ကိုလေးမြတ်
အညာဓလေ့ ရွာဓလေ့
လင်းသစ်ရောင်စဉ် စိတ်ယဉ်ကျေးမှုအနုပညာလှိုင်းများ
ပထမအကြိမ်၊ ၂၀၁၈ခုနှစ် အောက်တိုဘာလ။
မျက်နှာဖုံး - ပန်းချီဘဋ္ဌေးကြည်။
၁၃.၇ စင်တီမီတာ x ၂၀.၉ စင်တီမီတာ။
စာမျက်နှာ - ၁၉၁ ၊ တန်ဖိုး - ကျပ် ၃၀၀၀။
Democracy Today သတင်းစာ တွင် ၂၄ ဇူလိုင်၂၀၁၇ မှ ၂၂ ဇန်နဝါရီ ၂၀၁၈ အထိ ဖော်ပြခဲ့သည့်အညာဓလေ့ ရွာဓလေ့ ဆောင်းပါး ၂၇ပုဒ်ကိုစုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။
နွားဒုန်းပြိုင်ပွဲ၊ ဆွမ်းကြီးလောင်းပွဲ၊ မုန့်ဦးလှူပွဲ၊ ရွာဆော်၊ အခန်းစိုး၊ အိုးသူကြီး၊ စတုဒိသာ၊ ရွာမင်္ဂလာဆောင်၊ ဘုန်း ကြီးပျံ၊ တို့တောကအလှူ၊ စပ်တူအလှူ၊ တောဘုရား ပွဲ၊ ရွာကိစ္စ၊ လယ်ညှိပွဲ၊ ရေနွေးဝိုင်း၊ အသုံး အနှုန်းများ၊ မိုးဦးကျ၊ တောထွက် တောလိုက်၊ ရေတင်နှမ်းနဲ့ဝက်သားချက်၊ သံသင်္ခါရယဉ်ကျေးမှု၊ ပဲဋီကာနဲ့ ရွာအလွမ်း၊ ဗမာဆေး၊ မြေပဲဆွတ်ချိန်၊ ခြံလုပ်သားများ၊ ခိုပြိုင်ပွဲ၊ ကျုပ်တို့ဆီက သရေစာများ၊ ကစားခုန်စား စသည့် အရေးအသားများဖြစ်သည်။
''ခုတော့ ကျွန်တော်တို့ဆီမှာ ဘုန်းကြီးပျံတွေ ပြုလုပ်ကျင်းပကြတာမရှိတော့ဘူး။ တခမ်းတနားနောက်ဆုံး ခရီးကိုပူဇော်ချင်ကြတာပေါ့လေ။ ဒါပေမဲ့ ဘုန်းကြီးပျံကို လှူဒါန်းရမယ့်စရိတ်၊ လာရောက်ကြတဲ့ဧည့်ပရိသတ်ကျွေးမွေးကြရမယ့်စရိတ်၊ ဝတ်ဆင်ဖို့ အဝတ်အစား စရိတ်တွေက လေးငါးသိန်း ပက်ခနဲကုန်သွားမှာ။ အမှန်ပြောရရင် အဲဒီလောက်ထိမဖဲ့နိုင်ကြဘူး။ ဘာလို့မဖဲ့နိုင်တာလဲဆိုတော့ စားဝတ်နေရေးကျပ်တည်းကြလို့ပေါ့။ ဟုတ်တယ် ကျွန်တော်တို့ကျေးလက်တွေ မှာ အရင်နဲ့ နှိုင်းယှဉ်ရင် ဆင်းရဲသွားကြတာတွေ့ရတယ်။ ဘုန်းကြီး ပျံတွေမရှိတော့ နွားပြိုင်ပွဲတွေလည်း အလိုအလျောက်ပျောက်ကွယ်သွားတယ်။ သြော် ... ဆင်းရဲရင် ဘာမှမကောင်းဘူးဆိုတဲ့စကား တယ်ပြီးမှန်ပါကလား ...ဟရို့။''
( နွားဒုန်းပြိုင်ပွဲ ၊ စာမျက်နှာ - ၁၃ မှ )
'' ကျွန်တော်တို့ ၆၀ တန်းအရွယ်တွေကတော့ အမေကို 'အစ်မ'လို့ ခေါ်ကြတယ်။ အစ်မကြီး အမိအရာဆိုတဲ့သဘောထင်ပါရဲ့။အဖေကို 'အစ်ကို'လို့ခေါ်တတ်ကြတယ်။ ဒါကလည်း အစ်ကိုကြီး အဖအရာဆိုတဲ့သဘောထင်ပါ ရဲ့။ အဖေကို 'အစ်ကို' လို့ခေါ်ဆိုတာ အနည်းစုပါ။ အမေ ကို 'အစ်မ' လို့ခေါ်ကြတာ အားလုံးနီးနီးပါပဲ။ အဖေရဲ့ မိခင်၊ အမေရဲ့မိခင်ကိုမှ 'အမေ'လို့ ခေါ်တတ်ကြတယ်။ အခုတော့ မေမေတွေ၊ မာမီတွေဖြစ်နေ ကြပါပြီ။ ဦးလေး၊ ဦးကြီး၊ အုန်း ..... အခေါ်အဝေါ်တွေရှိနေကြပေမဲ့ အရီး၊အဒေါ်ဆိုတဲ့ အသုံးအနှုန်းကတော့ မရှိသလောက်ဖြစ်သွားပြီ။ အန်တီ၊ တီတီကြီး၊ တီတီလေးနဲ့ နားကြားပြင်း ကတ်စရာကောင်းလှတော့တယ်။
ကျွန်တော့်အနေနဲ့တော့ မြန်မာပီပီ၊ မြန်မာဆန်ဆန် အသုံး အနှုန်းလေးတွေပဲ သုံးနှုန်းစေချင်တယ်။ နိုင်ငံ ခြားအသုံးအနှုန်းတွေကို မသုံးစွဲစေချင်ဘူး။ ဒါပေမဲ့ နိုင်ငံခြားစတိုင်သုံးနှုန်းမှ၊ နေထိုင်မှ ခေတ်မီတယ်လို့ထင်မှတ်နေကြတော့လည်း အခက်သား။ တကယ်တော့ လူမျိုးတစ်မျိုးရဲ့ဂုဏ်သိက္ခာဆိုတာ အဲဒီလူမျိုးရဲ့ ဓလေ့၊ ထုံးတမ်း၊အစဉ်အလာတွေပဲဖြစ်ပါတယ်။ ဒီတော့ မိမိ လူမျိုးရဲ့ဓလေ့ထုံးတမ်း၊အစဉ်အလာတွေကို ထိန်းသိမ်း သင့်တယ်လို့ ယူဆမိတာပါပဲလေ။''
( အသုံးအနှုန်းများ၊ စာမျက်နှာ - ၁၁၄ မှ )
မုံရွေး လေးရွာ ဟု ခေါ်ဝေါ်ကြသော မုံရွေးကြေးမုံ တဝိုက်မှ အညာဓလေ့ ရွာဓလေ့တို့ကို ကြည်နူးဖွယ်ဖတ်ရှုရသည့် အရေးအသားများဖြစ်သည်။ အချို့သော အညာဓလေ့ ရွာဓလေ့တို့ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကိုလည်း ဝမ်းနည်းကြေကွဲဖွယ် ဖတ်ရှုရသည်။
'' အရာအားလုံးဟာ သင်္ခါရတော့ သင်္ခါရပါပဲ။ဒါပေမဲ့ ကောက်ရိုးနဲ့သံတို့ရဲ့သင်္ခါရကတော့ ကာလချင်း ကွာ ခြားပေလိမ့်မယ်။ ကျွန်တော်တို့ယဉ်ကျေးမှုတွေလည်း သံသင်္ခါရဖြစ်စေချင်လိုက်တာ။ စောင့်ထိန်းအလေးထား မှုအပေါ် တည်ပါလိမ့်မယ်ထင်ပါရဲ့'' ( သံသင်္ခါရယဉ်ကျေးမှု၊ စာမျက်နှာ - ၁၄၁ နှင့် ၁၄၂ မှ ) ဟု
ဆရာ ကိုလေးမြတ်က ဆိုပါသည်။
ကျေးလက်နေပြည်သူတို့၏ ဘဝအဖုံဖုံ၊ ဓလေ့အမျိုးမျိုး တို့ ထင်ဟပ်ပေါ်လွင်လျက်ရှိသော '' အညာဓလေ့ ရွာဓလေ့'' မှာ မကြာခဏပြန်လည်ဖတ်ရှုရမည့် အရေးအ သားများဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၁၄ ဇန်နဝါရီ ၂၀၁၉