ဒဂုန်တာရာ
နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လဲ
နှစ်ကာလများစာပေ၊
ဒုတိယအကြိမ် ၊ မေ ၂၀၁၉။
မျက်နှာဖုံးဓာတ်ပုံ - စံညိမ်းဦး၊
မျက်နှာဖုံးပန်းချီ - ဘဋ္ဌေးကြည်။
၁၂.၅ စင်တီမီတာ x ၁၉ စင်တီမီတာ။
စာမျက်နှာ - ၁၄၄ ၊ တန်ဖိုး - ကျပ် ၂၀၀၀။
ဒဂုန်တာရာ၏ ဘဝဖြစ်စဉ်နှင့်စာပေ၊ ဒဂုန်တာရာ၏
ကလောင်ခွဲအမည်များ၊ ကဗျာများရေးသားရာတွင် သီးသန့် အသုံးပြုခဲ့သော ကလောင်ခွဲအမည်များ နှင့် ဒဂုန်တာရာ၏ စာပေလက်ရာများ ( သီးသန့်လုံးချင်း စာအုပ်များ ) စာရင်းတို့ကို ထည့်သွင်းဖော်ပြထားသည်။
ပထမအကြိမ်ထုတ်ဝေစဉ်က ဟံသာဝတီ ဦးဝင်းတင်ရေးသားခဲ့သည့် '' ဒဂုန်တာရာ၏မေးခွန်းတွေ '' အမှာစာ ပါရှိသည်။
တစ်ခေတ်တစ်ခါက '' ကြေးမုံ သတင်းစာ '' ၌ ရေးသားခဲ့သော ဆောင်းပါး ၂၂ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။
'' ဒီမိုကရေစီ၏အဓိပ္ပာယ်၊ ဒီမိုကရေစီလက်တွေ့၊ နိုင်ငံရေးနှင့် နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လဲ၊ နိုင်ငံရေး ဘယ်လဲ၊ နိုင်ငံရေးအင်အားစုသစ်၊ အင်အားသစ်အဓိပ္ပာယ်၊ နိုင်ငံခြားလွှမ်းမိုးမှုအဓိပ္ပာယ်၊ ပါတီ နှင့်ပါတီဝင်၊ ယနေ့တိုက်ပွဲ၊ ဦးနု ဘယ်လဲ၊ ယနေ့အကျပ်အတည်း၊ငြိမ်းချမ်းရေးရှုမြင်ကွင်း၊ ရာဇဝင်အမြင်၊ ပြန်လည်ဆန်းသစ်ရေး၊ ငြိမ်းချမ်းရေး လ၊ အနုပညာနှင့်ငြိမ်း ချမ်းရေး၊ လက်နက်လျှော့ပေါ့ရေး ပြဿနာ၊ နတ်ဆား၏ အိပ်မပျော်သောည၊ ရောက်တတ်ရာရာ၊ ယနေ့ စာပေလောက၊ စာပေ၏ဘောဂဗေဒ '' စသော ဆောင်းပါးများ ဖြစ်သည်။
'' ဒီမိုကရေစီ အခွင့်အရေးဆိုသည်မှာ တောင်းယူ၍ ရရိုး မဟုတ်။ တိုက်ယူ၍သာ ရမည်ဖြစ်သောကြောင့်တည်း။
တိုက်ယူသည် ဆိုရာ၌ လူထုလှုပ်ရှားမှု တိုက်ပွဲများကို
ဆိုလိုပေသည်။ အကယ်၍ လူထုလှုပ်ရှားမှု တိုက်ပွဲများ ကို တက်တက်ကြွကြွ၊ ကျယ်ကျယ်ပြန့်ပြန့်
ခေါင်းဆောင်ပေးနိုင်လျှင် ဒီမိုကရေစီအခွင့်အရေးများ ရလာရမည်ဖြစ်ပေသည်။ ဒီမိုကရေစီနယ်ပယ်ဘောင်ကို လူထုလှုပ်ရှားမှုတိုက်ပွဲများဖြင့် ချဲ့ယူရမည်သာ ဖြစ်ပေ သည်။ ( ဒီမိုကရေစီ၏ အဓိပ္ပာယ် ၊ စာမျက်နှာ ၃၈ မှ )
'' အချို့သော နိုင်ငံရေးသမားများနှင့် ကော်မတီထဲတွင်အတူလုပ်ဖူးလေရာ ''နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ အလုပ်ပဲ'' ဟူသော စကားကို သက်သေပြကြတော့ သည်။ မူမရှိဘဲ လူကိုသာရှေ့တန်းတင် လုပ်နေကြ သည်ကို တွေ့နေရရာ စိတ်ပျက်စရာကောင်းလှတော့ သည်။ ( နိုင်ငံရေးနှင့် နိုင်ငံရေးသမား၊ စာမျက်နှာ ၄၈ မှ )
'' လူအများ၏ဆန္ဒကို အသာတကြည်ရယူသော ဒီမိုကရေစီဝါဒပြန့်ပွား သန်မာလာခြင်းသည် နိုင်ငံရေးအဆင့်အတန်းမြင့်လာခြင်းတစ်ရပ်ဖြစ်သည်။ အတင်း အဓမ္မ လက်နက်ကိုင်ဝါဒ လွှမ်းမိုးလာခြင်းသည် နိုင်ငံရေး အဆင့့်အတန်းနိမ့်ကျလာခြင်း တစ်ရပ်ဖြစ်ပေသည်။ ''
( နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လဲ၊ စာမျက်နှာ ၅၄ မှ )
'' ဒီလို နိုင်ငံရေးဝဋ်နာကံနာမျိုးကို ဘယ်လိုကုစားကြ မလဲ။ ကိုဋ္ဌေးမြိုင်ကတော့ စစ်စစ်မှန်မှန်ဒီမိုကရေစီအင်အား ကောင်းအောင်လုပ်ရမယ်။ အဲဒီတာဝန်ဟာ နိုင်ငံရေးခေါင်းဆောင်မှု ရဲ့တာဝန်ပဲလို့ ညွှန်းဆိုခဲ့တယ်။
'ဤတာဝန်ကို မည်သူတို့ထမ်းဆောင်ကြမည်နည်း' လို့ မေးခွန်းထုတ်ခဲ့တယ်။
သူကွယ်လွန်သွားတဲ့အချိန်အထိလည်း ဒီမေးခွန်းကို ချန်ရစ်ခဲ့တယ်။ ကျွန်တော်ကတော့ 'ချန်ရစ်ခဲ့တယ်'လို့
မပြောချင်ဘူး။ ဒဂုန်တာရာက တမလွန်ကနေ မေးမြဲမေးနေဆဲပဲ ဖြစ်တယ်လို့ပြောချင်တယ်။ '' ( စာမျက်နှာ ၃၁ မှ ) ဟု ဟံသာဝတီဦးဝင်း တင်က '' ဒဂုန်တာရာ၏မေးခွန်းတွေ '' အမှာစာ၌ ဖော်ပြထားသည်။
ဒီမိုကရေစီ၊ နိုင်ငံရေး၊ နိုင်ငံရေးပါတီ၊ ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ် စသည်တို့ အပေါ်ထားရှိသည့် ဆရာဒဂုန်တာရာ၏ အမြင်တို့အား ဆဝါး ကြည့်နိုင်မည့် ဆောင်းပါး များဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၁၈ မေ ၂၀၁၉
Publisher Name: နှစ်ကာလများ
Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈
Publisher Phone Number: 09 254848048