လူဖြစ်ရကျိုးနပ်ပါစေ
============= #ရွှေဥဒေါင်း
ဒီစာအုပ်က စိတ်ကူးချိုချိုစာအုပ်တိုက်မှ၂၀၀၅ခုနှစ်ထုတ် ဖြစ်တဲ့အတွက် အခုအချိန်မှာ ပြန်ရှာဝယ်ဖို့အတွက်တော့ ရှားပါးပစ္စည်း ဖြစ်နေမယ် ထင်ပါတယ်။
ကြုံကြိုက်လို့ ချောင်ကြို ချောင်ကြားမှာ မတော်တဆများ တွေ့မိခဲ့ရင် စာအုပ်ကောင်းလေးပါလား ဆိုတဲ့စိတ်နဲ့ တန်ဘိုးထားရကောင်းမှန်း သိနိုင်ဖို့ပါ။
ဆောင်းပါး ၄ပုဒ် ၊ စာမျတ်နှာ ၅၈ မျတ်နှာသာ ပါရှိတဲ့ စာအုပ်ပါးကလေးဖြစ်တာကြောင့် ၄၅မိနစ်လောက်ပဲ အချိန်ပေးပြီး ဖတ်ရမယ့် အတွေးအမြင်ဆောင်းပါးစု ဖြစ်ပါတယ်။ ဖတ်ပြီးသွားချိန်မှာ ဆက်ပြီး တွေးခေါ်ချင့်ချိန်နိုင်ဖို့အတွက်ကတော့ တစ်သက်စာလုံးအတွက် အသုံးဝင်တဲ့အချက်တွေချည်း ဖြစ်ပါတယ်။
ဆောင်းပါး ၄ပုဒ်ဆီက အဓိကပြောချင်တဲ့ အတွေးအမြင်တွေကို ကိုယ့်ဘဝအတွက် ထုတ်နုတ်သုံးစွဲ ခံယူတတ်မယ်ဆိုရင်ပဲ လူဖြစ်ရကျိုးနပ်ဖို့အတွက် ကြီးမားတဲ့အထောက်အကူ ဖြစ်နိုင်တယ်လို့ ဒီစာအုပ်ဖတ်ပြီး နားလည်မိပါတယ်။
ဒါဆို ဆရာကြီး ရွှေဥဒေါင်းက လူဖြစ်ရကျိုးနပ်ဖို့အတွက် ဘယ်အချက်ကို အဓိကထားပြီး ပြောထားပါသလဲ။ ညွှန်းပေးနေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း အားထုတ် ကျင့်ကြံဖို့အတွက် လိုအပ် တောင့်တမိတဲ့အချက်တွေဖြစ်တယ်၊ ခံယူ ယုံကြည်တဲ့ အကြောင်းအရာတွေနဲ့လည်း ထပ်တူကျနေတဲ့အတွက် တစ်ပုဒ်ချင်းဆီက အဓိကပြောထားတဲ့ အနှစ်ကလေးတွေကိုတော့ အကျဉ်းခြုံး ပြောပြချင်ပါတယ်။
၁။ လူဖြစ်ရကျိုး နပ်ပါစေ
ဒီဆောင်းပါးမှာ စိတ်သဘောထား ပြည့်ဝဖို့ အဓိရည်ညွှန်းပြီး ပြောထားတယ်။ စိတ်သဘောထား ပြည့်ဝဖို့ ဆိုရာမှာ ဖြောင့်မတ်ခြင်း၊ ရိုးသားခြင်း၊ သည်းခံတတ်ခြင်း၊ ကိုယ်ချင်းစာခြင်း ဆိုတဲ့အချက်တွေ အဓိက ပေါင်းစပ် ပါဝင်ပါတယ်။ လူမွဲရင် အကြောင်းတိုက်ဆိုင်ပါက ထီထပေါက်ပြီး ချမ်းသာလာနိုင်ပေမယ့် စိတ်မွဲနေတဲ့လူတစ်ယောက်အဖို့ အကြောင်းတစ်ခုတလေ တိုက်ဆိုင်နေရုံနဲ့ စိတ်သဘောထားပြည့်ဝလာအောင် မစွမ်းဆောင်နိုင်ပါဘူး။ ငါးပါးသီလ လုံခြုံရုံနဲ့ စိတ်သဘောထားပြည့်ဝသူ မဖြစ်နိုင်သေးသလို သင်္ကန်းဝတ်တိုင်းလည်း စိတ်သဘောထား ပြည့်ဝနေတာမျိုးမဟုတ်။ စိတ်သဘောထား ပြည့်ဝဖို့သည် အလွန်ကြီးမြတ်သော အရည်အချင်းဖြစ်ပြီး အလွယ်တကူရနိုင်ခဲသော လူ့အရည်အသွေးလည်း ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝဖို့ရာ နေ့ချင်း ညချင်းထီပေါက်သလို မဖြစ်နိုင်။ အမှားနဲ့အမှန်ကို ခွဲခြားပြီး ကျင့်ကြံ အားထုတ်တတ်တဲ့ ပါရမီဥာဏ်ရှိမှပဲ ဖြစ်နိုင်တယ်။ အကောင်းအဆိုးကို ခွဲခြားတတ်ပြီး ကောင်းတဲ့အရာမှာ ညွှတ်ကိုင်းတတ်တဲ့စိတ် မြဲမြံလာပါမှ ကိုယ်တိုင်လည်း စိတ်သဘောထားပြည့်ဝပြီး ကောင်းတဲ့သူ ၊ လူဖြစ်ရကျိုးနပ်တဲ့သူ ဖြစ်လာမယ်။ ကောင်းတဲ့အရာတွေကို ကိုယ်တိုင်မကျင့်ကြံနိုင်သေးရင်တောင် တကယ်ကျင့်ကြံနိုင်တဲ့ ပါရမီကောင်းသူတွေနဲ့ ကြုံလာတဲ့အခါ လှောင်ပြောင်စော်ကားခြင်းကိုရှောင်ပြီး ဝမ်းမြောက်စွာနဲ့ အားကျအတုယူ ညွှတ်ကိုင်းခြင်းဖြင့် စိတ်သဘောထားပြည့်ဝတဲ့ လူကောင်းအဖြစ် လမ်းစပွင့်လာမယ် ဆိုတဲ့အကြောင်းကို သာဓကကောင်းလေးတွေနဲ့ ညွှန်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။
၂။ ဓမ္မတာနှင့် သဘာဝဓမ္မ
သတ္တဝါဆိုတာ မိမိကိုယ်ကို(အတွင်းဘက်)သို့ လှည့်၍ကြည့်တတ်သော ဓမ္မတာ မရှိ၊ သူတစ်ပါး(အပြင်ဘက်)
ကိုသာ ကြည့်တတ်တဲ့ ထုံးစံသာ ရှိတယ်။ ဒီအချက်ကို သဘာဝ ဓမ္မတာကလည်း ဖြည့်စွက်ကူညီနေပါသတဲ့။ ဥပမာ ပေးရရင် မျတ်စိနှစ်လုံး နဲ့ နားနှစ်ဖက်ပေါ့။ အပြင်ဘက်ကိုပဲ လှည့်ပြီး ဖြစ်တည်နေတယ်။ ဒါကြောင့် သူတစ်ဖက်သားကိုပဲ မြင်ဖို့ ကြားဖို့ တပြင်ပြင် တကဲကဲ ဖြစ်နေကြတယ်။ လျှာ ၊ နှာခေါင်းနဲ့ အခြားသော ကာယ ပသာဒရုပ်တွေဟာလည်း ဒီအတိုင်းပဲ၊ အပြင်က အာရုံတွေကိုသာ ခံလင့်တတ်ကြတယ်။ ဒီလိုဓမ္မတာတွေကဲတဲ့လူသားတွေမှာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ် ရှုမြင်ခြင်းကို မကျင့်ကြံလေသမျှ သူတစ်ပါးအပြစ်တွေကိုသာ မြင်နေတတ်ကြတယ်၊ မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ပြီး အဟုတ်ကြီး ထင်မှတ်တတ်ကြတယ်။ မဟုတ်တဲ့နေရာတွေမှာ ထင်ပေါ် ကျော်ဇောချင်တတ်ကြတယ်။ ဒီတော့ လူတော် လူကောင်းဖြစ်ဖို့အတွက် အတွင်းဘက်သို့လှည့်ပြီး မိမိကိုယ်ကို ပြန်လည်ရှုမြင်တတ်ဖို့ လိုအပ်တယ်၊ အရေးကြီးတယ်။ သမထ ၊ ဝိပဿနာ အလုပ်များသည်လည်း မိမိကိုယ်ကို ရှုဆင်ခြင်ခြင်းဖြစ်လို့
မိမိကိုယ်ကို ရှုမြင်ဆန်းစစ်ခြင်းအလုပ်ဟာ လောကအတွက်သာမက သံသရာ ဝဋ်ဆင်းရဲအတွက်ပါကောင်းတဲ့ အလေ့အထဖြစ်တယ်ဆိုတာကို ကောင်းဆိုး သာဓကတွေနဲ့ ညွှန်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။
၃။ ကမ္ဘာစစ်ကြီး ဖြစ်လာနိုင်သလော
တတိယကမ္ဘာစစ်ကြီး ဖြစ်နိုင် ၊ မဖြစ်နိုင် ဆိုတာကို အတ္တ မာနကဲတတ်ကြတဲ့ လူ့သဘာဝ စိတ်အခြေအနေတွေ၊ ခေတ်မီဆန်းပြားလာတဲ့ ဖျက်စွမ်းအားမြင့်လက်နက် အခြေအနေတွေနဲ့ ယှဉ်တွဲ သုံးသပ်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ လူ့မနောတွေအရ စစ်မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်သလို ဖျက်စွမ်းအားမြင့်လက်နက်တွေကြောင့် နိုင်ငံကြီးတွေက မိုင်တစ်သောင်းလောက် ဖျက်ဆီးနိုင်တဲ့အခြေအနေမှာ အင်အားနည်းပါသည်ဆိုတဲ့နိုင်ငံကလည်း မိုင် ၇၀၀၀ ၊ ၈၀၀၀ လောက် ပြန်တွယ်နိုင်တာပဲမို့ သူ့အတွက်လည်းအကျိုးမရှိသလို ကိုယ့်အတွက်လည်း အကျိုးမများတဲ့အခြေအနေမှာ ကမ္ဘာစစ်ထပ်ဖြစ်လာဖို့ဆိုတာ အတော် စဉ်းစားချင့်ချိန်စရာလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာကတော့ စစ်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာက ပဓာနမကျပဲ လူတွေရဲ့ စရိုက်နဲ့ ခေတ်ကာလအရ တွေးခေါ်စဉ်းစားကြတဲ့ ပုံစံတွေကို သုံးသပ်ပြထားတဲ့ အတွေးအမြင်စာသားတွေက ပိုအဓိကကျပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်ပါတယ်။
၄။ အရက်ပြဿနာ
ဒီဆောင်းပါးကလည်း စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။
အရက်သောက်တာ အပြစ်ရှိတယ် ၊ မရှိဘူးဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဦးပဉ္ဇင်းတစ်ပါးက ဆရာကြီး ဘယ်လိုခံယူထားသလဲဆိုတာ သိချင်တဲ့စိတ်နဲ့မေးပြီး ဆရာကြီး ရွှေဥဒေါင်းက လိုက်လျောညီထွေဖြစ်တဲ့ အဖြေပုံစံနဲ့ဖြေထားတာကို ရေးပြထားတာပါ။ အရက်ဆိုတာ ကျွဲလိုနွားလိုမသောက်ပဲ လူလူသူသူ သိက္ခာရှိရှိ သောက်လို့ရတယ်။ ရည်ဝေမူးယစ်မှုကို ခံစားလိုတာက ရည်ရွယ်ချက် ဖြစ်တယ်။ ရည်ရွယ်ချက် ပြည့်မြောက်ပြီးမှ ယမ်းကားတယ် ဆိုတာမျိုးက စေတနာ။ စေတနာဆိုတာ သူတစ်ပါးအပေါ်ကိုသာ သက်ရောက်တဲ့အရာမျိုးဖြစ်တယ်။ စေတနာကောင်းရင် ကောင်းတဲ့အကျိုးဖြစ်တယ်၊ စေတနာဆိုးရင်
မကောင်းတဲ့အပြစ်ဖြစ်တယ်။ ဒီတော့ မူးပြီးရမ်းကားသောင်းကျန်းတဲ့ စေတနာဆိုးသည်သာ အပြစ်။ မူးရုံမူးဖို့ ခံစားစံမြန်းလိုစိတ်နဲ့ ပြုလုပ်တဲ့ ရည်ရွယ်ရင်းသည် အပြစ်မမြောက်။ သို့သော် သူတော်ကောင်းတရားကို ကျင့်ကြံပွားများလိုသူအဖို့တော့ အရက်သည် သတိလွတ်စေ၊ မေ့လျော့စေတတ်တာကြောင့် ကောင်းသောအကျင့်အတွက် အနှောက်အယှက် ဖြစ်စေတယ်ဆိုတာကို တစ်ဆင့်ချင်းစီ နားလည်လွယ်အောင် ရှင်းပြထားပါတယ်။
ဒီလောက်ဆိုရင် ဆောင်းပါးတွေရဲ့ ဆိုလိုရင်းကို တီးခေါက်မိပြီး ဆောင်းပါးတွေမှာပါတဲ့ အနှစ်သာရ အကျယ်ကို ခန့်မှန်းမိနိုင်မယ်လို့ ထင်ပါတယ်။ စာညွှန်းမရေးတော့တာလည်း ကြာပါပြီ။ အခုတော့ အစားကောင်းစားရလို့ လက်တို့ခြင်းမျိုးဖြစ်တဲ့အတွက် ကြုံကြိုက်တဲ့အခါ မြည်းစမ်းနိုင်ဖို့ပါ။
Nyein Zaw Oo
17Dec2019
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845