ဒဂုန်တာရာ
တာရာမဂ္ဂဇင်း၏နိဂုံး
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဇူလိုင် ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - unsplash image။
၁၀.၈ စင်တီမီတာ x ၁၆.၆ စင်တီမီတာ။
စာမျက်နှာ - ၆၈ ၊ တန်ဖိုး - ကျပ် ၈၀၀။
စိတ်ကူးချိုချိုစာအုပ်တိုက်၏ နှစ် ၂၀ ပြည့် အမှတ်တရ စာမွန် အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
ရှုမဝမဂ္ဂဇင်းတွင် ၁၉၆၈ ခုနှစ် ဇူလိုင်လမှ အောက်တို ဘာလ အထိ ဖော်ပြခဲ့သော တာရာမဂ္ဂဇင်း၏ နိဂုံး ဆောင်းပါး ၄ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။
'' ကျွန်တော်မှာမူ နိုင်ငံရေးဘက်လည်း စိတ်က ဘဝင်ကျကျ မရှိလှသဖြင့် အများပြည်သူနှင့်လည်း ဆက်စပ်သော စာပေလုပ်ငန်းတစ်ခုခုကို လုပ်ချင်စိတ်က ရှိနေ ဆဲ။
၁၉၄၆ သြဂုတ်လလောက်၌ကား တာရာမဂ္ဂဇင်း ဟူသော အမည်ဖြင့် စာပေမဂ္ဂဇင်းထုတ်ဝေခွင့် လျှောက်လွှာ ကို ရန်ကုန်ခရိုင် တရားသူကြီးရုံးသို့ တင်လိုက်လေတော့သည်။
ကျွန်တော်တစ်ယောက်တည်း ကျဲမည်ဟု စိတ်က ဆုံး ဖြတ်လိုက်သည်။ ကျွန်တော့်ရင်ထဲ၌ဟာနေခြင်းကို ဖြည့်လိုက်ခြင်း ပင် ဖြစ်လေသည်။ '' ( စာမျက်နှာ ၁၄ နှင့် ၁၅ မှ ) ဟုတာရာမဂ္ဂဇင်း အစပျိုးဖြစ်ပုံကို ရေးသား ထားသည်။
'' မိမိဘယ်ဘက်၌ အားသန်မှန်းမသိဘဲ ယောင်ဝါးဝါး ဖြစ်နေရာမှ တက်မကို စာပေဘက်သို့ ဦးတည့်လိုက်တော့သည်။ အစကမူ စန္ဒရားခလုတ်လည်း တို့ချင်၊ ပန်း ချီစုတ်တံလည်း ကိုင်ချင်၊ ကဗျာလည်း စပ်ချင်နှင့် သက်တံရောင်ပြေးနေရာမှ ယခုမူ အယ်ဒီတာစားပွဲမှ ဖိုင်တွဲ ကို စတင်ဖောက်သွင်းရလေပြီ။ စာပေဘက်မှ တုံ့ပြန်ချက်သည် ကျွန်တော်၏ ဘဝလမ်းကြောင်းကို လျာ လိုက်ခြင်း မည်လေတော့သည်။ စာပေသည် ကျွန်တော့်အား မည်သို့ တုံ့ပြန်လေသနည်း။ ''
( စာမျက်နှာ ၁၉ နှင့် ၂၀ မှ )
'' ကျွန်တော့်မှာ နိုင်ငံရေးနှင့်စာပေကို ပေါင်းစပ်ပေးချင်နေသည်။ တာရာမဂ္ဂဇင်းကိုလည်း စာပေနှင့် အနုပညာ နောက်ခံ ကားကြက်ပြီး နိုင်ငံရေးအရောင်များ၊ ကြယ်နီရောင် ပွင့်လန်းတောက်ပနေစေချင်သည်။ '' ( စာမျက်နှာ ၃၂ မှ )
၁၉၄၆ ဒီဇင်ဘာ ၄ရက်နေ့၍ တာရာမဂ္ဂဇင်း အမှတ် ၁ ထွက်ရှိခဲ့ပြီး တာရာမဂ္ဂဇင်း၏ နိဂုံးနှင့် ပတ်သက်၍
'' ကျွန်တော်ကား လေးနှစ်ခန့် ( ၁၉၄၆ - ၅၀ ) တာရာ မဂ္ဂဇင်းနှင့် နပန်းလုံးခဲ့လေသည်။ အယ်ဒီတာသာ မဟုတ်၊ ပုံနှိပ်သူ ထုတ်ဝေသူပါစုပေါင်း လုပ်ရလေရာ စာမူဖတ်ရုံသာမက ငွေစက္ကူလည်း ရေတွက်ရသေး သဖြင့် မပျော်ပိုက်တော့။ မောင်စည်သူ၊ မင်းရှင်၊ ဗန်းမော်တင်အောင် တို့သည် တွဲဖက်အယ်ဒီတာများအဖြစ် ကြားဖြတ်ကာ တစ်လှည့်စီ ကျွန်တော့် အား ကူညီဝိုင်း ဝန်းကြသည်။ မဂ္ဂဇင်းထုတ်စဉ်ကာလ၌ ကျွန်တော်သည် စာများရေးဖြစ်သည်။ အများဆုံးရေးဖြစ်သော ကာလပင်။ သို့သော် အဖတ်ဘက်၌ လျော့ခဲ့သည်။ သို့ဖြစ်၍ အားမရ။ ကျွန်တော့်မှာ စာဖတ်ချင်သလောက် မဖတ်ဖြစ်၊ ငြီးငွေ့သောစိတ်က သန်းလာသည်။ ကျွန်တော်သည် နောက်ဆုံး ခေါင်းကြီးပိုင်းကိုရေးချကာ နေရာမှထလိုက်သည်။ ကျွန်တော်သည် မိမိညှိထွန်းခဲ့ သော တာရာကို အသာငြိမ်းလိုက်ပြီ။ ''
( စာမျက်နှာ ၆၆ နှင့် ၆၇ မှ ) ဟုဖော်ပြထားသည်။
တာရာမဂ္ဂဇင်းထုတ်ဝေစဉ်က ဆရာဒဂုန်တာရာမှာ အသက် ၂၆ နှစ် အရွယ်ဖြစ်ပြီး ပါဝင်ရေးသားခဲ့ကြသူ အများစုတို့မှာလည်း အသက် နှစ်ဆယ်ဝန်းကျင်လူငယ်များဖြစ်ကြသည်။
တာရာမဂ္ဂဇင်း၏နိဂုံး သည် တစ်ခေတ်တစ်ခါက လူငယ်နိုင်ငံရေးသမား၊ လူငယ်စာပေသမားတို့၏ ခံယူချက်နှင့် လှုပ်ရှား ဆောင်ရွက်မှုတို့ကို တစေ့တစောင်းထိတွေ့ခွင့် ရစေမည့် အရေးအသားတစ်ခုအဖြစ် ယူဆမိပါသည်။
မိုးမင်းသိမ်း
၁၀ သြဂုတ် ၂၀၁၉
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845