ဆရာဗဂျီအောင်စိုးသည် ခေတ်သစ်ပန်းချီကို မြန်မာနိုင်ငံတွင်စတင် ရေးဆွဲသူများအနက် တစ်ဦး
ဖြစ်ပါသည်။ ဤစာအုပ်မှာ သူ၏ခံယူချက်ဖြစ်သည်။ ခေတ်မီသော ရိုးရာဟန်ကို ခေတ်မမီသော ရိုးရာဟန်မှ ခွဲထွက်ရန်ကြိုးပမ်းခဲ့သည်။
ခေတ်မမီသော မြန်မာ့ပန်းချီလောကကို ခေတ်မီသော မြန်မာ့ပန်းချီလောကသို့ ရောက်စေချင်သူ
ဖြစ်သည်။ ဤဆန္ဒနှင့် ဤစေတနာကို ဤစာအုပ်က
သက်သေထူနေပါသည်။
မြန်မာ့ရိုးရာပန်းချီ ပြန်လည်ဆန်းသစ်ရေးအတွက်
ရည်ရွယ်ချက် ၃ခုထားတယ်လို့ ဆရာကဆိုပါတယ်။
ရှေးက ကျွန်တော်တို့မှာရှိခဲ့တဲ့ ပန်းချီကို ဖော်ထုတ်ဖို့။
ရှေးမြန်မာ့ပန်းချီကို မူတည်ပြီး ခေတ်မြန်မာ့ပန်းချီကို ဖန်တီးဖို့နဲ့
အရှေ့တိုင်း၊ အနောက်တိုင်း ပန်းချီလို့ မခွဲခြားဘဲ ပန်းချီပညာကို ဓမ္မဓိဋ္ဌာန် မြှင့်တင်ဖို့ဆိုပြီးပြောထားပါတယ်။
ရိုးရာပန်းချီဆိုတဲ့နေရာမှာ အရှေ့ကမ္ဘာတစ်လွှားမှာရော အနောက်ကမ္ဘာမှာရော ပန်းချီလောကတွင် (Traditional)ရိုးရာပန်းချီနှင့် (Non-Traditional)
ရိုးရာလွန် ပန်းချီဆိုပြီး ကဏ္ဍပိုင်း နှစ်ပိုင်းခွဲခြားလို့ရတယ်လို့ ဆရာကပြောထားပါတယ်။
နှစ်မျိုးနှစ်စားစလုံးပင် စိတ်ဝင်စားဖွယ်ကောင်းပြီး
ဆရာကိုယ်တိုင်လည်း နှစ်မျိုးစလုံးကို နှစ်ခြိုက်၍ လက်လှမ်းမီသလောက် လေ့လာမိတယ်လို့ ဆိုပါတယ်။
ရိုးရာလွန်ပန်းချီသဘောမှာ တော်လှန်သော အတွေးအခေါ်များ၊ လွတ်လပ်စွာစဥ်းစားရေးဆွဲသော သဘောများ၊ ပုဂ္ဂလိက အယူအဆများ ပြင်းထန်တတ်ပြီး ရေးနည်းရေးဟန်၊ ရေးစရာအကြောင်းများမှာလည်း များပြားထွေပြားလှသည်။
ရိုးရာပန်းချီကတော့ လူတိုင်းနှင့်နီးစပ်ပြီး သာမန်ပြည်သူတို့၏ အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသော လူတိုင်းအတွက် ဖန်တီးမှု အနုပညာပစ္စည်းဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းစွာပြောရမယ်ဆိုလျှင်
ရိုးရာပန်းချီသည် ရိုးသားသည်၊ လူတိုင်းနှင့် ဆိုင်သည်။ လူမျိုးကို ကိုယ်စားပြုသည်။ ဂျပန်ပြည်မှာဆိုလျှင် ဂျပန်ရိုးရာပန်းချီ၊ တရုတ်ပြည်မှာ ဆိုလျှင် တရုတ်ရိုးရာပန်းချီ၊ မြန်မာပြည်မှာဆိုလျှင် မြန်မာရိုးရာ ပန်းချီရှိသကဲ့သို့ ကမ္ဘာပေါ်ရှိ တိုင်းပြည် အသီးသီးတွင် မိမိတို့ လူမျိုး၊ ဘာသာ၊ စရိုက်အလိုက် ရိုးရာများ အခိုင်အမာရှိကြပါသည်။
ရိုးရာပန်းချီသည် လူမျိုး၏ ယဉ်ကျေးမှုအစဉ်ကြီးနှင့် တစ်သားတည်း ပါလာပြီး တိုင်းပြည်၏
ရေမြေသဘာဝ၊ ဘာသာ၊ အတွေးအခေါ်တို့၏
အငွေ့အသက်များဖြင့် ထုံမွမ်း၍ နေပါသည်။
ထို့ပြင် ရိုးရာပန်းချီသည် လက်မှုအတတ်ပညာ (Craftmanship)နှင့်လည်း ကင်းကွာ၍ မရပေ။
ထိုကြောင့်လည်း ရိုးရာပန်းချီသည် (Art) အနုပညာနှင့် (Craft)လက်မှုပညာ နှစ်မျိုး ပေါင်းစပ်ထားခြင်းဟုဆိုကြပေသည်။ စင်စစ် (Traditional) ရိုးရာဟု
ဆိုရာ၌ ပန်းချီ၊ ပန်းပု၊ ဗိသုကာတို့ကို ပူးတွဲ တွေ့မြင်တတ်ဖို့လည်းလိုကြောင်း ပြင်သစ်၊ အီဂျစ်၊ မြန်မာ၊
အိန္ဒိယနံရံ ပန်းချီပုံများနှင့် ရှေးကျောက်ဂူနံရံများပေါ်တွင် ရေးဆွဲခဲ့သော ကျောက်ခေတ်နံရံပန်းချီများ၊ထိုလူများထုလုပ်ခဲ့သော ပန်းပုများအကြောင်းကို ရောင်စုံစာမျက်နှာများဖြင့် ရေးသားထားပါသည်။
မြန်မာမှု၊ မြန်မာ့အသွင်ကို ထင်ရှားပေါ်လွင် ဂုဏ်ယူလောက်သည့် မြန်မာ့ယွန်းထည် ပစ္စည်းများ၊ မြန်မာ ပန်းပု၊ ပန်းတိမ်၊ ရွှေချည်ထိုးအထည်များ စသည့် လက်မှုပညာရပ်များကဲ့သို့ အရေးကြီးဆုံးအချက်ဖြစ်သော ပန်းချီပညာနှင့် ပေါင်းစပ်၍ တိုးတက်အောင်မြင်လာသော လုပ်ငန်းတစ်ရပ်မှာ အထည်ဆေးဆိုးပန်းရိုက်လုပ်ငန်းဖြစ်ကြောင်း မြန်မာမှု၊
မြန်မာ့အသွင်၊ မြန်မာ့ဓလေ့ထုံးစံများကို လေ့လာရန် ရန်ကုန်တစ်ဝိုက် ကျေးရွာများနှင့် အထက်အညာ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ အစရှိသည့် ဒေသတစ်ဝိုက်သို့ ခရီးထွက်ရင်း လေ့လာခဲ့ရပုံ ယွန်းထည်
များပေါ်တွင် ရေးဆွဲသော မြန်မာမှု မြန်မာ့ဟန်နှင့် ရွှေချည်ထိုး မြန်မာ့လက်ရာကိုပဲဖြစ်စေ သင်ကြားလိုလျှင် အချိန်အတော်ကြာမျှ သင်ကြားရမည်ဖြစ်ပြီးလျှင် များစွာ အလေ့အကျင့်ရှိဖို့လိုကြောင်း အခြားအနုပညာရပ်များလည်း ထိုနည်းတူပင်ဖြစ်၍ မလွယ်ကူကြောင်းရေးသားထားပြီး ပုဂံမြို့
ယွန်းကျောင်းသို့ ယွန်းပန်းချီလေ့လာသင်ကြားရန် နိုင်ငံတော်အစိုးရက စေလွှတ်ခဲ့ပုံနှင့် မြန်မာ့
ယွန်းထည် ပန်းချီအကြောင်းကိုပါ စိတ်ဝင်စားဖွယ်
ရေးသားထားပါတယ်။
မြန်မာ့ဗိသုကာအကြောင်းကို ဆရာဒေါက်တာလွင်အောင်မှ ရေးသားထားပြီး ဗိသုကာဝိညာဉ်သည် လူမျိုးတစ်မျိုး၏ စီးပွားရေးစနစ်၊ လူမှုရေးစနစ်၊
နိုင်ငံရေးစနစ်နှင့် လူထု၏ ဘဝခံယူချက်ပေါ်တွင်
ရှင်သန် ပေါက်ပွားနေသည်ဖြစ်ကြောင်း အနာဂတ်
မြန်မာနိုင်ငံ၏ ဗိသုကာဝိညာဉ်သည် ယနေ့ မြန်မာ
လူမျိုးတို့၏ စီးပွား၊ လူမှု၊ နိုင်ငံရေးစနစ်ပေါ်တွင်
အခြေခံ၍ ပြောင်းလဲလာလိမ့်မည်ဖြစ်ကြောင်း။
ယနေ့ လှုပ်ရှားနေသော မြန်မာဗိသုကာများသည်
မိမိတို့ လူမျိုး၏အတိတ်မှ ကောင်းသော အနှစ်
သာရများ၊ မျက်မှောက်ခေတ်၏ တိုးတက်
ပြောင်းလဲနေသော လူမှုဘဝဖြစ်စဉ်များကို နားမလည်၊ သဘောမပေါက်ခဲ့လျှင် မြတ်နိုးဖွယ်
ကောင်းသော မြန်မာ့ဗိသုကာဝိညာဉ်သည်
အနာဂတ်ကာလတွင် ချုပ်ငြိမ်းသွားနိုင်ကြောင်း
ယင်းကဲ့သို့ မလိုလားအပ်သော အနာဂတ် ဗိသုကာ
အခြေအနေမျိုးသို့ မကျရောက်ရလေအောင် ကျွန်ုပ်တို့ မြန်မာဗိသုကာလူငယ်များသည် စစ်မှန်သော
မြန်မာဗိသုကာဝိညာဉ်ကိုမြင်အောင်၊ ရှုတတ်အောင်
ကြိုးစားရမည်ဖြစ်ကြောင်း ရေးသားထားပါသည်။
တိုင်းပြည် အသီးသီးနှင့် လူမျိုးတိုင်းတွင် မိမိတို့၏ သက်ဆိုင်ရာ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ အနုပညာ
စသည်တို့ ရှိစမြဲ ဖြစ်ရာ မိမိလူမျိုး၏ ယဉ်ကျေးမှု အနုပညာရပ်များပေါ်သို့ အခြား လူမျိုးတစ်မျိုး၏
အာဏာ၊ ယဉ်ကျေးမှု စသည်တို့ လွှမ်းမိုးလာမည်ကို မည်သည့် လူမျိုးမျှမခံရပ်နိုင်ကြပါ။ မိမိတို့ အမျိုး
သားယဉ်ကျေးမှု၊ အနုပညာ စသည်တို့ မတိမ်ကော၊
မပပျောက်စေရန် အမျိုးသားတာဝန်တစ်ရပ်အနေနှင့် ထိန်းသိမ်းရမည် ဖြစ်ကြောင်း မြန်မာပြည်တွင်
အချို့က ရှေးမြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များ
နှင့် မြန်မာ့အမျိုးသားပန်းချီဟု ဆိုလျှင်ပင် ခေတ်မမီတော့ဘူး။ (အောက်)သွားပြီဟု ဝေဖန်ကြကြောင်း
မြန်မာ့ပန်းချီစစ်စစ် မရှိပါဘူး။ ဘယ်မှာလဲ။
ပြစမ်းပါ စသည်ဖြင့်သရော်ကြကြောင်း
ဆရာဗဂျီအောင်စိုးကား မြန်မာအမျိုးသားပန်းချီ
ပြန်လည် ဆန်းသစ်ရေးကို ကြိုးပမ်းနေသောသူတစ်ဦး မဟုတ်သော်လည်းမိမိ အမျိုးသားပန်းချီ
ဟန်သစ်ကိုမူများစွာ လိုလားကြောင်း
ထို့ကြောင့် မြန်မာ့ရိုးရာဟန်များ ပြန်လည်ဆန်းသစ်ရေးအတွက်ဖက်စပ် ရရှိနိုင်ရန် မိမိတို့၏
အမျိုးသားယဉ်ကျေးမှု အနုပညာရပ်များနှင့်
ရှေးဟောင်း ပန်းချီ၊ ပန်းပု၊ ပန်းတော့၊ ပန်းတမော့များကို စနစ်တကျ ပြန်လည် လေ့လာ၍ ဆွေးနွေးမှု
များ ပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း
ထို့ပြင်တဝ ယဉ်ကျေးမှု နှီးနွယ်ရာဖြစ်သော အရှေ့အာရှနိုင်ငံများမှ ပန်းချီ အနုပညာရပ်များကိုလည်း
ဂဃနဏ လေ့လာ ဆည်းပူးသင့်လှကြောင်း
အိန္ဒိယပြည် ယဉ်ကျေးမှုစနစ်သည် မြန်မာပြည်သို့ အများဆုံးဝင်ရောက်လျက် ရှိသည်ကို ရှေးဦး
ပုဂံပြည် ဘုရား လိုဏ်ဂူများအတွင်းမှ နံရံဆေးရေး
ကားများကို ထောက်ရှု သိသာနိုင်သည် ဖြစ်ကြောင်း ထို့အတွက် အိန္ဒိယပန်းချီ ပြန်လည် ဆန်းသစ်လာပုံ
ကို လေ့လာခြင်းအားဖြင့် မြန်မာ့ပန်းချီ ပြန်လည်
ဆန်းသစ်ရေးတွင် များစွာ အကျိုးကျေးဇူးဖြစ်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယပန်းချီပြန်လည်ဆန်းသစ်
လာခဲ့ပုံကို ရှေးရိုးအိန္ဒိယမီနီရေးချား ပန်းချီကားများ
ဟင်နရီမားတီးစ်၏ ပန်းချီကားများ ရာဂျစ်စတန်နီဟန်၏ ပန်းချီကားများကို ရောင်စုံစာမျက်နှာများ
ဖြင့် ထည့်သွင်းဖော်ပြထားပါသည်။
အိန္ဒိယ၏ ရှေးဟောင်းအနုပညာအမွေပေါ်တွင်
သန္ဓေယူသော အိန္ဒိယပန်းချီ ပြန်လည်ဆန်းသစ်ရေး ကာလတစ်ရပ်သည် ဘင်္ဂါနယ်၌ ပေါက်ဖွားခဲ့ပြီး
ထိုလှုပ်ရှားမှုကြီးနှင့် ဦးဆောင်ခဲ့သော အာဘင်နင်
ဒြာနတ်တဂိုး၊ နန္ဒာလာဘို့စ်နှင့် ဂိုဝမ်နင်ဒြာနတ်တဂိုး၊
ဗင်ကတပ္ပ၊ ဂျာမနီရွိုင်းနှင့် အခြားပုဂ္ဂိုလ်တို့၏ စွမ်းဆောင်ချက်မှာ တန်ဖိုးမဖြတ်လောက်အောင်
ရှိလှကြောင်း သို့ရာတွင် ရှေ့ဆောင်သူများ၏ နောက်ပိုင်းမှ လိုက်သူအများစုမှာ ဤပုဂ္ဂိုလ်ကြီး
များကဲ့သို့ တကယ့် ပစ်မှတ်ကိုဝင်အောင် မပစ်နိုင်
ကြသောကြောင့် ကြိုးပမ်းသလောက် အရာမရောက်ခဲ့ကြရကြောင်းသို့ဖြင့် အနုပညာလက်ရာများမှာလည်း တစ်နေ့ထက် တစ်နေ့ခွန်အား ယုတ်
လျော့လာခဲ့ပြီး အမရစ်တာရှာဂယ်လ်၏ အနုပညာမှာထိုသို့ ဆုတ်ယုတ်နေမှုကို တပ်လှန့်ပေးလိုက်သော
အနုပညာ ဖြစ်ကြောင်း တစ်နည်းအားဖြင့် အိန္ဒိယ
၏ မော်ဒန်ပန်းချီကို ယခင်နှင့် ခြားနား၍ ပိုမို ပီသသော လိုင်းများဖြင့် တည်ဆောက်ရမည်ဟု စစ်မောင်းသံပေးလိုက်ခြင်းဖြစ်ကြောင်း အိန္ဒိယခေတ်
သစ်ပန်းချီ ကိုပြောင်းလဲခဲ့ကြသော အမရစ်တာရှာ
ဂယ်လ်နှင့် ဒေါက်တာနန္ဒါလာဘို့စ်တို့အကြောင်းကို
၎င်းတို့၏ အနုပညာဖန်တီးမှုရောင်စုံစာမျက်နှာများ
ဖြင့် ဖော်ပြထားပါသည်။
ထို့နောက် ဥရောပပန်းချီလောကတွင် (Japonism)
ဂျပန်သစ်ထွင်းပန်းချီ အလွှမ်းမိုးခံနေရသည့် အချိန်မှစ၍ ၁၈၈၀နှစ်များအတွင်းက ဂျပန်ပုံနှိပ်နှင့်
ပြင်သစ်ပန်းချီများအကြောင်းကို ပြင်သစ်ပန်းချီကျော်များ၏ japonsim ပန်းချီကားများ ဂျပန်သစ်ထွင်း ရောင်စုံပန်းချီကားများဖြင့် ထည့်သွင်း
ဖော်ပြထားပါသည်။
ဆက်လက်ပြီး ဆရာဗဂျီအောင်စိုး အိန္ဒိယပြည် ရှန်တိနိကေတန်ဒေသ "ဝိဟာရဘာရတိ"တက္ကသိုလ် ကာလဘာဝနာပန်းချီရိပ်သာ၌သင်ကြားခဲ့ရသော "သစ်လှီးဆောက်ထွင်း" (Wood Cut)အတတ်ပညာတွင် ပါဝင်သည့် UkiyoEPrint(အုခိအိုအေ့)ဂျပန်ရောင်စုံ သစ်ထွင်းပန်းချီနှင့် "အုခိအိုအေ့"ခေတ်တွင် အနောက်ဥရောပမှ နာမည်ကျော်လှသည့် လျှို့ဝှက်သော အပြုံးပိုင်ရှင် “မိုနာလီဇာ" ပန်းချီကားတစ်ချပ်ကဲ့သို့ အရှေ့တိုင်း မိန်းမလှတို့၏ လျှို့ဝှက်နက်နဲ
သိရှိနိုင်ရန် ခက်ခဲသည့် အရှေ့တိုင်းသူတို့၏ အလှကိုပန်းချီကားချပ်ပေါင်း များစွာ ရေးဆွဲတင်ပြခဲ့
သော ဂျပန်ပန်းချီဆရာကြီး အုတမရောနှင့် ၂၀ရာစု
ဂျပန်ခေတ်သစ်ပန်းချီဆရာတစ်ဦးဖြစ်သည့် ရှင်တိုဒိုမိုတိုအကြောင်းကို အုခိအိုအေ့ပန်းချီကား ရောင်စုံစာမျက်နှာများဖြင့် ရေးသားထားပါသည်။
(အိန္ဒိယပြည် ရှန်တိနိကေတန်ဒေသ “ဝိဟာရဘာ
ရတိ” တက္ကသိုလ်ကျောင်းဝန်း၌ရှိသော ကာလဘာ
ဝနာပန်းချီရိပ်သာသည် အိန္ဒိယ အမျိုးသားရိုးရာ
ပန်းချီ၊ ပန်းပုပညာရပ်များနှင့်တကွ၊ အရှေ့တိုင်းရိုးရာ ပန်းချီ၊ ပန်းပုပညာများကို ဆည်းပူးလေ့လာ
ဖြန့်ဖြူးပေးနေသော နေရာလေးဖြစ်ပြီး "သစ်လှီးဆောက်ထွင်း"(Wood Cut)အတတ်ပညာတွင် ပါဝင်သည့် UkiyoEPrint(အုခိအိုအေ့)ဂျပန်ရောင်စုံသစ်ထွင်း ပန်းချီများကိုပါ သင်ကြားပေးသည်ဟု သိရပါသည်။)
အနုပညာသည် လူ့သမိုင်း၏ နှလုံးအိမ်တွင် စီးနေသော ရေအလျဉ်ဖြစ်ချေသည်။ အဟောင်းနှင့်
အသစ်တို့၏ အညမညတရား ထင်ရှားရာရေလွှာ
လည်း ဖြစ်ချေသည်။ အဟောင်းတိုင်း ပစ်ပယ်၍ မရသလို အသစ်တိုင်း လက်ခံ၍ မရ။ အဟောင်းတိုင်း
ကို သယ်ဆောင်၍ မရသလို အသစ်မို့ချစ်၍ မရ။
အဟောင်းမှ ကောင်းသော အမွေနှင့် အသစ်မှ သန့်ရှင်းထက်မြက်မှုကို သဘာဝတရားသည်
တာဝန်ကျေစွာ ရွေးချယ်သွားမြဲ ဖြစ်သည်။
အဟောင်းတိုင်း မဖောက်ပြန်သလို အသစ်တိုင်းလည်း မတော်လှန်ချေ။ အဟောင်းမှ ကောင်းသော
သန္ဓေကို ရှာ၍ အသစ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်
ကျွန်တော်တို့ တွန်းအားပေးသွားကြရမည်ဖြစ်သည်ဟု ဆရာကဆိုပါတယ်။
ယခု“ရိုးရာမှသည် ခေတ်သစ်သို့” ပန်းချီဆောင်းပါး
များသည် မြန်မာ့ရိုးရာပန်းချီအနုပညာ ပြန်လည်
ဆန်းသစ်ရေး၌ စိတ်ပါဝင်စားမိကြသော မြန်မာလူငယ်တို့အတွက် အထူးရည်ညွှန်းမိပါကြောင်းနှင့်
ဤကိစ္စတွင်စိတ်ပါဝင်စားကြသော မည်သည့်
ပုဂ္ဂိုလ်မျိုးကိုမဆို လိုတာကို ဖြည့်စွက်မလိုတာကို
ပယ်ဖျက်နိုင်ပါကြောင်းလည်းပြောကြားထားပါတယ်။
ပန်းချီဆရာများနှင့် မြန်မာ့ရိုးရာပန်းချီ အနုပညာ ပြန်လည်ဆန်းသစ်ရေးကို စိတ်ပါဝင်စားသူများ
ဖတ်ရှုသင့်တဲ့ စာအုပ်လေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်။
အလင်းတံခါး စာကြည့်တိုက်
Youth Development Centre