ဂျာနယ်ကျော်မမလေး
ပြည်သူ့ဆုတောင်း နှင့် အခြားစာများ
စိတ်ကူးချိုချိုအနုပညာ
ပထမအကြိမ်၊ သြဂုတ် ၂၀၁၉။
မျက်နှာဖုံးပန်းချီ - တော်တီဆွေ။
၁၃.၁ စင်တီမီတာ x ၁၉.၁ စင်တီမီတာ။
စာမျက်နှာ - က + ခ နှင့် ၁၅၄ ၊ တန်ဖိုး - ကျပ် ၁၈၀၀။
စိတ်ကူးချိုချိုစာအုပ်တိုက် နှစ်နှစ်ဆယ်ပြည့် အထိမ်းအ မှတ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
ဂျာနယ်ကျော်မမလေး၏ ကိုယ်ရေးအကျဉ်းပါရှိသည်။ ထုတ်ဝေခဲ့ဖူးသည့် လုံးချင်းများတွင်ပါဝင်ခြင်းမရှိသေးသော ဝတ္ထုဆောင်းပါး ၃ ပုဒ်နှင့် တိုင်းရင်းဆေးပညာ ဝတ္ထုဆောင်းပါး ၄ ပုဒ် တို့ကို စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။
မူလဖော်ပြခဲ့သည့် ရှုမဝမဂ္ဂဇင်းမှ သရုပ်ဖော်ပုံအချို့နှင့် ဓာတ်ပုံမှတ်တမ်းများကိုလည်း ပြန်လည်ထည့်သွင်းဖော်ပြထားသည်။
ဝတ္ထုဆောင်းပါး ၃ ပုဒ်မှာ ပြည်သူ့ဆုတောင်း ( ဇန်နဝါရီ ၁၉၅၅ ) ၊ ပြန်လည်၍ တွေ့ဆုံရာဝယ် ( ဖေဖော်ဝါရီ ၁၉၆၂ ) နှင့် အိမ်ကြီးဝင်္ကဘာ ( ဖေဖော်ဝါရီ ၁၉၅၄ ) တို့ဖြစ်သည်။
တိုင်းရင်းဆေးပညာ ဝတ္ထုဆောင်းပါး ၄ ပုဒ်မှာ အနာနှင့်ဆေး ( နိုဝင်ဘာ ၁၉၆၁ ) ၊ ဗမာ့ဆေးပညာနှင့် အစိုးရ အလုပ်သမား လူတန်းစား ( သြဂုတ် ၁၉၆၁ )၊ သူ့ဆေး နှင့်သူ့ဓာတ် ( ဖေဖော်ဝါရီ ၁၉၆၈ )၊ ဓာတ်ကို
ဓာတ်စောင့်သည် ( ဒီဇင်ဘာ ၁၉၆၇ ) တို့ဖြစ်သည်။
ပြည်သူ့ဆုတောင်း နှင့် ပြန်လည်၍ တွေ့ဆုံရာဝယ် တို့ မှာ သခင်ဗဟိန်း၏ ဇနီးဟောင်း မခင်ကြီး ကိုယ်တွေ့ ကြုံခဲ့ရသည့် အဖြစ်အပျက်တို့ကို အခြေခံ၍ ရေးဖွဲ့ထားသော အရေးအသားများဖြစ်သည်။
'' မြို့ပေါ်မှာ ကော်ဇောပေါ်ကနေပြီး နိုင်ငံရေးဆောင်ရွက်နေတဲ့ အမျိုးသမီးတွေနဲ့တော့ ဘယ်တူပါ့မလဲရှင်။ တောထဲမှာ အခက်အခဲအမျိုးမျိုးတွေ တွေ့ကြုံကျော်ဖြတ်ရတော့ အတွေ့အကြုံတွေက သင်ပေးတဲ့အတိုင်း အသိဉာဏ်နိုးကြားပြီး အရည်အချင်း တစ်ဆင့်ထက် တစ်ဆင့် ရင့်လာတာပေါ့။ ဒါကြောင့်လည်း ဒီလောက်ခရီးကြမ်းကြီးကို မှောင်ကြီးမည်းကြီးထဲမှာ စွန့်စွန့် စားစားဖြတ်နိုင်ကြတာပေါ့။ ''
( ပြန်လည်၍ တွေ့ဆုံရာဝယ်၊ စာမျက်နှာ ၆၁ မှ )
အိမ်ကြီးဝင်္ကဘာ မှာ ရန်ကုန်မြို့၊ ဝင်္ကပါလမ်းရှိ အမျိုးသမီး ကာကွယ်ရေးဋ္ဌာနချုပ် နှင့် ဋ္ဌာနချုပ်သို့ အကြောင်းအမျိုးမျိုး ဖြင့်ရောက်ရှိလာကြသော အမျိုးသမီးလေးများအကြောင်းအား တစေ့တစောင်း ရေးဖွဲ့ထား သည့် အရေးအသားဖြစ်သည်။
'' ဤအိမ်ကြီးထဲမှ နှုတ်ဆက်၍ ထွက်လာသည်အထိ ဤ မိန်းကလေးသုံးယောက် တွေ့ခဲ့ရပုံကို မျက်စိထဲမှ မထွက်ပေ။ သူတို့နေကြပုံကို ဘာနဲ့တူပါလိမ့်ဟု တွေးလိုက်သည့်အခါ ဆေးပျက်နေသော တိုက်ပျက်၊ အိမ်ပျက် အပြင်အုတ်ထရံ တွင် မလှုပ်မရှား နံရံနှင့်တစ်သားတည်း ကပ်ငြိမ်နေသော 'တောက်တဲ့' ကောင်လေး ကို စိတ်ထဲတွင် မြင်ထင်လာမိသည်။''
( အိမ်ကြီးဝင်္ကဘာ၊ စာမျက်နှာ ၉၇ မှ )
ကျန်ဝတ္ထုဆောင်းပါး ၄ ပုဒ်မှာ တိုင်းရင်းဆေးပညာနှင့် ပတ်သက်သော အရေးအသားများဖြစ်ပြီး အနာနှင့်ဆေး တွင် ဂျာနယ်ကျော်မမလေး၏ သားဖြစ်သူ မောင်သိန်း တန် ရေးသားထားသည့် '' မဖြစ်လိုသော ရန်ပွဲ'' အရေး အသားကိုပါ ထည့်သွင်းရေးဖွဲ့ထားသည်။
'' ကျွန်မ စိတ်၌ ဖြစ်ပေါ်နေသော ဤပြဿနာကို ဝေခွဲ၍ မရအောင် ခက်နေသည်။ ပညာ၏ ကြီးမားသော ကျေးဇူးဂုဏ်ကို တစ်ဆင့်ပြီးတစ်ဆင့် တက်၍ ဝေဖန်နှလုံးသွင်းလိုက်သည့်အခါ ဤဓာတ်ပညာသည် လောဘနှင့်မအပ်စပ်၊ ငွေနှင့်မအပ်စပ်ဟု ဆင်ခြင်ရင်း အကျိုးအပြစ် သိမြင်လာသည်။ ပညာ၏ ဂုဏ်ကျေးဇူးကို သိမြင်လာသည်နှင့်အမျှ ဤပညာဖြင့် ပြည့်စုံ ချမ်းသာ ကြွယ်ဝနိုင်မှုကို စက်ဆုပ်ရွံရှာလာသည်။ ဤတွင်မှ ကျွန်မတစ်သက်တွင် ဓာတ်ပညာကို ငွေနှင့်မလဲ စီးပွားမရှာ ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ''
( ဓာတ်ကို ဓာတ်စောင့်သည်၊ စာမျက်နှာ ၁၅၃ မှ )
''ဝတ္ထုစာမူ၊ ဆောင်းပါးစာမူ ပေါင်းချုပ်များတွင် မပါဝင်သေးသော စာများ ထပ်မံရှာဖွေစုစည်းမှု '' ဟု ဆိုထားပေရာ ဂျာနယ်ကျော်မမလေး၏ အရေးအသားတို့ကို နှစ်ခြိုက်သူတို့ အကြိုက်တွေ့မည်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၄ သြဂုတ် ၂၀၁၉
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845