အထောက်တော်လှအောင်
စာပေဆွေးနွေးပွဲ
စိတ်ကူးချိုချိုအနုပညာ
တစ်ဦးတည်း ပထမအကြိမ်၊ သြဂုတ် ၂၀၂၀။
( ၂၀၁၁၊ ပုဂံစာအုပ်တိုက်၏ ပထမအကြိမ်မူ )
၁၀.၉ စင်တီမီတာ x ၁၈.၆ စင်တီမီတာ။
စာမျက်နှာ - ၁၃၆ ၊ တန်ဖိုး - ကျပ် ၁၅၀၀။
စိတ်ကူးချိုချိုစာအုပ်တိုက် ၂၁ နှစ်ပြည့်
အမှတ်တရ ၂၁ အုပ် အစီအစဉ် '' စာပေမှတ်တမ်း '' အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
၁၆ နိုဝင်ဘာ ၁၉၇၄၊ စနေနေ့က ရန်ကုန်မြို့ ဝိုင်အမ်စီအေ ခန်းမ၌ ကျင်းပသော စာရေးဆရာ၊ သတင်းစာဆ ရာ အထောက်တော်လှအောင်နှင့် စာဖတ်ပရိသတ်များ၊ လေ့လာသူများ ပါဝင်သည့် ''စာပေဆွေးနွေးပွဲမှတ်တမ်း'' ကို ပြန်လည်ထုတ်ဝေထားခြင်းဖြစ်သည်။
၂၅ နိုဝင်ဘာ ၁၉၇၄ ရက်စွဲဖြင့်ရေးသားထားသော
'' အထောက်တော်လှအောင်၏ အမှာ '' ပါရှိသည်။
ဆွေးနွေးချက် အပိုင်း ၃ ပိုင်းပါရှိသည်။
ပထမပိုင်းတွင် '' ပြည်သူ့အကျိုးပြုစာပေ၊ ခေါင်းဆောင်များအကြောင်း၊ သတင်းစာနှင့် ကိုယ်ပိုင်မူဝါဒ၊ လွတ်လပ်စွာ သတင်းရေးသားခွင့်၊ အညှီအဟောက်သတင်း၊ စာပေစိစစ်ရေး၊ ကြောင်တရားစီရင်ရေးနှင့် ယနေ့သ တင်းစာ၊ ရင်မှမွေးသည့် ရင်ငြိမ်စာ၊ သတင်းစာသည် ပြည့်မျက်စိ ပြည့်နား၊ စာအုပ်ကြော်ငြာ '' တို့နှင့် ပတ်သက်သော မေးခွန်းများကို ဆွေးနွေးထားသည်။
''သတင်းစာလုပ်ငန်းဟာ အလွန်မြတ်နိုးတွယ်တာစရာကောင်းတဲ့ အနုပညာလုပ်ငန်းတစ်ရပ်ပါ။ဝါသနာနဲ့ မြတ်နိုးမှုကို အခြေ မခံဘဲ သတင်းစာလောကထဲကို ဝင်လာ ရင်တော့ အောင်မြင်တဲ့သတင်းစာဆရာ ဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။ ဝါသနာ နဲ့ မြတ်နိုးမှုမပါဘဲ ရရာ အလုပ် ဝင်လုပ်ပါတယ်ဆိုတဲ့ လူမျိုးတွေ ကျွန်တော်တို့ နယ်မှာ များပြားလာမယ်ဆိုရင်တော့ အနာဂတ် သတင်း စာလောကအတွက် ကျွန်တော် ကြီးစွာရင်လေးမိပါ တယ်။ '' ( စာမျက်နှာ ၃၁ မှ )
'' သူ့လက်ထဲမှာ အာဏာရှိတဲ့အတွက် ကိုယ် ထောင်ကျ မှာစိုး လို့၊ အလုပ်ပြုတ်မှာစိုးလို့ ဆိုရင်တော့ သတင်းစာ ဆရာ မလုပ်နဲ့တော့။ စာရေးဆရာ မလုပ်နဲ့တော့။ ''
( စာမျက်နှာ ၃၅ မှ )
ဒုတိယပိုင်းတွင် '' သတင်းစာဆိုတာ ဘာလဲ၊ သတင်းထောက်အတွေ့အကြုံ၊ဦးလှအောင်ရယ် ကျွန်တော်ရယ် ဓာတ်မှန်ရယ်၊ ဆရာဝန်မရယ် ဦးလှအောင်ရယ် ကျွန်တော်ရယ်၊ အထောက်တော်လှအောင်နှင့် သတင်းစာ များ၊ အပျက်သတင်းနှင့် အပြုသတင်း၊ ယနေ့သတင်း စာ ထုတ်ဝေဖြန့်ချိပုံ'' တို့နှင့် ပတ်သက်သော မေးခွန်း များကို ပြန်လည်ဆွေးနွေးထားသည်။
'' သတင်းစာဟာ ပြည်သူနဲ့အတူ မရပ်ဘဲ၊ အပေါ်ကချပေးတဲ့ ဝါဒဖြန့် စာလုံးတွေကို ပုံနှိပ်စာလုံးအဖြစ် ပြန်ကူးပေးရင်တော့ တော်တော်ဆိုးပါတယ်။ အဆိုးဆုံးပါပဲ။ ဒါပေမဲ့ အပေါ်ကချပေးတဲ့ ဝါဒဖြန့်ချက်တွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိတဲ့ ဝါဒဖြန့်ချက်တွေလား၊ သူတို့မမှန်ရာ လုပ်နေတာတွေကို ပြည်သူလူထုက မှန်တယ်လို့ ထင်မှတ်ယုံကြည်သွားအောင် လိမ်ညာတဲ့ ဝါဒဖြန့်ချက်လား ဆိုတာကို သတင်းစာဆရာက
မှန်ကန်စွာ အကဲဖြတ်တတ်ဖို့ လိုပါတယ်။ ''
( စာမျက်နှာ ၄၆ မှ )
တတိယပိုင်းတွင် '' သတင်းဦး၊ နှာစေးနေပါသည်၊ သတင်းဂျာနယ် ပိတ်ရခြင်း၊ ပြန်လမ်း မရှိတော့ပြီ၊ သတင်းတိုင်းကို သိခွင့် ရှိ မရှိ၊ ရာဇဝတ်မှုသတင်း၊ သတင်းစာနှင့်ဂျာနယ်၊ လင်းဦးနှင့် အထောက်တော်လှအောင်၊ ကြောင်တရားဖြတ်ထုံး၊ စိတ်တက်ကြွသော ကာလ၊ သတင်းစာအတတ်ပညာ '' တို့နှင့် ပတ်သက်သော မေးခွန်းများကို ပြန်လည်ဆွေးနွေးထားသည်။
'' သတင်းဂျာနယ်မှာလုပ်ရတာ ကျွန်တော် စိတ်အတက်ကြွဆုံးပါ။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ကျွန်တော် စိတ်အချမ်းသာရဆုံးပါ။ ကျွန်တော့်ဘဝ
တစ်လျှောက်လုံးမှာ ကျွန်တော့်ရည်မှန်းချက်တွေ လုံးဝဥဿုံနီးပါးလောက် ဆောင်ရွက်ခွင့်ရတဲ့ အချိန်ကာလ အပိုင်းအခြားဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာကို တိုက်တွင်း ပဋိပက္ခမရှိ၊ အနှောင့်အယှက် မရှိ ရေးခွင့်၊ လုပ်ခွင့်ရခဲ့လို့ ဒီလို စိတ်တက်ကြွရတာ ဖြစ်ပါတယ်။ ''
( စာမျက်နှာ ၁၃၄ မှ )
၁၉၇၄ ခုနှစ်က စာပေဆွေးနွေးပွဲ မှတ်တမ်းဖြစ်သည့် တိုင် တွေးဆ ဆင်ခြင်ဖွယ်ကောင်းသော ဆွေးနွေးချက်များဖြစ်ရာ မြန်မာ့စာနယ်ဇင်းသမိုင်းကို စိတ်ဝင်တစား ရှိကြသူတို့ နှစ်ခြိုက်ကြမည့် မှတ်တမ်းတစ်စောင်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၂၅ သြဂုတ် ၂၀၂၀
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845