စာကြည့်တိုက်ပညာကို ပေါ့ပေါ့ပါးပါးလေ့လာချင်သူများ၊ တနိုင်စာကြည့်တိုက် တည်ထောင်ချင်သူများ၊ ကိုယ်ပိုင်စာကြည့်တိုက် လုပ်ချင်သူများနှင့် စာပေနဲ့ဆက်စပ်ရာ နယ်ပယ်များအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပဲ ဖြစ်ဖြစ် အကျိုးပြုမယ်လို့ မျှော်လင့်ပါတယ်။
(စာကြည့်တိုက်ပညာ ဆောင်းပါးတွေကို စုစည်းထားတာဖြစ်ပါတယ်။ ခေါင်းစဉ်တွေကိုလည်း ကြည့်ကြည့်ပါဦး ---
- စာကြည့်တိုက်တစ်ခု တည်ထောင်မယ်ဆိုရင်
- စာကြည့်တိုက်ကို ဘယ်လိုစီမံမလဲ
- စာကြည့်တိုက်နှင့် ပညာရေးစနစ်
- သူလိုတာဖြည့်ရင်း ကိုယ်ပါပြည့်လာတယ်
- စတဲ့ခေါင်းစဉ်တွေအပြင် တခြားစာကြည့်တိုက်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို တဝကြီးဖတ်ရှုရမှာပါ။)
ပြဌာန်းစာအုပ်ပုံစံမျိုးမဟုတ်ဘဲ... ဆောင်းပါးပုံစံရေးထားတာမို့လို့ ဖတ်ရတာလည်း သွက်ပါတယ်။ နယ်စာကြည့်တိုက်သမားတွေအတွက် တကယ်အသုံးတည့်မယ့်စာအုပ်ပါ။ စာညွှန်းသီးသန့်ကို ထပ်ရေးဖို့ ကြိုးစားပါ့မယ်။
စိတ်ဝင်စားလို့ ဖတ်ကြည့်ချင်ရင်တော့ ကိုယ်တိုင်သာ ရှာဖတ်ကြည့်ထားကြပါဦး။ နောက်ကျရင်တော့ စာကြည့်တိုက်သမားတွေအတွက် တကယ်အကျိုးရှိနိုင်မယ့် စာအုပ်တွေကို ဖြန့်ဖြူးပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်။
*****
တစ်ခုချင်းအတွက် အကျဉ်းမိတ်ဆက်
“စာကြည့်တိုက်သမားရဲ့ စကားလက်ဆောင်မှာ” ဒီစာအုပ် ဘာ့ကြောင့်ဖြစ်လာတယ်၊ ဘယ်သူတွေအတွက်ရည်ရွယ်တယ်ဆိုတဲ့ အကြောင်းကို ဖော်ပြထားပါတယ်။
“ဘီငါးလုံး” မှာ စာကြည့်တိုက်အတွက် မဖြစ်မနေ အခြေခံကျတဲ့ ဘီငါးလုံးနဲ့ ဘီတစ်လုံးချင်းရဲ့ သဘာဝတွေကို ရှင်းပြထားပါတယ်။
“စာကြည့်တိုက်နှင့် သုတပညာ” မှာ ဒီပညာရဲ့ အကျိုးကျေးဇူးတချို့ကို တို့ထိထားပါတယ်။
“ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)ရဲ့ စာဖတ်အတွေ့အကြုံနဲ့ အတွေးအမြင်များ” က စာဖတ်သမားကောင်းတစ်ဦးဖြစ်လာဖို့ အကူအညီ အများကြီးပေးပါလိမ့်မယ်။ မိမိစာကြည့်တိုက်ကို အသက်ဝင်ရှင်သန်နေအောင် လုပ်ပေးချင်သူများ၊ စာဖတ်တဲ့အလေ့အထကို ပျိုးထောင်ပေးချင်သူများ ဒီကောက်နုတ်ချက်များကို မကြာမကြာ ပြန်ဖတ်ပြီး ကိုယ်တိုင်အတွက်လည်း ဓါတ်ကူးပါ၊ မိမိပတ်ဝန်းကျင်ကိုလည်း ခဏခဏ အကဲဖြတ်ပြီး စာဖတ်ဖြစ်လာမယ့် အခြေအနေကောင်းလေးတွေ ဖန်တီးပေးပါလို့ အလေးအနက်တိုက်တွန်းပါတယ်။
“စာကြည့်တိုက်တစ်ခု တည်ထောင်မယ်ဆိုရင်” မှာ စာကြည့်တိုက်တည်ထောင်ချင်သူများအတွက် ဘာတွေစဉ်းစားထားရမလဲ၊ ဘာတွေ စီစဉ်ရမလဲ၊ ဘာတွေကို ဘယ်လိုလုပ်ရမလဲ စတာတွေကို ဖော်ပြထားပါတယ်။
“စာအုပ်ရွေးချယ်စုဆောင်းမယ်” မှာ စာကြည့်တိုက်အတွက် စာအုပ်များကို စုဆောင်းတဲ့အခါ ဘယ်လိုမူတွေ ချမှတ်ရမယ်၊ မူကိုအခြေခံပြီး ဘာစာအုပ်တွေစုမယ်၊ ရောက်လာတဲ့စာအုပ်များကို အရင်ဘာလုပ်သင့်တယ်၊ ပြီးမှ ဘာဆက်လုပ်သင့်တယ် စတာတွေကို ဆွေးနွေးထားပါတယ်။
“မျိုးတူစုစနစ်” မှာ စာကြည့်တိုက်မှာ စုဆောင်းထားတဲ့ စာအုပ်များအတွက် ဒူဝီမျိုးတူစုစနစ် အခြေခံ ၁၀ မျိုး၊ ဒီ ၁၀ မျိုးကိုအခြေခံပြီး မိမိတို့နဲ့အဆင်ပြေအောင် တူရာတူရာ ဘယ်လိုမျိုးတူစုနိုင်တယ်၊ သုတ ရသ သဘော၊ အပျော်ဖတ်၊ ကလေးစာပေ စတာတွေကို ညွှန်ပြထားပါတယ်။
“စိတ်ကောင်းနဲ့ မိတ်ကောင်းဖွဲ့မယ်” မှာ စာကြည့်တိုက်အတွက် လုပ်ပေးသူများ သတိထားရမယ့် စိတ်သဘာဝများ၊ သိထားသင့်တဲ့ စွမ်းနိုင်သမျှလည်း ကျင့်သုံးရမယ့် ခံယူချက်များကို အဆိုအမိန့်တချို့နဲ့ လက်တို့ထားပါတယ်။
“တိုက်ပိုင်စာအုပ်” မှာ ရေးသွင်းရမယ့် ဇယားပါအချက်များ၊ တစ်ချက်ချင်းအတွက် ရှင်းပြချက် စတာတွေကို ဖော်ပြထားပါတယ်။
“ကက်တလောက်” မှာလည်း ကတ်တလောက် ရေးရမယ့်ပုံစံ၊ ရေးသွင်းရမယ့်အချက်များ၊ တစ်ချက်ချင်းအတွက်ရှင်းပြချက် စတာတွေကို ဖော်ပြထားပါတယ်။
“စာအုပ်ရဲ့အပိုင်းအစ” မှာ စာအုပ်မှာ ပါဝင်ရမယ့် အင်္ဂါရပ်များကို ဖော်ပြထားပါတယ်။ တစ်ခုချင်းရဲ့ အရေးပါပုံကိုလည်း ပြောပြထားပါတယ်။ စာအုပ်ထုတ်ဝေဖို့စီစဉ်ချင်သူများ၊ စာအုပ်တစ်အုပ်ကို အဆင့်မီမီ ဖန်တီးချင်သူများအတွက် အထောက်အကူ များစွာပြုပါလိမ့်မယ်။
“အက္ခရာစနစ်” ကိုသိထားမှသာ စွယ်စုံကျမ်း၊ အဘိဓာန်တို့ကိုလည်း ထိထိရောက်ရောက် အသုံးချတတ်မှာ... ကတ်တလောက်ကိုလည်း အဆင်ပြေပြေအသုံးပြုတတ်မှာ... စာအုပ်တွေကိုလည်း အဆင်ပြေအောင် စီမံတတ်မှာပါ။
“စာကြည့်တိုက်ကို ဘယ်လိုစီမံမလဲ” မှာ ကက်တလောက်များကို ကက်ဘိနက်မှာ စီပုံစီနည်း၊ စာအုပ်စင်မှ စာအုပ်များနဲ့ ချိတ်ဆက်သုံးနည်း၊ စာအုပ်စင်မှာ စာအုပ်စီလို့ ရနိုင်သမျှနည်းလမ်းများကို ပြောပြထားပြီး နည်းလမ်းတစ်ခုချင်းရဲ့ အားသာချက် အားနည်းချက်များကိုလည်း ယှဉ်ပြထားပါတယ်။ ပြီးတော့ အသင်းဝင်မှတ်တမ်းနဲ့ စာငှားစနစ်သဘောကိုလည်း နမူနာပုံစံနဲ့တကွ ပြောပြထားပါတယ်။
“စာကြည့်တိုက်နဲ့ ပညာရေးစနစ်”မှာ စာကြည့်တိုက်နဲ့ ပညာရေးစနစ်ကို တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးပြုနိုင်အောင် ဘယ်လိုချိတ်ဆက်ပြီးတော့ လုပ်သင့်ကြောင်း အရိပ်အမြွက်မျှ မိတ်ဆက်ပြထားပါတယ်။
“စာအုပ်ဝယ်မယ် စာအုပ်စုမယ် ရည်ရွယ်တယ် သူတို့အတွက်” မှာ စာကြည့်တိုက်အတွက် စာအုပ်များကို စနစ်တကျ စုထားချင်သူများ၊ ဘာစာအုပ်တွေ စုထားရမလဲ၊ လိုချင်တဲ့စာအုပ်များကို ဘယ်မှာ ရှာဖွေပြီး ဘယ်လိုဝယ်ယူရမလဲ သိချင်သူများအတွက် တစ်နိုင်ငံလုံးမှ စာအုပ်ဖြန့်ချိရေး၊ အရောင်းဆိုင်စာရင်းနဲ့တကွ ပြောပြထားပါတယ်။
“သူလိုတာဖြည့်ရင်း ကိုယ်ပါပြည့်လာတယ်” ဆောင်းပါးများမှာတော့ မိမိစာကြည့်တိုက်မှာ လုပ်ပေးရင်းနဲ့ တွေ့ကြုံရတဲ့ ကျေနပ်စရာ ကြည်နူးစရာ တချို့ကို ထိတို့မျှဝေထားပါတယ်။
အခုပြောပြခဲ့တဲ့ အချက်များကို တစ်ခုပြီးမှ တစ်ခု အစဉ်အတိုင်း ဖတ်နိုင်သလို ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းကိုပဲ ရွေးဖတ်ချင်လည်း ရပါတယ်။ နားလည်လွယ်တယ်၊ အသုံးတည့်တယ်ဆိုရင် ပစ်မှတ်ထိလို့ လက်မ,ထောင်နေပါမယ်။ အချိန်ကုန် မျက်စိညောင်းတဲ့အပြင် ခေါင်းကိုမူးနေတာပဲ ဆိုရင်တော့ စာရေးသူရဲ့ လက်,မတည့်မှုအတွက် စာဖတ်သူများဖက်က စာရေးသူကို နောက်တစ်ကြိမ် ထပ်ပစ်ခွင့်ပြုတဲ့အနေနဲ့ နောက်ထပ်တစ်ခေါက် ပြန်ဖတ်ကြည့်ကြပါဦးလို့ တောင်းဆိုပါရစေ။
လေးစားမှုဖြင့် -
အရှင်မနောဟရ(မြစကြာ)