရင် ပိုအကူအညီပေးကြသလား၊ အခြားသူတွေမရှိရင် ပိုအကူအညီပေးကြသလားဆိုတဲ့အချက်က လူမှုရေးစိတ်ပညာရှင်တွေအတွက် အလွန်ကို စိတ်၀င်စားစရာကောင်းတဲ့ သုတေသနမေးခွန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီ သုတေသနမေးခွန်းရဲ့မြစ်ဖျားခံရာက အောက်ပါဖြစ်ရပ်ကလေး ဖြစ်ပါတယ်။ 

၁၉၆၄ ခုနှစ် မတ် ၁၃ ရက် နံနက် ၃ နာရီ မိနစ် ၂၀ အချိန် အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကူးဂါးဒင်း မီးရထားဘူတာနားမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ ၂၈ နှစ်အရွယ် အရက်ဆိုင်မန်နေဂျာ ကေတီဂျီနိုဗစ်ဆိုတဲ့အမျိုးသမီးလေးက အလုပ်ကနေ အိမ်ပြန်လာပါတယ်။

သူမက ကားကို ကားရပ်နားတဲ့နေရာမှာထိုးပြီး ပေ ၁၀၀ ခန့်အကွာမှာရှိတဲ့ သူမရဲ့အိမ်ခန်းကို လမ်းလျှောက်လာပါတယ်။ အဲဒီအချိန်မှာ ကားရပ်နားတဲ့နေရာရဲ့ အခြားတစ်ဖက်မှာ အမျိုးသားတစ်ဦးရှိနေတာကို သတိပြုမိလိုက်ပါတယ်။ သူမက အဲဒီလိုသတိပြုမိတာနဲ့ စပြေးပေမယ့် အဲဒီအမျိုးသားက သူမကို မိသွားပါတယ်။ အဲဒီလူက ၂၉ နှစ်အရွယ် ဝင်စတန်မိုစလီဆိုသူဖြစ်ကြောင်း နောက်တော့မှ သိကြရပါတယ်။

ဝင်စတန်မိုလီက လမ်းမီးရောင်အောက်မှာ သူမကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့ပါတယ်။ သူမ အော်ဟစ်တဲ့အခါ အိမ်ခန်းတစ်ခုက မီးလင်းလာပါတယ်။ သူမက " ကယ်ပါ . . . ကျွန်မကို ဓားနဲ့ ထိုးနေပါတယ် " လို့ အော်တဲ့အခါ အမျိုးသားတစ်ဦးက " ကောင်မလေးကို ထားခဲ့ " လို့ လှမ်းအော်ပါတယ်။ ဝင်စတန်မိုလီက သွေးတွေထွက်နေတဲ့သူမကို ထားခဲ့ပြီး ထွက်ပြေးသွားပါတယ်။ အဲဒီနောက်မှာ မီးတွေပြန်မှိတ်သွားပါတယ်။ သူမ လဲနေရာက ပြန်ထနိုင်ချိန်မှာ သူမအခန်းရှိရာကို ယိုင်ထိုးယိုင်ထိုးနဲ့ လျှောက်လာခဲ့ပါတယ်။ သူမအခန်းကို ဝင်တဲ့အပေါက်က အဆောက်အအုံရဲ့အနောက်ဘက်မှာ ရှိပါတယ်။ အဝင်ဝက လှေကားတွေရဲ့ခြေရင်းမှာ သူမ ဆက်မလျှောက်နိုင်တော့ဘဲ လဲကျသွားခဲ့ပါတယ်။ ၁၀ မိနစ်ခန့်အကြာမှာ ဝင်စတန်မိုလီ ပြန်ရောက်လာပြီး သူမကို လိင်မှုဆိုင်ရာ တိုက်ခိုက်မှုတွေ ပြုလုပ်ပါတယ်။ သူမ ငြင်းဆန်ရုန်းကန်တဲ့အခါ ဝင်စတန်က သူမရဲ့လည်ချောင်းကို ဓားနဲ့ထိုးလိုက်တဲ့အတွက် သူမ သေဆုံးသွားခဲ့ပါတယ်။ 

အဲဒီဖြစ်ရပ်က နယူးယောက်တိုင်းမ်သတင်းစာရဲ့ စာမျက်နှာ ၂၆ မှာ စာကြောင်း ငါးကြောင်းလောက်နဲ့ ပါလာခဲ့တယ်။ ဒါပေမဲ့ နှစ်ပတ်အကြာမှာ အဲဒီသတင်းက နယူးယောက် တိုင်းမ်သတင်းစာရဲ့ပထမစာမျက်နှာမှာ ရုပ်ပုံတွေနဲ့ ပြန်ပါလာခဲ့ပြီး ဒုတိယစာမျက်နှာအထိ ကူးရအောင် ရှည်လျားတဲ့ ကြီးမားတဲ့သတင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။

အဲဒီသတင်းမှာ ဖော်ပြထားချက်အရ အမှုကို စုံစမ်းစစ်ဆေးတဲ့ရဲတွေက ဒီဖြစ်ရပ်အား ဥပဒေကို လိုက်နာတဲ့ လေးစားစရာပြည်သူပြည်သား တစ်ဒါဇင်ကျော်က ထိုင်ကြည့်နေခဲ့ကြကြောင်း တွေ့ရှိရလို့ပါပဲ။ အဲဒီလို ဖြစ်ပျက်နေချိန်မှာ ကြည့်နေသူတွေထဲက တစ်ယောက်တောင်မှ ရဲကို ဖုန်းမဆက်ခဲ့ကြပါဘူးတဲ့။ အဲဒီဖြစ်ရပ်က အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။ 

ကေတီသေဆုံးပြီး နှစ် ၃၀ အကြာမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကလေးကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒေါ်ရသာဝါ့ဒ်ဆိုတဲ့ အမျိုးသမီးရဲ့သမီးငယ်ဒလီသာက သြဂုတ်လ တစ်လရဲ ့နံနက် ၂ နာရီအချိန်မှာ ကြုံခဲ့ရခြင်းပါ။ သူမက အခြားမြို့တစ်မြို့က ပြန်လာရင်း လမ်းမှာ အခြားကားတစ်စီးကို သူမကားနဲ့ အနည်းငယ် တိုက်မိခဲ့ပါတယ်။ ဒါပေမဲ့ သူမက ကားကိုမရပ်ဘဲ ဆက်မောင်းလာခဲ့ပါတယ်။ မြို့နှစ်မြို့ကို ဆက်ထားတဲ့ မြစ်ကူးတံတားပေါ်မှာ ယာဉ်ကြောပိတ်ဆို့နေတဲ့အတွက် အဲဒီကားက သူမကားကို မိသွားပါတယ်။

ကားပိုင်ရှင်လူငယ်က သူ့ကားကို သူမဘယ်လို လုပ်လိုက်တာလဲလို့ အပြစ်တင်ကြိမ်းမောင်းပြီး စတင်ရိုက်နှက်ပါတယ်။ အဲဒီလူက အရပ် ၆ ပေ ၄ လက်မမြင့်ပြီး ပေါင် ၂၇၀ ရှိပါတယ်။ အထက်တန်းကျောင်းမှာ ဘောလုံးကစားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အလွန်အမင်း ဒေါသထွက်နေတဲ့အချိန်မှာ သူ့အင်အားတွေကို သုံးမှုက ကြောက်စရာပါ။ သူက ဒလီသာကို ကားပေါ်က ဆွဲချပြီး အဝတ်အစားတွေကို ဆွဲဖြဲကာ ဒလီသာမှာ ကိုယ်လုံးတီးဖြစ်လုနီးပါးပါပဲ။ ဒလီသာက အရပ် ၅ ပေတောင်မရှိတဲ့ ကောင်မလေးပါ။ ဒလီသာက သူ့ကို ရိုက်နှက်နေသူလက်က နှစ်ကြိမ် ထွက်ပြေးနိုင်ခဲ့ပေမယ့် နှစ်ကြိမ်စလုံး ပြန်မိသွားခဲ့ပါတယ်။ သူမက တံတားရဲ့အစွန်းက တန်းတွေကိုခိုပြီး ထွက်ပြေးပုန်းကွယ်ဖို့ ကြိုးစားပေမယ့် သူမကို ရိုက်နှက်သူက ကားဂျိုက်တံနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ သူမက ထပ်ရိုက်ခံရမယ့်အရေးကို တွေးပြီး တံတားကိုခိုထားတဲ့လက်ကိုလွှတ်ကာ ရေထဲ ခုန်ချသွားပါတယ်။ သူမ ရေမကူးတတ်ပါဘူး။ ရေထဲ ကျသွားတဲ့သူမကို လူနှစ်ယောက်က ဆင်းဆယ်ပေမယ့် မမီတော့ပါဘူး။ နောက်တစ်နေ့ မနက်မှ သူမရဲ့အလောင်းကိုပဲ ပြန်ရပါတော့တယ်။ ဒလီသာကို တံတားပေါ်မှာ ရိုက်နှက်ခဲ့တဲ့အချိန်က ၂၅ မိနစ်လောက် ကြာပါတယ်။ လူ ၄၀ လောက် ဘေးကနေ ဝိုင်းကြည့်နေကြပေမယ့် ရိုက်နှက်နေတာကို ရပ်တန့်သွားအောင် ဘယ်သူကမှ မကြိုးစားခဲ့ကြပါဘူး။ ဆဲလ်ဖုန်းပါသူတွေရှိကြပေမယ့် ရဲစခန်းကို ဖုန်းဆက်ပေးသူ မရှိခဲ့ပါဘူး။ ရဲစခန်းက တံတားရဲ့ ထိပ်တစ်ဖက်မှာပဲ ရှိပါတယ်။ 

အလားတူအဖြစ်အပျက်တွေ နောက်ထပ်ဖြစ်ခဲ့ပါသေးတယ်။ ဝါရှင်တန်ဒီစီမြို့မှာ အမျိုးသမီးတစ်ဦးကို လုယက်နေတာကို အနားမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်သား လေးဦးက ဒီအတိုင်းကြည့်နေခဲ့ကြတာ၊ လော့အိမ်ဂျလိစ်မြို့မှာ ဘတ်စ်ကားမောင်းသူကို သတိမေ့သွားတဲ့အထိ ရိုက်နှက်နေချိန်မှာ ကားပေါ်မှာပါလာတဲ့ ခရီးသည်အယောက် ၃၀ က ဒီအတိုင်းပဲ ထိုင်ကြည့်နေခဲ့ကြတာ။ ဗာဂျီးနီးယားပြည်နယ်မှာ စတိုးဆိုင်တစ်ခုက အရောင်းစာရေးကို သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်နေတာကို လူခြောက်ယောက်က ဒီအတိုင်း ရပ်ကြည့်နေခဲ့ကြတာတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီလိုအဖြစ်အပျက်တွေကို ကြားသိရတဲ့အခါ နံဘေးမှာရှိနေသူတွေမှာ ဘာကြောင့် လူသားဆန်မှုတွေ ပျောက်ဆုံးကုန်ကြတာလဲလို့ သင့်ကိုယ်သင် မေးမိပါမယ်။ သင်သာ အဲဒီနေရာမှာရှိနေရင် ဝင်ပြီးကူညီဖြစ်မှာပဲလို့လည်း ပြောမိပါမယ်။ ဒါပေမဲ့ တကယ်တမ်းသင်သာ အဲဒီနေရာမှာဆိုရင် ဝင်ပြီးကူညီဖြစ်ပါ့မလား။

သုတေသနပညာရှင်တွေက အဲဒီမေးခွန်းကိုမေးနေခဲ့တာ ဆယ်စုနှစ်များစွာ ရှိခဲ့ပါပြီ။ ပရင်စတန်တက္ကသိုလ်က စိတ်ပညာရှင်ဒေါက်တာဂျွန်ဒါလီက အဲဒီလိုကိစ္စရပ်မျိုးတွေကို သုတေသနအတွဲလိုက် ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ သူက လူတွေအဲဒီလို အဖြစ်အပျက်တွေထဲ ဝင်မပါရခြင်းက၊ ဝင်ပါလိုက်လို့ မိမိမှာ ထိခိုက်သွားမှာ၊ ဒုက္ခရောက်မှာတွေထက် ပိုတဲ့အချက်တွေရှိတယ်လို့ ဆိုပါတယ်။ အဖြစ်အပျက်တွေကို နံဘေးကရပ်ကြည့်သူတွေ ပိုများလေ၊ တစ်ဦးတစ်ယောက်က အဲဒီအဖြစ်ကို ဝင်ကူဖို့၊ ဝင်ပါဖို့ ပိုပြီးခဲယဉ်းလေလို့ သူက ဆိုပါတယ်။ တကယ်လို့ အဲဒီနေရာမှာ ကိုယ်တစ်ဦးတည်းသာရှိရင် ကူညီဖြစ်ဖို့အခွင့်အလမ်း ပိုများပါတယ်တဲ့။ 

ဥပမာ - နှလုံးအတက်ခ်ရပြီး လမ်းနံဘေးမှာ လဲကျနေတဲ့ သူတစ်ယောက်ရဲ့အနားမှာ လူလေးယောက်ရှိတာနဲ့ လူတစ်ယောက်တည်းရှိတာနဲ့ဆိုရင် လူတစ်ယောက်တည်းရှိတာက ပိုပြီးအကူအညီရဖို့ များပါသတဲ့။ ဘာကြောင့်လဲဆိုတော့ အနားမှာရှိသူက သူတစ်ဦးတည်း ရှိတာမို့ သူကူညီမှဖြစ်မယ်လို့ သိနေလို့ပါ။

ဒေါက်တာဂျွန်ဒါလီနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဂျက်စတုန်းတို့က သူတို့ရဲ့တွေ့ရှိချက်ကို ပိုမိုခိုင်မာအောင် ကျောင်းသားတွေနဲ့ စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးတည်းကို အခန်းတစ်ခုထဲ အလုပ်တာဝန်ပေးထားချိန်မှာ အပြင်က လှေကားမှာ လဲကျပြီး လူတစ်ယောက် နာကျင်သွားသလိုအသံမျိုး ပြုလုပ်ထားပါတယ်။ သူတို့အခန်းထဲမဝင်ခင်မှာ အပြင်မှာလှေကားနဲ့ လူတစ်ဦး အလုပ်လုပ်နေတာကို မြင်တွေ့အောင်လည်း စီစဉ်ထားပါတယ်။ ကျောင်းသား၊ ကျောင်းသူတစ်ယောက်တည်း အခန်းထဲ ရှိနေချိန်တွေမှာ သူတို့က လဲကျသံကြားရာကို ကူညီဖို့ ထသွားကြတာ၊ မေးမြန်းကြတာ တွေ့ရပါတယ်။

စမ်းသပ်ခံကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ သရုပ်ဆောင် ကျောင်းသားနှစ်ယောက်ကို ထည့်ထားလိုက်ချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူအများစုက လှေကားမှာ လဲကျသံ၊ ညည်းတွားသံတွေ ဆက်တိုက်ကြားနေပေမယ့် မလှုပ်မရှား ဆက်ထိုင်နေတဲ့ သရုပ်ဆောင်ကျောင်းသားတွေကိုကြည့်ပြီး သူတို့အလုပ်ကိုသူတို့ ဆက်လုပ်နေကြပါသတဲ့။ စမ်းသပ်မှုပြီးချိန်မှာ စမ်းသပ်ခံကျောင်းသား၊ ကျောင်းသူတွေကို ဘာကြောင့် အဲဒီလိုဖြစ်ရသလဲလို့မေးကြည့်တော့ နံဘေးကကျောင်းသားတွေ မလှုပ်တဲ့အခါ သူတို့က ကျွန်တော်၊ ကျွန်မ မသိတာ တစ်ခုခုကိုများ သိနေသလားလို့ယူဆပြီး မကူညီဖြစ်ကြောင်း ပြောပြကြပါတယ်။

လူတစ်စုအနေနဲ့ ရှိနေတဲ့အခါ အခြားသူတွေနဲ့ မတူတာကိုလုပ်ဖို့ ခက်ခဲကြပါတယ်။ အဲဒီလိုလုပ်ရင် အခြားသူတွေကို ဆန့်ကျင်တယ်လို့ အဓိပ္ပာယ်သက်ရောက်သွားမှာကို လူတွေက စိုးရိမ်ကြတယ်လို့ ဒေါက်တာ ဂျွန်ဒါလီက ဆိုပါတယ်။ အခြားသူတွေရဲ့အပြု အမူက မိမိ ဘယ်လိုနေ၊ ဘယ်လိုထိုင်ရမယ်ဆိုတာကို အရိပ်ပြနေသလို လူတွေက ခံစားကြရပါတယ်တဲ့။ 

အခြားအကြောင်းတစ်ခုက စိတ်ပညာမှာခေါ်ကြတဲ့ ' တာဝန်ရှိမှုများ ပြန့်ထွက်ခြင်း ' (diffusion of responsibility) ဆိုတဲ့အရာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေတစ်ခုကြုံရပြီး မိမိအနားမှာ အခြားသူတွေ ရှိနေကြရင် အဲဒီလူတွေထဲမှာ ဒီအခြေအနေကို မိမိထက်ပိုပြီး ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းတတ်တဲ့သူတွေ ရှိလိမ့်မယ်လို့ ယူဆတတ်ကြပါတယ်။ အဲဒါကိုမသိဘဲ ဝင်ကူမိပြီး၊ အရူးဖြစ်မှာ အရှက်ကွဲမှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်တဲ့။ 

နံဘေးကလူတွေရဲ့သက်ရောက်မှုကို ကျော်လွန်ပြီး လုပ်တဲ့သူတွေရှိပေမယ့် အတော်လေး နည်းတာ တွေ့ရပါတယ်။ ဒေါက်တာ ဂျွန်ဒါလီရဲ့ အထက်ပါလေ့လာမှုမှာ တစ်ယောက်တည်းရှိနေချိန်တွေမှာ ရာခိုင်နှုန်း ၈၀ က ဝင်ကူတတ်ပြီး၊ အများနဲ့အတူရှိနေချိန်မှာ ရာခိုင် နှုန်း ၂၀ ကပဲ ဝင်ကူတတ်တယ်လို့ တွေရှိခဲ့ပါတယ်။ 

ဒီလို ဘေးကရပ်ကြည့်သူတွေရဲ့ သက်ရောက်မှုက တစ်ကမ်ဘာလုံးမှာ အတူတူပဲလားဆိုတာကိုတော့ သေသေချာချာမပြောနိုင်သေးပါဘူး။ မြောက်အမေရိကနဲ့ ဥရောပမှာတော့ သေချာစွာမှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်များစွာရှိပါတယ်။ အခြားနိုင်ငံတွေကလည်း အလားတူဖြစ်ရပ်တွေအတွက် သတင်းပေးပို့မှုတွေ ရှိခဲ့ဖူးပါတယ်။

ဥပမာ -၂၀၁၁ အောက်တိုဘာ ၁၃ ရက် က တရုတ်နိုင်ငံမှာ နှစ်နှစ်အရွယ် ကလေးမကလေးကို ဗင်ကားတစ်စီးက တက်ကြိတ်သွားပါတယ်။ ခုနစ်မိနစ်ကာလအတွင်းမှာ အနည်းဆုံး လူ ၁၇ ယောက်လောက် အဲဒီအနားကနေ ဒီအတိုင်းပဲ ဖြတ်သွားကြပါတယ်။ နောက်တော့ အဲဒီကလေးမလေး သေဆုံးသွားပါတယ်။

ဇူလိုင် ၉ ရက် ၂၀၁၂ မှာ အိန္ဒိယနိုင်ငံ လူစည်ကားရာလမ်းတစ်ခုမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသား ၂၀ ခန့်က ဝိုင်းပြီး လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မိနစ် ၃၀ နီးပါး ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို တစ်ဦးတစ်ယောက်ကမှ ဝင်မကူကြပါဘူး။ ရဲကိုလည်း အကြောင်းမကြားကြပါဘူး။

တကယ်လို့ မိမိကိုယ်တိုင်က အဲဒီလို အရေးပေါ်အခြေအနေနဲ့ ကြုံရတဲ့သူ၊ အကူအညီလိုတဲ့သူ ဖြစ်မယ်ဆိုရင် ဘယ်လိုလုပ်သင့်ပါသလဲဆိုတဲ့ မေးခွန်းကို ဒေါက်တာ ဂျွန်ဒါလီက အခုလိုဖြေခဲ့ပါတယ်။ အဲဒီအချိန်မှာ လူအုပ်ထဲက တစ်ယောက်ကို ရွေးချယ်ပါ။ အဲဒီလူရဲ့မျက်လုံးတွေကို ကြည့်ပြီး သူ့ကို ဦးတည်အကူအညီတောင်းခံပါလို့ အကြံပေးပါတယ်။ အဲဒီအချိန်မှာ မိမိရွေးချယ်သူက သူ့မှာ တာဝန်ရှိတယ်လို့ သတိပြုမိပါလိမ့်မယ်။ လူတစ်ယောက် ရှေ့ထွက်လာတာနဲ့ လူအုပ်ရဲ့ မတုန်မလှုပ်အနေအထား ပျက်ပြယ်သွားပြီး အများကလည်း ပါဝင်ကူညီလာနိုင်တယ်လို့ ဆိုပါတယ်။ 

" မိမိတစ်ဦးတည်းရဲ့ ကိုယ်ထဲမှာပဲ သူရဲကောင်းလည်းရှိပါတယ်၊ မတုန်မလှုပ် ရပ်ကြည့်တတ်သူလည်း ရှိပါတယ် " လို့ ဒေါက်တာ ဂျွန်ဒါလီက ဆိုပါတယ်။ ဒလီသာတံတားပေါ်မှာ ဖြစ်ခဲ့တဲ့အဖြစ်မျိုးကြုံရရင် မိမိတို့အားလုံးက နံဘေးက မတုန်မလှုပ် ရပ်ကြည့်နေကြသူတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့အနေအထားကို သိမြင်နားလည်ထားကြမယ်ဆိုရင် အဲဒီအနေအထားကို ကျော်လွန်ပြီး အကူအညီပေးသူတွေ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ ဂျွန်ဒါလီက ဆိုပါတယ်။ 

လူတွေက ကောင်းရာမွန်ရာတွေကို လုပ်ချင်ကြပါတယ်။ ဒါပေမဲ့ နံဘေးက အခြားသူတွေရဲ့သက်ရောက်မှုက အတော်လေး ကြီးမားပါတယ်။ သက်ရောက်မှုကြောင့် မကူညီကြသူတွေက သူလိုကိုယ်လိုလူတွေပဲ ဖြစ်ပါတယ်။ မလိုအပ်ဘဲ ဝင်ပါမိမလား၊ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုဖြစ်မလားဆိုတဲ့ စိုးရိမ်ပူပန်စိတ်တွေက ဆွဲထားတတ်ကြပါတယ်။ သို့ပေမယ့် ကေတီဂျီနိုဗစ်လို၊ ဒလီသာလိုအဖြစ်မျိုးတွေကို သတိရမှတ်မိနေမယ်ဆိုရင်တော့ အရေးကြုံတဲ့အခါ နံဘေးကလူတွေရဲ့သက်ရောက်မှုကို ကျော်လွှားပြီး ကူညီနိုင်ကြမယ်လို့ မျှော်လင့်ကြောင်း Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာပို့ချသူ ပရော်ဖက်ဆာ စကော့ ပလောက်စ်က ဆိုပါတယ်။

#ကျွန်း

(Ref: www.coursera.org - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာသင်ကြားပို့ချချက်)

••••••••••••••••••●

ဒီစာအုပ်ထဲမှာ အထက်ပါ စိတ်ပညာဆောင်းပါးလို ဆောင်းပါးအပုဒ် ၂၀ ပါဝင်တယ်။

မသိစိတ်က ဘက်လိုက်ခြင်း (Implicit Bias) အကြောင်း၊ တာဝန်ရှိမှုများ ပြန့်ထွက်ခြင်း (Diffusion of Responsibility) အကြောင်း၊ ပင်ကိုစိတ်ပျောက်ဆုံးခြင်း (Deindividuation) အကြောင်း၊ လူကောင်းကနေ မကောင်းဆိုးဝါးဖြစ်သွားခြင်း (Lucifer Effect) အကြောင်း၊ လူညီရင် ဤကို ကျွဲဖတ်တဲ့အဖြစ်မျိုး (Conformity) အကြောင်း ၊ Introvert/ Extrovert တွေအကြောင်း၊ အာရုံသိစိတ်မြင့်မားသူ(Highly Sensitive Person) တွေအကြောင်း၊ ထိခိုက်သူကို အပြစ်တင်ခြင်း (Victim-blaming) အကြောင်း စသဖြင့် စိတ်ပညာရပ်ဆိုင်ရာ ဆောင်းပါးကောင်းတွေကို ဖတ်ရှုရမယ့် စာတစ်အုပ်ပါ။

#လူသာမန်
19.5.2018; 9:52 pm


Publisher Name: ဂလိုဘယ်အလင်းစာပေ

Publisher Address: အမှတ်(၂၉၇)၊အနော်ရထာလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။ ဖုန်း - 01212300,098537549

Publisher Phone Number: 01212300,098537549


Related Books

Book Review Image

ပညာသိုက်

တိုက်စိုး
Book Review Image

မလိမ်တတ်မညာတတ်တဲ့လူတစ်ယောက်နှင့်အခြားဝတ္ထုတိုများ

မြင့်သန်း
Book Review Image

ခရီးပန်းတိုင်ရယ်လို့ မရှိ

ကိုတာ
Book Review Image

ဦးတင့်ဆွေ

ဦးတင့်ဆွေ
Book Review Image

စာကြည့်တိုက် ခရီးသည်

ဟိန်းလတ်
Book Review Image

ကြောက်စိတ်နဲ့ ကလေးတို့မနက်ဖြန် (သင့်ဘဝမျက်နှာဖုံးဆောင်းပါးများ)

မောင်သစ်ဆင်း
Book Review Image

အ​တွေး​နောက်​က အ​ရေး ( ​တောက်​တိုနှင်​့ မမည်​မရများ )

မြင့်သန်း
Book Review Image

စာအုပ်​များနှင်​့နှစ်​​ပေါင်​းများစွာ ၊ မင်​ခြစ်​​ကောက်​​ကြောင်​းများ

ကျော်ဝင်း
Book Review Image

ဗော်လဂါမှ ဂင်္ဂါသို့

ပါရဂူ
Book Review Image

စခန်​း​နော်​ လိုရာကွန်​့နိုင်​တဲ့

​မောင်​ထင်​
Book Review Image

လင်​းယုန်မှတာရာ ( လင်​းယုန်​ဂျာနယ်​ပါ​ ဆောင်​းပါးများစုစည်​းမှု )

ဒဂုန်တာရာ
Book Review Image

​ဇော်​ဂျီ ၊ ကျွန်​​တော်​ နှင်​့ သီရိပစ္စယာအလွမ်​း

မြသန်းတင့်
Book Review Image

​ခေတ်​စမ်​းပုံပြင်​များ ​(ခေါ်) ​ခေတ်​စမ်​းဝတၳုများ

မင်းသုဝဏ်
Book Review Image

အောက်​​မေ့တသအမှတ်​တရစာ

လူထုဒေါ်အမာ
Book Review Image

အနက်ဖော်ရခက်သော နေ့စဉ်သုံးမြန်မာဝေါဟာရများအဘိဓာန်

သန်းဝင်းလှိုင်
Book Review Image

၀င်းဖေ ၏ လွယ်အိတ် ၁+၂+၃

၀င်းဖေ
Book Review Image

လန်ဒန်-ရောမ၊ ဥရောပ

မသီတာ(စမ်းချောင်း)
Book Review Image

စိတ်​ဓာတ်​​တော်​လှန်​​ရေး

​ဒေါက်​တာ​အောင်​ခင်​
Book Review Image

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်း

ဟန်ဇော်
Book Review Image

စသည်၊ စသည်ဖြင့်…

မြင့်သန်း
Book Review Image

အဓိပ္ပာယ်မဲ့ပြဇာတ်

အောင်ခင်မြင့်
Book Review Image

ဗမာစာ တတ်ဖို့လိုတယ်

မောင်သာနိုး
Book Review Image

လူထု နှင့် နိုင်ငံရေး

မောင်စွမ်းရည်
Book Review Image

အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ

ဂျူး
Book Review Image

ကျွန်တော် တွေးမိသလိုရေးပါမည် အမှတ် ၂

မောင်အောင်မွန် ( ဝင်းအောင်ကြီး )
Book Review Image

ကျွန်တော်သည်မျောက်ကဆင်းသက်၏

ကိုတာ
Book Review Image

ပင်စင်နာတစ်ဦး၏ အတွေးအထင်

မောင်သော်က
Book Review Image

သုတေသနအားဖြင့် ထပ်မံပြောဆိုရန်လိုအပ်လာသဖြင့် တင်ပြခြင်း

မောင်မြင့်ဇော်
Book Review Image

နေ့စဉ်မှတ်တမ်း

ဒဂုန်တာရာ
Book Review Image

နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လဲ

ဒဂုန်တာရာ
Book Review Image

ပြည်ပ ပညာရှင်များ နှင့် မြန်မာစကား၊ မြန်မာစာ

မောင်ခင်မင်(ဓနုဖြု)