ခင်ခင်ကျော်ကြီး
တရုတ် - မြန်မာ စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်
ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
လတ်တလောအကျိုးစီးပွားနှင့် ရေရှည်အားထုတ်ရမည့် ငြိမ်းချမ်းရေးအလားအလာ
Finding Peace Along The China Myanmar Economic Corridor: Between Short - Term Interests and Long - Lasting Peace.
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၉။
မျက်နှာဖုံးဓာတ်ပုံ - ဂျေပိုင်။
၁၄.၈ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
စာမျက်နှာ - ၁၀၀၊ တန်ဖိုး - ကျပ် ၂၀၀၀။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု
( ISP - MYANMAR ) မှ ထုတ်ဝေသော တရုတ် - မြန်မာ ဆက်ဆံရေးသုတေသန စာတမ်းတွဲများအနက် တတိယမြောက်စာတမ်းဖြစ်သည်။ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေထားသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ အမှုဆောင်ဒါရိုက်တာ ( ဦး ) မင်းဇင် ရေးသားသည့် စကားဦး ပါရှိသည်။ '' ဤစာတမ်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေပြု ငြိမ်းချမ်းရေးချဉ်းကပ်မှုနှင့်မြန်မာ့ငြိမ်း ချမ်းရေးအပေါ်တွင် ၎င်း၏ သက်ရောက်မှုများအား ပိုမိုနားလည်စေပြီး မူဝါဒရေး ရာဆွေးနွေးမှုများ ပေါ်ပေါက်လာစေရန် အထောက်အပံ့ဖြစ်စေမည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် ရပ်ဝန်းလမ်းကြောင်း စီမံကိန်း သည် မြန်မာနိုင်ငံမှ ရှိရင်းစွဲပဋိပက္ခများ၊ ပြည်သူလူထု အခြေပြု ငြိမ်းချမ်းရေးတည်ဆောက်ခြင်းများအပေါ်
အလေးထား ထည့်သွင်းစဉ်းစားခြင်းဖြင့် ပိုဆိုးနိုင်သော ပဋိပက္ခများ ရှောင်ရှားပြီး ငြိမ်းချမ်းရေးသို့သွားရာ
ပိုးလမ်းမအဖြစ် တည်ဆောက်နိုင်ရန် ရည်ရွယ်သည်။ '' ( စာမျက်နှာ ၄၉ မှ ) ဟု ''စကားဦး'' တွင် ရေးသားထား သည်။
'' တရုတ်၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်သော တရုတ် - မြန်မာစီးပွားရေးစင်္ကြံလမ်း တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံအကြားတွင် လက်မှတ်ရေးထိုးခဲ့သည်။ အသေးစိတ်အချက်အလက်များ ကို မသိရှိရသေးသော်လည်း ထိုစီမံကိန်းတွင် တရုတ်နိုင်ငံ ယူနန်ဒေသမှ မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ မြန်မာ့ စီးပွားရေးအချက်အချာဖြစ်သော ရန်ကုန်နှင့် အလယ်ပိုင်းဒေသရှိ မန ္တလေးမြို့ကို ဖြတ်ပြီးသွယ်တန်းမည့် အခြေခံ အဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။
ထိုစီးပွားရေးစင်္ကြံစီမံကိန်းသည် တရုတ်အား မြန်မာ့ငြိမ်း ချမ်းရေးဖြစ်စဉ်တွင် အပြုသဘောပါဝင်လာစေခြင်း၊ စစ်ဘေးသင့်နေသောဒေသ များအား ဖွံ့ဖြိုးစေခြင်း၊ ဒေသခံများ၏ ဘဝကို တိုးတက်ကောင်းမွန်လာစေခြင်း တို့ဖြင့် မြန်မာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုလိမ့် မည် ဟူသော ယူဆချက်များရှိသည်။
ကန့်လန့်ကာနောက်ကွယ်ရှိ စီးပွားရေးစင်္ကြံလမ်း စီမံ ကိန်းဆွေးနွေးမှုများ အရှိန်အဟုန်ရလာသည်နှင့် အမျှ ထိုစီမံကိန်းနှင့် မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ် သက်ရောက်နိုင်မှုများကို တင်ကြိုသုံးသပ်ရန် လိုအပ်လာပါသည်။ ဤစာတမ်း သည် တရုတ် - မြန်မာ စီးပွားရေးစင်္ကြံလမ်း၏ မြန်မာ့ငြိမ်းချမ်းရေးအပေါ်တွင် သက်ရောက်နိုင်မှုများကို လေ့လာသုံးသပ်သွားမည်ဖြစ်
သည်။ '' ( စာမျက်နှာ ၅၃ နှင့် ၅၄ မှ ) ဟု စာတမ်း ရှင်
( ဒေါ် ) ခင်ခင်ကျော်ကြီးက ရေးသားထားသည်။
'' သို့ဖြစ်ရာတရုတ် - မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်း သည် ငြိမ်းချမ်းရေးကို အထောက်အကူပြုသည်၊ မပြုသည်ဆိုသည့် အချက်မှာ စီမံကိန်းအား အသေး စိတ် ရေးဆွဲ အကောင်အထည်ဖော်ရာတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ ထိရှလွယ်သော အကြောင်း အရာများကို မည်မျှနားလည်စွာ ထည့်သွင်းသုံးသပ်နိုင်သည်ဟူသော အချက်ပေါ် တွင် များစွာမှီတည်နေပါ လိမ့်မည်။ ထိုသို့ဆောင်ရွက်ရာတွင် 'ရှိရင်းစွဲပြဿနာ များကို ပိုမိုဆိုးဝါး မသွားစေရန်' ဟူသော အချက်ကို
အခြေခံတစ်ရပ်အနေဖြင့် မြဲမြံစွာကိုင်စွဲထားရပါလိမ့် မည်။ '' ( စာမျက်နှာ ၇၅ မှ ) ဟုလည်း သတိပေးသုံးသပ်ထားသည်။
တရုတ်နိုင်ငံက စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည့် ရပ်ဝန်းလမ်းကြောင်းစီမံကိန်း Belt and Road Initiative ( BRI ) နှင့် ပတ်သက်၍ ရေရှည်အကျိုး ဆက်များအပေါ် သုံးသပ်ရေးသားထားသော စာတမ်းတစ်စောင်ဖြစ်ရာ မြန်မာ့နိုင်ငံရေးအခင်းအကျင်း ကို စိတ်ဝင်တစား ရှိကြသူတို့ ဖတ်ရှုသင့်သည့် စာတမ်း တစ်စောင်ဖြစ်ပါသည်။
မိုးမင်းသိမ်း
၁ ဇန်နဝါရီ ၂၀၂၀