ကျောင်းဆရာ မဖြစ်ချင်သည့် ကျွန်တော်က ဘယ်သို့ ဘယ်ပုံ စာသင်၊ စာချ (ဘုန်းကြီးစကားဖြင့်) အလုပ်ကို လုပ်ဖြစ်နေမှန်း ကျွန်တော် မသိ။ နိုင်ငံရေးသင်တန်းနှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းများကို မန္တလေးမြို့နှင့် အခြား နယ်မြို့များတွင် စာသင်ပေးနေသည်မှာ၊ ၃ နှစ်ကျော် ၄ နှစ်ထဲပင် ရောက်နေပြီ။ လူငယ်သင်တန်းတွေ မှာ အမြဲ ပြောဖြစ်ခဲ့သည့် အကြောင်းအရာတစ်ခုကား၊ ကြောက်စိတ်။ လူငယ်တိုင်းလိုလို ကြောက်ရွံ့မှုစက်ဝိုင်း ထဲမှာ ကျဉ်လည်ဖူးကြသည် မဟုတ်လား။ လူငယ်မှ မဟုတ် လူကြီးများသည်လည်း ကြောက်တတ်သည်။ လူကြီးဖြစ်လာလေလေ ပိုကြောက်တတ်လာလေလေ ဟုပင် ဆိုရမလား မသိ။ ထို့ကြောင့် ကြောက်စိတ် ဟူသည် လူကြီး၊ လူငယ် မဟူ လူတိုင်းနှင့် အမြဲရင်ဆိုင်နေရသော အရာဖြစ်သည်။
လောကမှာ ကြောက်စရာ အကောင်းဆုံးစိတ်က၊ #ကြောက်တတ်တဲ့စိတ်ပဲ။
လူငယ်တွေကို ကြောက်ရွံ့မှုစက်ဝိုင်းက ဖောက်ထွက်နိုင်အောင် ကျွန်တော် အမြဲ တွန်းအားပေးသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကြောက်ရွံ့မှုကနေ ဖောက်ထွက်နိုင်အောင် ကြိုးစားနေဆဲဖြစ်သည်။ လူတွေ ဘာ့ ကြောင့် ကြောက်တာလဲ။ ကြောက်ရွံ့မှု စက်ဝိုင်းကို ဝိုက်ဘုတ်ပေါ်တွင် ကျွန်တော် ချဆွဲလိုက်သည်။
ကြောက်စိတ်။ ဘာ့ကြောင့် ကြောက်သလဲ။ ကြောက်တော့၊ မလုပ်၊ မလုပ်တော့ အတွေ့အကြုံမရှိ၊ မလုပ်ဖူးဘူး။ မလုပ်ဖူးတော့၊ အတွေ့အကြုံမရှိတော့၊ မလုပ်တတ်ဘူး။ မလုပ်တတ်တော့ ကြောက်တယ်။ ကြောက်တော့ မလုပ်ဘူး။ မလုပ်တော့ မလုပ်ဖူးဘူး။ မလုပ်ဖူးတော့ မလုပ်တတ်ဘူး။ မလုပ်တတ်တော့ ကြောက်တယ်။
စသည်ဖြင့် သံသရာလည်နေသည်။
“ ဤသံသရာစက်ဝန်းကို ဘယ်က ဖောက်ထွက်ရမလဲ။ သူတို့ မေးတဲ့ အခါ ကျွန်တော် ဖြေလိုက်သည်။ လုပ်ပစ်လိုက်။ ကြောက်သလား။ ကြောက်ကြောက်နှင့်သာ လုပ်ပစ်လိုက်။ မင်း မကြောက်တတ်ဘဲ ဖြစ်လာမယ်။” နောက်တော့ ကျွန်တော် ထပ်ပြောသည်။ “သတ္တိရှိသူ ဆိုတာ ဘယ်သူလဲ” “သတ္တိရှိသူဆိုတာ သူများထက် ငါး မိနစ် နောက်ကျပြီးမှ ကြောက်တဲ့သူကို ခေါ်တာ” စသည်ဖြင့် ကျွန်တော် ပြောသည်။ “သတ္တိဆိုတာ မိုက်ရူးရဲတာ မဟုတ်ဘူး။ မိုက်ရူးရဲတာနဲ့ သတ္တိက မတူဘူး၊ ဉာဏ်နှင့်ယှဉ်တဲ့ ရဲရင့်မှု ကသာ သတ္တိဖြစ်တယ်၊ ဉာဏ်မပါတဲ့ ရဲဝံ့မှုက မိုက်ရူးရဲတာပဲ…”
ဤအယူအဆ၊ အမြင် ရှုထောင့်များကို ဘယ်ကနေ ဘယ်လို ကျွန်တော် ဆင့်ပွားရရှိပါလိမ့်။ နဖူးပေါ်လက်တင် ပြီး စဉ်းစားသည့် အချိန်တွေက အကြိမ်ကြိမ်။ မသိစိတ်ထဲမှာ စာပေါင်းစုံဖတ်ရင်း အသိမော်လီကျူးများ အချင်း ချင်း ဓာတ်ပြုရာမှ ဒြပ်စင်အသစ်များ ပေါက်ဖွားလာသည်။ အချင်းချင်းအကြား ဓာတ်ပြု ဆန့်ကျင်မှုများ အလို အလျှောက် ပြုကြရင်း၊ အတွေးသစ်၊ အမြင်သစ်၊ အိုင်ဒီယာသစ်၊ ရှုထောင့်အသစ်များ ရောက်လာတတ်သည် မဟုတ်ပါလား။ ရေခံ မြေခံကား ဘယ်ကလာသနည်း။ ကျွန်တော့်၌ အဆိုပါ အယူအဆများ၏ မြစ်ဖျားခံရာရှိ လိမ့်မည်။ ဘယ်ကလဲ၊ ဘယ်ကလဲ။
ကျော်ဝင်း၊ တင်မောင်သန်း (သင့်ဘဝ). ကိုတာ နှင့် #မောင်သစ်ဆင်း တို့ အုပ်စုကြောင့် ကျွန်တော် ထောင့်ပြောင်းတွေး တတ်သည့် သီအိုရီ အတော်များများရခဲ့သည်။ ယခုလည်း ဆရာကြီးများနှင့် မကြာခဏ တွေ့ဆုံ၊ စကားပြော ဆွေးနွေးရင်း၊ လေ့လာဆည်းပူးခွင့်ရနေသည်။ ကျွန်တော် ပီတိဖြစ်ရသည်။ အတွေးဘောင်ထဲကနေ ကျောက်ချ မထားဘဲ၊ ကိုယ့်ကြက်ဥခွံထဲကနေ ဖောက်ထွက်ဖို့ ဆရာကြီးများ၏ စာများက ပြောင်းလဲပေးခဲ့သည်။ နောက်ဆုံး ကိုယ့် အသိကို ကိုယ်တော်လှန်ရေး လုပ်တတ်သည့် အကျင့်ပါ ကျွန်တော် ရလာသည်။
မောင်သစ်ဆင်းက၊ #ကြောက်စိတ် ဆောင်းပါးများကို စစ်အစိုးရခေတ် #စာပေကင်ပေတိုင်များကို လွတ်အောင် ရှောင်ရင်း တိမ်းရင်း ရေးခဲ့သည့် စာများဖြစ်သည်။ စစ်အစိုးရဖိနှိပ်မှု ဩဇာကနေ ဖောက်ထွက်နိုင်အောင်၊ သင့်ဘဝ၊ စံပယ်ဖြူ၊ မိုး၊ အတွေးအမြင်၊ The wave စသည့် စာစောင် မဂ္ဂဇင်းများက တစိုက်မတ်မတ် ကြိုးစားခဲ့ သည်။ ယခု အတော်များများပင် နားသွားပြီ။ ဝမ်းနည်းစရာ ကောင်းလှသည်။
ကွန်ပျူတာနှင့်ပက်သက်ပြီး၊ စကားတစ်ခုရှိသည်။ garbage in, garbage out တဲ့။ အမှိုက်ထည့်ရင် အမှိုက်ပဲ ထွက်တယ် ဆိုသည့် စကားဖြစ်သည်။ လူကြီးတွေ ကိုယ်တိုင်က အမှိုက်များဖြစ်သောအခါ၊ သူတို့ မွေးဖွားပေး သည့် ကလေးတွေကိုလည်း အမှိုက်ဘဲ ဖြစ်စေချင်သည်။ လူကြီးများ ကိုယ်တိုင်က သူတို့ ကိုယ်သူ၊ သူတို့ အမှိုက်များဖြစ်နေသည်ကို သူတို့ မသိ။
ကလေးတွေကို ဘာဖြစ်လို့ ကြောက်အောင် လုပ်တတ်ကြသလဲ ဆိုတော့ လူကြီးတွေ ကိုယ်နှိုက်က ကြောက်အောင် အလုပ်ခံခဲ့ကြရလို့ပါ။ သူတို့ ကိုယ်နှိုက်က ကြောက်စိတ်တွေ ရှိနေလို့ပါ။ (ကောက်နုတ်ချက် - စာ/၄၅)
အမှိုက်မျိုးဆက်ကနေ အမှိုက်များကို မွေးဖွား။ ကြောက်တတ်သူများက ကြောက်တတ်အောင် မွေးဖွား။ သူ့မျိုးဆက်၊ သူ့ဝန်းကျင်၊ သူ့အဖွဲ့၊ သူ့အလုပ်၊ သူ့တပည့်၊ သူ့… သူ့… သူ့….။ နောက်ဆုံး သူကိုယ်တိုင် ကြောက်နေသည်။ “ဘာကိုကြောက်မှန်းမသိဘူး… ကြောက်တော့ ကြောက်နေတယ်… ဘာကို ကြောက်မှန်း လည်း မသိဘူး…” အကြောက်ဆိုတာ လူငယ်များနှင့်သာ သက်ဆိုင်သည် မဟုတ်။ လူကြီးများနှင့်လည်း သက် ဆိုင်သည်။ ပို၍ ပင်သက်ဆိုင်နေသည်။ လူများ အသက်ကြီးလျှင် ပိုကြောက်တတ်လာသည်။ လူများ ရာထူးကြီး လျှင် ပိုကြောက်တတ်လာသည်။ လူများ… အောင်မြင်လာလျှင် ပိုကြောက်တတ်လာသည်။ လူများ ပိုက်ဆံ ပိုရှိ လာလျှင် ပိုကြောက်တတ်လာသည်။
#ကိုယ်ကျိုးစီးပွားနှင့်_ပိုပက်သက်လေလေ၊ #ပိုကြောက်တတ်လေလေ၊ #ပိုစိုးရိမ်တတ်လေလေ။
ကိုမင်းဇင်က၊ ဦးကိုနီ လုပ်ကြံခံရအပြီး ဆောင်းပါး တစ်ပုဒ်ရေးသည်။ ခေါင်းစဉ်က လွတ်လပ်ခွင့်၊ ဥပဒေစိုးမိုးမှု နှင့် ဆရာဦးကိုနီ ပြသခဲ့တဲ့ တရား။ ထိုဆောင်းပါး၌ Freedom from Fear နှင့် Fear of Freedom ဆိုတာကို ယှဉ်ပြသည်။ ကြောက်ရွံ့မှုက လွတ်ကင်းခြင်းလော… လွတ်လပ်ခွင့်ကို ကြောက် နေခြင်းလော….။ ခေတ်က ဘယ်ကို သွားနေသလဲ။ စနစ်က ဘယ်ကို ဦးတည်နေသလဲ။ ဒါက ကြောက်ရွံ့ခြင်း နှင့် ပက်သက်ပြီး ဆက်စပ် တွေးနေမိသည့် ကျွန်တော့် အတွေးများဖြစ်သည်။
၂၁ ရာစုမှာ ကြောက်တဲ့ စိတ်ဖြင့် ဖြတ်သန်းကြရင်ဖြင့်။
အများက မိုးခါးရေသောက်၍ ကိုယ်ပါ လိုက်သောက်လိုက်ရသည့်အဖြစ်၊ ကိုယ့်ဘာသာ ပြန်ကြည့်။ ငါ ဖြစ်ဖူး လား။ #သမာရိုးကျ၊ #အစဉ်အလာ၊ #အုပ်စုစွဲ စသည့် စကားလုံးများကို သင် နက်နက်နဲနဲ ဆင်ခြင်ဖူးပါသလား။
ဝါးလုံးခေါင်းထဲမှာ နေရတာ လုံခြုံတယ်၊ ကိုယ့်ဥခွံလေးထဲမှာ နေရတာ လုံခြုံတယ် ဆိုတဲ့ စိတ်နဲ့ အပြိုင်အဆိုင် များသည့်၊ စွန့်စားမှုများသည့်၊ စိန်ခေါ်မှုများသည့်၊ အပြောင်းအလဲများသည့်၊ မသေချာ မရေရာမှုများဖြင့် ရှုပ်ထွေးပွေလီနေသည့် ၂၁ ရာစုကို ဖြတ်သန်းကြရင်ဖြင့်…..
Comfort Zone ထဲမှာ၊ အနေကြာကြာနေကြရင်ဖြင့် ဝါးလုံးခေါင်းထဲက လသည် အမြဲသာနေပေလိမ့်မည်။ ဆရာတော် ဦးဇောတိက ကပြောဖူးသည်။ #မစွန့်စားတဲ့သူက_မတိုးတက်ဘူး… တဲ့။
မောင်သစ်ဆင်းက၊ ကိုယ့်ထိုင်ခုံကို ကိုယ်လှုပ်ကြည့်ရန် လက်တို့လိုက်သည်။ လူဆိုသည့် သဘာဝက၊ သက် သောင့်သက်သာနေရတာကို ကြိုက်သည်။ အားမထုတ်ရတာကို ကြိုက်သည်။ မရုန်းကန်ရတာကို ကြိုက်သည်။ ကိုယ့်ရှိတာလေးနှင့် မှိန်းနေရတာကို ကြိုက်သည်။ ကြိုက်မှာပေါ့။ အားထုတ်ရတာ ပင်ပန်းသည်။ ရုန်းကန်ရတာ ပင်ပန်းသည်။ မှိန်းနေရတာက သက်သာသည်။
“ ထိုင်နေရင် အကောင်းသား၊ ထသွားမှ အကျိုးမှန်း သိ ” အဖြစ်မခံနိုင်။ ကိုယ့်ခုံက ကျိုးနေတာကို ဖော့တွေးပြီး၊ ခပ်တည်တည်နေသည်။ ဖုံးကွယ်ထားသည်။ လူ့ဗီဇကိုယ်တိုင်က ကိုယ့်ဆိုရင် ဖော့တွေး၊ သူ့ဆိုရင် ဖိတွေး တတ် သည့် အမျိုး မဟုတ်လား။ နောက်…. လူဆိုတာက၊ ကိုယ်မသိတာကို လူသိမှာကြောက်သည်။ ကိုယ် မတတ်တာကို လူသိမှာကြောက်သည်။ လူပဲ အရာရာမှာ ဘယ်လိုလုပ် အကုန်တတ်သိနိုင်မှာလဲ။ သိသလောက် လည်း သိမှာပေါ့…. သိနိုင်သလောက် သိအောင်တော့ အမြဲ ကြိုးစားအားထုတ်နေရမှာပေါ့… ဆိုတဲ့ ဖွင့်ထား သည့် စိတ်အခံကလည်း ပါးလျတတ်သည်။
“#ရှက်တတ်ပါ။ လူဆိုတာ ရှက်တတ်မှ အောင်မြင်တယ်၊ တိုးတက်တယ်လေ… လူတွေ မတိုးတက်တာ၊ ရှက်ရ မယ့်နေရာ လွဲနေလို့ပါ…. မရှက်သင့်တာကို ရှက်ပြီး ရှက်သင့်တာလို့ မရှက်လို့ လူတွေ နိမ့်ကျရတာ….”
အပြောင်းအလဲ ခေါင်းစဉ်အောက်က ဆောင်းပါးဖတ်ရင်း ကျွန်တော့် ခေါင်းထဲရောက်လာသည့် အတွေးစများ ဖြစ်သည်။ ေဩာ်…. ငါရော… ဘာကိုရှက်တတ်နေပါလိမ့်… ဟူ၍ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်။
မြန်မာတွေက၊ ပျင်းတာနှင့် ရောင့်ရဲတာကို ခွဲခြားပြီး မမြင်။ ရောကြိတ်လွန်းသည်။ မြန်မာတွေ မတိုးတက်ရခြင်း နှင့် ပက်သက်ပြီး ကျွန်တော့်ခေါင်းထဲ ဝင်လာသည့် ကောက်ချက် တစ်ခုရှိသည်။
“ငတ်ဖူးရမယ်…. မြန်မာတွေက မငတ်ဖူးဘူး… မငတ်ဖူးတော့ မတိုးတက်ဘူး…”
ငတ်ဖူးတဲ့ တိုင်းပြည်တွေ တိုးတက်သည်။ သာဓက အချို့ရှိသည်။ သို့သော် အားလုံးတော့ ယေဘုယျ မမှန်။ ကျွန်တော့် အတ္တနောမတိဖြင့် ကျွန်တော် မြင်သည့် ကောက်ချက်ဖြစ်သည်။
ဒေါက်တာအောင်ထွန်းသက်က ပြောဖူးသည်။ “ Forward Looking… Backward Looking မဟုတ်ဘူး… တဲ့။ ရှေ့ကို ကြည့်။ ကားမောင်းရင် ရှေ့မှန်ကို ကြည့်ပြီးပဲ မောင်းရတာ၊ နောက်ကြည့်မှန်ကို ကြည့်ပြီး မောင်းရင် ရှေ့ မရောက်ဖူး… တဲ့။ သို့သော် နောက်ကြည့်မှန်လည်း ပါဖို့လိုတယ်… ရှေ့ကို မောင်းဖို့ အတွက် နောက်ကြည့်မှန် ပဲ ကြည့်နေရင် အလုပ်မဖြစ်ဖူး…တဲ့ ရှေ့ကိုကြည့်…”
အတိတ်၏ အကျဉ်းသား အဖြစ်မခံဖို့ ကျွန်တော့်ကို ကျွန်တော် အမြဲ သတိပေးနေရသည်။ အတိတ်၏ အကျဉ်း သားဘဝမှာ ကျွန်တော် နေထိုင်ခဲ့ဖူးသည်။ မောင်သစ်ဆင်းက အပြောင်းအလဲအတွက် အတိတ်ကို အဆက် ဖြတ်ဖို့ ပြောသည်။ ပကတိ အရှိကိုမြင်အောင်ကြည့်။ အမြင်သစ်၊ သဘောထားသစ်၊ ပေါ်လစီအသစ်နဲ့ ကျစ်လစ် အောင် လုပ်။ ထောင့်စေ့အောင် ခွဲခြမ်းစိတ်ဖြာလိုက်၊ ထောင့်ပြောင်းပြီး စဉ်းစားလိုက်။ ထောင့်ပြောင်းပြီး ကြည့် လိုက်။ ရှုထောင့်ပြောင်းရင် အမြင် ပြောင်းမယ်။ အမြင်ပြောင်းရင် အတွေးပြောင်းမှာပဲ…. စသည်ဖြင့်။
မြန်မာလူမျိုး၏ ဓလေ့စရိုက်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ကြည့်လိုက်လျှင် ဖြူ / မည်း နိုင်ငံရေး လမ်း ကြောင်းက မထွက်သေး။ အဖြူ မဟုတ်လျှင် အမည်း ဆိုသည့် either or လောဂျစ်ဘောင်က မထွက်သေး။ ဒိုင်ယာလစ်တစ်မှသည် တွိုင်ယာလစ်တစ်သို့ မကူးပြောင်းတတ်သေး။
လူတွင် အရောင်ကိုမြင်တဲ့သည့် အဆင့် (၄) ဆင့်ရှိသည်။
(၁) အဖြူ / အမည်း အဆင့်
(၂) ဝါ / စိမ်း / နီ / ပြာ အဆင့် (ရောင်စုံ အဆင့်)
(၃) လိမေ္မာ် / အစိမ်း ပုပ် / ကြက်သွေး-ပန်းရောင် / မိုးပြာ-နက်ပြာ- ခရမ်း (ရောင်ကွဲ အဆင့်)
(၄) အလင်း / အမှောင် အဆင့် (ပေါက်မြောက်သော ပန်းချီဆရာများသည် အရောင်များဟု မမြင်တော့ အလင်း အမှောင်များဟုသာ မြင်တော့သည်၊ အလင်း လှိုင်းများ ပြောင်းလဲခြင်းမှသည် အရောင်များ ကွဲပြားဖြစ်တည်လာသည်ဟု မြင်သည့် အဆင့် တနည်း အရောင်နတၳိဝါဒီ အဆင့်/ အဆင့်အမြင့်ဆုံး အမြင်)
မြန်မာတို့ အဖို့ အဖြူ / အမည်း အဆင့်ကပင် မတတ်သေး။ ဘက်စုံ မမြင်။ ထောင့်ပြောင်းမမြင်။ ကျော်လွှား မမြင်။ နေရာရွှေ့မကြည့်။ ကန့်သတ်အမြင်များဖြင့် တိမ်သလာ ဖုံးနေသည်ချည်း။ အချို့က ကာလာဗလိုင်း၊ အချို့က ပုံသဏ္႑ာန် ဗလိုင်း။ အချို့က အဝေးမှုန်၊ အနီး မမြင်။ အချို့ အဝေးမှုန် အနီးမြင်။ အချို့က အဝေးမြင်၊ အနီးမှုန်။ အနည်းစုကသာ အဝေးမြင်၊ အနီးမြင်။ နောက်ဆုံး မျိုးစိတ်ကား ရှားပါး မျိုးစိတ်တည်း။
မြန်မာ့ သင်ကြားရေးစနစ်က ( . ) Full Stop ချတတ်အောင် သင်သည်။ ဖူးစတော့ (Full stop) ဆိုသည့် အနက်ကား ပြည့်ပြည့်ဝဝကြီး အဆုံးသတ်လိုက်သည့် သဘောပင်။ မြန်မာလိုဆိုရင် ဝါကျတစ်ကြောင်း ပြီးတိုင်း ပုဒ်မ ချသည် နှင့် တူသည်။ အတွေးများကို ပုဒ်မ ချတတ်အောင် သင်ကြားနေသရွေ့ မြန်မာသည် မတိုးတက်။ ပုဒ်မ ချအောင် ဖြေသည့် အဖြေတွေ ဖြစ်အောင် မေးခွန်းလွှာတွေ ထုတ်နေသရွေ့ မြန်မာသည် မတိုးတက်။
၂၁ ရာစုသည် မသေချာ၊ မရေရာ၊ ရှုပ်ထွေးလှ၏။ စိန်ခေါ်မှု၊ စွန့်စားမှု၊ မတည်ငြိမ်မှုများနှင့် နင်းကြမ်းပြည့်နေ၏။
၂၁ ရာစု ကလေးများအား ကျောင်းသင် ပညာရေးက
ကြောက်တတ်အောင်၊ မလွတ်လပ်အောင်၊ အဖြေ တစ်ခုတည်းသာ ရှိသည်ဟု ဖြေတတ်အောင်၊ အဖြူ နှင့် အမည်းသာ ရွေးချယ်ရာဟု မြင်အောင်၊ အမှားနှင့် အမှန်သာ စဉ်းစားစရာဟု ပို့ချနေသရွေ့ မြန်မာသည်…. မြန်မာသည်….. ကျွန်တော် မပြောလိုတော့။
ဆိုရှယ်လစ် လူဘောင်မှာ ကြီးပျင်းလာသည့် လူကြီးများအဖို့၊ “အ” သုံးလုံး ဆိုသည်မှာ “အရေး၊ အဖတ်၊ အတွက်” ဟုသာ ထင်နေ၊ မြင်နေသရွေ့ စတုတၳမျိုးဆက်အဖို့….
ဂလိုဘယ် “အ” သုံးလုံး ကျေမှ ၂၁ ရာစုမှာ လူရာဝင်မည်။ လူတောတိုးမည်။ လူဝင်ဆန့်မည်။ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည်။ ခေတ်သစ် “အ” သုံးလုံးမှာ…. #အိုင်ဒီယာ၊ #အင်တာနက် နှင့် #အင်္ဂလိပ်စာ တို့ဖြစ်သည်။
အိုင်ဒီယာ ကွန့်မြူး ဆန်းသစ်မှုအပေါ် အခြေမပြုသည့် ပညာရေးမဖြစ်သရွေ့
အင်တာနက် သတင်းနည်းပညာများဖြင့် အပ်စပ် ကျည်လည်မှုကို ဟန့်တားနေသရွေ့
အင်္ဂလိပ်စာ ကို ပိုင်နိုင်ကျွမ်းကျင်အောင် မပျိုးထောင်ပေးသရွေ့
မြန်မာသည် တော်ဖလာ ဟောသည့် ပထမလှိုင်းထဲမှာပင် တဝဲလည်လည် သံသရာ ရှည်နေရအုံးမည်။ ကျဉ်လည် နေရအုံးမည်။
တော်ဖလာက စီးပွားရေး ထုတ်လုပ်ပုံအပြောင်းအလဲကို ကြည့်ပြီး လှိုင်း (၃) လှိုင်းဖြင့် ပုံဖော်သည်။
#တော်ဖလာအလိုအရ
ပထမလှိုင်း - လယ်ယာ စိုက်ပျိုးရေး ယဉ်ကျေးမှု (၈၀၀၀ ဘီစီ မှ အေဒီ ၁၆၅၀ - ၁၇၅၀ အထိ)
ဒုတိယလှိုင်း - စက်မှု ယဉ်ကျေးမှု (၁၆၈၀ မှ ၁၉၈၀ အထိ)
တတိယလှိုင်း - အာကာကခေတ်၊ သတင်းခေတ်၊ အီလက်ထရောနစ်ခေတ်၊ စက်မှုခေတ်လွန် (ယခု)
စသည်ဖြင့် ပုံစံ ထုတ်ပြသည်။ မြန်မာနိုင်ငံအဖို့…. (?????)
တိုးတက်ရေးနှင့် ခေတ်မီရေးသည် တာတို မဟုတ်။ တာဝေးဖြစ်သည်။ တာတိုပြေးပွဲ၌ စပိ (speed) သည် အခရာဖြစ်သည်။ သို့သော် တာဝေး မာရသွန်၌ သက်လုံက အခရာကျသည်။ ခေတ်ဝန်ကို ထမ်းမည့် လူငယ် များအဖို့ သက်လုံ၊ ဇွဲ၊ ကျားကုတ်ကျားခဲ၊ တစိုက်မတ်မတ်၊ စနစ်တကျ…. စသည့် စကားလုံးများကို ကျော၌ သယ်ပိုးလျက် ဖြတ်သန်းကြလျှင်ဖြင့်….
ဖအေထက် တော်သော သား၊ မအေထက် တော်သော သမီး၊ ဆရာ့ထက် တော်သော တပည့်၊ ခေါင်းဆောင် ထက် တော်သော နောက်လိုက်၊ လူကြီးထက် တော်သော လူငယ်၊
ယခု မြန်မာနိုင်ငံထက် ပိုကောင်းသော၊ ပိုတိုးတက်သော၊ ပိုခေတ်မီသော၊ ပိုဩဇာတိက္ကမကြီးသော၊ ပိုဖွံ့ဖြိုးသော၊ ပိုငြိမ်းချမ်းသော၊ ပိုတည်ငြိမ်သော၊ ပိုသာယာအေးချမ်းသော၊ မြန်မာနိုင်ငံ ဖြစ်တော့အံ့…..
#မင်းသေ့
ည ၁၁း ၄၀
၁၁ / ၃ / ၂၀၁၇
#min_thayt