လူထုဦးလှ
သောင်းပြောင်းထွေလာ ရေးချင်ရာရာ ( ပဉ္စမတွဲ )
လူထု ကြီးပွားရေး စာအုပ်တိုက်၊
ပထမအကြိမ်၊ ဖေဖော်ဝါရီ ၂၀၂၀။
မျက်နှာဖုံးဒီဇိုင်း - သူရိန်။
၁၂.၇ စင်တီမီတာ x ၁၉.၁ စင်တီမီတာ။
စာမျက်နှာ - ၃၇၀ ၊ တန်ဖိုး - ကျပ် ၄၅၀၀။
လူထုဦးလှ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
'' လူထုသတင်းစာထဲမှာပါတဲ့ ' သောင်းပြောင်းထွေလာ ရေးချင်ရာရာ' များကို 'ပဉ္စမတွဲ ' အဖြစ် ထုတ်ဝေတာက
အချို့ဆောင်းပါးတွေဟာ လူငယ်လူရွယ်များအတွက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်တာတစ်ကြောင်း၊ ဆောင်းပါးတွေကို စာအုပ်အဖြစ် ပုံမနှိပ်ဖြစ်ရင်
ပျောက်ပျက်ကုန်မှာစိုးတာ တစ်ကြောင်းတို့ကြောင့် ထုတ်ဝေခဲ့တာပါ။ အဲဒီကာလက တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးစကာလဆိုတော့ နည်းနည်းလေးမှ ဆတ်ဆတ်ထိမခံတဲ့ စစ်အစိုးရရဲ့ စာပေ စိစစ်ရေး
အန ္တရာယ်က ကင်းလွတ်အောင် ဆင်ခြင်ရေးသားခဲ့ ရတာကိုလည်း သောင်းပြောင်းထွေလာမှာ အကဲခတ်နိုင်ပါတယ်။ '' ( စာမျက်နှာ ဂ နှင့် ဃ ) ဟု '' ထုတ်ဝေသူအမှာ '' တွင် ဖော်ပြထားသည်။
လူထုသတင်းစာတွင် ၁၃ မေ ၁၉၆၀ မှ ၃၁ ဇန်နဝါရီ ၁၉၆၇ အထိ ဖော်ပြခဲ့သော ''သောင်းပြောင်းထွေလာ ရေးချင်ရာရာ'' ဆောင်းပါး ၅၉ ပုဒ်ကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။
'' သောင်းပြောင်းထွေလာ ရေးချင်ရာရာ '' ဆောင်းပါးများ ရေးသားဖြစ်ခြင်းနှင့် ပတ်သက်၍ လူထုဦးလှက အောက်ပါအတိုင်း ဖော်ပြထားသည်။
'' တစ်ခါတစ်ရံ သောင်းပြောင်းထွေလာ ဘာရေးရ ကောင်းမလဲ ဟု တော်တော်စဉ်းစားရပါသည်။လူအများ သည် သတင်းစာ၏ အခြားစာမျက်နှာများတွင် ခေါင်းရှုပ်စရာသတင်း ခေါင်းကိုက်စရာသတင်းများကို ဖတ်ကြရ သည်။ သာသာယာယာ သတင်းကောင်းလည်း ပါတန်သမျှ ပါကောင်းပါပေမည်။ ကျွန်တော် အာမမခံနိုင်။ ပါသည့်အခါ ပါပါသည်ဟုသာ ဆိုနိုင်ပါသည်။
ထို့ကြောင့် သတင်းစာတစ်စောင်တွင် တစ်နေရာရာ၌ ခပ်ပေါ့ပေါ့ ဖတ်၍ရသော စာမျိုးပါသင့်သည်ဟု
ကျွန်တော်ယူဆသည်။ ပေါ့ပေါ့ဆိုရာမှာလည်း ရေးပုံသားပုံ အကြောင်းအရာ စသည်များမှာ စိတ်ညစ်စရာ ကြောက်လန့်စရာ ဆိုသည်မျိုး မဟုတ်ဘဲ စားပြီးလျှင် ခံတွင်းရှင်းသွားသည့် အစားအသောက်
သဘောမျိုး ဖြစ်စေချင်သည်။
သို့ရာတွင် ကျွန်တော်ရေးသားသည့် အကြောင်းအရာ များသည်ပင် တစ်ခါတစ်ရံ လေးနေပါသည်။ မပေါ့ကြပါ။
ဤနေရာတွင်လည်း ရေးသားစရာအကြောင်းအရာ ရရှိသည်က လေးလေးဖြစ်နေပြီး ထိုကိစ္စကို လေးလေး နက်နက် အထူးဂရုစိုက်ပြီး ရေးရန်လို၍ ရေးလိုက်သောအခါ လေးသွားတော့သည်။
သို့ရာတွင် ဤအခန်းမှာ လွတ်လွတ်လပ်လပ်
ကျွန်တော် ရေးချင်ရာရေးနိုင်သော အခန်းဖြစ်၍
ဘောင်အတွင်း မဝင်သည်ဟူ၍ကား မရှိပေ။''
(ဤပုဂ္ဂိုလ်များကို သတိရသည်၊၈ စက်တင်ဘာ ၁၉၆၄၊ စာမျက်နှာ - ၂၀၁ နှင့် ၂၀၂ မှ )
လူထုသတင်းစာတွင် ၁၀ မေ ၁၉၆၀ ၌ စတင်ရေးသားခဲ့သော''သောင်းပြောင်းထွေလာ ရေးချင်ရာရာ'' ပင်တိုင်ခေါင်းစဉ်အောက်မှ ဆောင်းပါးတို့မှာ ထိုခေတ်ထိုအခါ က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေအရပ်ရပ်တို့အား ထင်ဟပ်ပေါ်လွင်စေသည့် အရေးအသားများ ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၁၂ ဇွန် ၂၀၂၀