ဒေါက်တာမြင့်ဇော်
သာမန်လူများ
သာလာယံ စာအုပ်တိုက်၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - မြင့်မောင်ကျော်။
၁၀.၂ စင်တီမီတာ x ၁၇ စင်တီမီတာ။
စာမျက်နှာ - ၉၉၊ တန်ဖိုး - ကျပ် ၁၀၀၀။
'' လူသားမျိုးနွယ်တို့ ကြုံတွေ့ခဲ့သည့် သမိုင်းဖြစ်ရပ်ဆိုး များမှ သင်ခန်းစာယူနိုင်ရန် ယခုစာစဉ်ကို စီစဉ်ထုတ်ဝေ ကြခြင်းဖြစ်ပါသည်။ လူ့ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်ပါသည် '' ဟု အညွှန်း ပြုထားသော '' သမိုင်းဖြစ်ရပ်ဆိုးများ လေ့လာရေးစာစဉ် '' ဖြစ်သည်။
မိတ်ဆက်စကား ပါရှိပြီး သမိုင်းနောက်ခံ အချက်အလက်များ၊ သာမန်လူများ၏ ဆိုးယုတ်မှုခရီး၊ သာမန်လူများ သို့မဟုတ် ၁၀၁ တပ်ရင်းကို လေ့လာခြင်း၊ ခေတ်ထဲက လူများ၊ နောက်ဆက်တွဲ စသည့် အခန်း ၅ ခန်းနှင့် မှတ်တမ်းဓာတ်ပုံများပါရှိသည်။
'' ယခုစာအုပ်သည် လူ့သမိုင်း၏ အကြီးမားဆုံးသော ဆိုးယုတ်မှုဖြစ်ရပ် နာဇီဂျီနိုဆိုက်တွင် အောက်ခြေမှ ပါဝင်ခဲ့သူများအကြောင်းဖြစ်ပါသည်။ အဓိကအားဖြင့် အရံရဲတပ်ရင်း ၁၀၁ မှ တပ်သား ၅၀၀ ခန့်၏ ဇာတ်ကြောင်းဖြစ်ပါသည်။ သူတို့သည် ပုံမှန်လေ့ကျင့်ထားသော စစ်သားများ မဟုတ်ကြပါ။ အရံရဲတပ်ဖွဲ့ဝင်များ သာဖြစ်ပါသည်။ လက်ဝဲယိမ်းသည့် နေရာဒေသဟု ယူဆကြရသည့် ဟမ်းဘတ် Hamburg မြို့မှ အောက်ခြေလူတန်းစားနှင့် အလုပ်သမားနောက်ခံမှ လာပါ သည်။ အသက် ၃၀ကျော်၊ ၄၀များဖြစ်သည့်အတွက် စစ်ထဲဝင်ရန် အသက်ကြီးလွန်းသူများဖြစ်ပါသည်။ အနည်း စုကသာ နာဇီပါတီဝင်များ ဖြစ်ကြပါသည်။ အားလုံးနီးပါး တွင် လက်နက်ဖြင့် လူသေအောင်ပြုလုပ်ခဲ့ဖူးသည့် အတွေ့အကြုံ မရှိပါ။ တစ်နည်းအားဖြင့် သာမန်လူများဖြစ်ပါသည်။ ထိုသာမန်လူ များကို ဆင့်ခေါ်၍ ပိုလန်သို့ ပို့လွှတ်လိုက်သောအခါ အများစုသည် အချိန်တိုတွင်ပင် လက်ယဉ်နေသော လူသတ်ကောင်များဖြစ်လာပါ
သည်။ '' ( စာမျက်နှာ ၆ မှ ) ဟု '' မိတ်ဆက်စကား'' တွင် ဖော်ပြထားသည်။
ထိုအရံရဲတပ်ဖွဲ့ဝင်တို့သည် ပိုလန်တွင် ၁၈လ ကြာ စခန်းချ နေစဉ်အတွင်း လူပေါင်း သုံးသောင်းရှစ်ထောင်ခန့် ကို သတ်ဖြတ်ပစ်ခဲ့ကြပြီး လူပေါင်း လေးသောင်းခွဲ ကိုလည်း ဓာတ်ငွေ့ ဖြင့် သုတ်သင်ရေးစခန်း ထရီဘလင်ကာသို့ ပို့ခဲ့ကြသည်။
၁၉၆၀ ပြည့်လွန်နှစ်များတွင် ထို အရံရံတပ်ရင်း ၁၀၁ကို
အနောက်ဂျာမနီတရားရေးက စစ်ဆေးမေးမြန်းခဲ့သည်။ ထိုသူတို့၏ထွက်ဆိုချက်များကို လေ့လာ၍ ပါမောက္ခ
ဘရောင်းနင်း Christopher R. Browning က Ordinary Men စာအုပ်ကို ရေးသားပြုစုခဲ့သည်။
ဘရောင်းနင်း၏ လေ့လာတွေ့ရှိချက်များနှင့် ခြုံငုံသုံးသပ်ချက်များကို '' သာမန်လူများ သို့မဟုတ် ၁၀၁ တပ်ရင်း ကို လေ့လာခြင်း '' ၌ ဖော်ပြထားသည်။
'' ငါတို့ အစဉ်အလာ လူ့အဖွဲ့အစည်း ဆက်လက်တည်ရှိရန် မလွယ်တော့၊ ငါတို့ခြိမ်းခြောက်ခံနေရပြီဟူသော လူမျိုးရေး အခြေခံ ပိတ်ဆို့ထိတ်လန့်စိတ်များ ဖြစ်လေ့ ရှိတတ်ကြပါသည်။ အာဏာပါဝါကို နာခံကျိုးနွံရန်လည်း ကလေးဘဝကပင် သင်ကြားပေး ခံခဲ့ရပါသည်။ ကိုယ်ကျိုးစီးပွားကိုသာ ဦးတည်စဉ်းစားမည့်သူများ ရှိနေလိမ့် မည်။ ထိုသူများသည် ဗြူရိုကရေစီယန ္တရားထဲတွင် ဝင်ရောက် လည်ပတ်ပေးနေရင်း မိမိပတ်ဝန်းကျင်တွင် ဖြစ်နေသည့် ကိစ္စများအတွက် မိမိတွင်တော့ တာဝန်မရှိဟု ခံယူတွေးတောလေ့ရှိကြပါလိမ့်မည်။ အစုအဖွဲ့ အဖော်အပေါင်း လွှမ်းမိုးမှုက မိမိ၏ အပြုအမူကို စေစားညွှန်ကြားသွားလေ့ ရှိပါလိမ့်မည်။ ၁၀၁ တပ်ဖွဲ့ဝင်များက ထိုအခြေအနေတို့ကို မကျော်လွှားနိုင်ဘဲ
လူသတ်သမားများ ဖြစ်ခဲ့ကြပါသည်။
သင့်လူ့အဖွဲ့အစည်းကရော ထိုကြောက်စိတ်နှင့် နာခံကျိုးနွံလို စိတ်ကို ကျော်လွှားနိုင်မည်လား။ ''
( စာမျက်နှာ ၆၅ မှ ) ဟု မေးခွန်းထုတ်ထားသည်။
သာမန်လူအများစု ပါဝင်နေသည့်
ကျွန်တော်တို့ လူ့အဖွဲ့အစည်းသည်
မည်သို့သော လူ့အဖွဲ့အစည်းဖြစ်ပါသနည်း။
မိုးမင်းသိမ်း
၂၈ ဇန်နဝါရီ ၂၀၂၀