ဝလူထုဒေါ်အမာ
ရှေးဟောင်းနှောင်းဖြစ်
လူထုကြီးပွားရေး စာအုပ်တိုက်
ဒုတိယအကြိမ်၊ သြဂုတ် ၂၀၂၀။
မျက်နှာဖုံးဒီဇိုင်း - မောင်မြင့်ဖေ ( လူထု )
၁၄.၂ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - က မှ ဂ နှင့် ၂၃၆ ၊ တန်ဖိုး - ကျပ် ၃၀၀၀။
လူထုဒေါ်အမာ၏ ၉၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၂၀၁၃ က ပထမအကြိမ်ထုတ်ဝေခဲ့သည်။
''ထုတ်ဝေသူရဲ့ အမှာ'' ပါရှိသည်။ မိုးဂျာနယ် တွင် ဧပြီ ၁၉၉၂ မှ ၁၉၉၈ - ၉၉ ဝန်းကျင်အထိ ရေးသားခဲ့သော ဆောင်းပါး ၄၉ ပုဒ်ကို စုစည်းထုတ်ဝေထားသည်။
မိုးဂျာနယ်၏ ထုတ်ဝေသူ '' သခင်အောင်ဖေ '' ထံသို့ ပေးပို့သည့် ပေးစာပုံစံရေးသားထားသော ဆောင်းပါး ၄၃ ပုဒ်နှင့် သခင်အောင်ဖေကွယ်လွန်ပြီးနောက် မိုးဂျာ နယ်အားတာဝန်ယူထုတ်ဝေခဲ့သော '' သခင်လှကွန်း '' ထံသို့ ပေးပို့သည့် ပေးစာပုံစံ ဆောင်းပါး ၆ ပုဒ် ဖြစ်သည်။
စာအုပ်ပါ အစောဆုံးသော ပေးစာမှာ ၉ ဖေဖော်ဝါရီ ၁၉၉၂ ရက်စွဲတပ်ရေးသားထားသည့် ''ရှေးဟောင်းနှောင်းဖြစ်''ဆောင်းပါးဖြစ်ပြီး မိုးဂျာနယ် ဧပြီ ၁၉၉၂ ၌ ဖော်ပြခဲ့သည်။
'' အရင်ကတော့ ' ရန်ကုန်အကြွား၊ မန္တလေးစကား၊ မော်လမြိုင်အစား' လို့ ပြောရိုးရှိတယ်မဟုတ်လား။ ခု မန္တလေးမှာ မြန်မာစကား မတတ်တဲ့ လူကလည်း ခပ်များများ၊ တတ်လို့ ပြောပြန်တော့ မန္တလေး စကား၊ မန္တလေး ဝေါဟာရ၊မန္တလေး လေသံတွေ မပါတော့ဘဲ နားထဲ ထောင့်ထောင့်ကြီးဝင်တဲ့ အပြောမျိုးတွေ
ပြောနေကြတာလည်း မနည်းဘူး။ ''
( ရန်ကုန်နဲ့ ၊မန္တလေး စာမျက်နှာ ၃၅ မှ )
'' ဖိလစ်ပိုင်မှာ အမျိုးသမီးသမ္မတ ကိုရာဇန်အကီနို တက်နေတာမို့ ဖိလစ်ပိုင်အမျိုးသမီးတွေရဲ့ တောင်းဆို ချက်ကို အကီနို ကများ ရှေ့ဆောင်ရှေ့ရွက်ပြုပေးလေ မလားလို့ စိတ်ဝင်တစား နားစွင့်ခဲ့မိတယ်။ နို့ပေမဲ့ သမ္မတရာထူး ရာမို့စ်လက်ကိုသာ ပြောင်းသွားရော ကျွန်မတို့မျှော်လင့်တဲ့သတင်းမျိုး မကြားလိုက်မိဘူး။ ဒါကြောင့် မိန်းမချင်းကမှ ကိုယ်ချင်းမစာရင်
ယောက်ျားတွေက အရေးယူပေးကြပါ့မလားလို့
စိတ်ပျက်ခဲ့မိတယ်။ ''
( ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ရဲ့
ဆောင်ကြာမြိုင်သတင်း၊ စာမျက်နှာ ၃၉ မှ )
'' ကျွန်မက သူတို့အက်ရှင်ဆိုတဲ့ ဒီကားမျိုးတွေ နှစ်ကား သုံးကား ဝင်ကြည့်မိတော့ မြေးတွေကို ဒါမျိုးငှားမလာစေချင်တော့ဘူး။ လူ့ဘဝမှာ လူနဲ့လူချင်းဆက်ဆံရာမှာ ပြဿနာတော့ ဖြစ်တဲ့အခါဖြစ်၊ ရှိတဲ့အခါရှိတာပေါ့။ ဒီလိုရှိလာရင် ဖိုက်တဲ့နည်းနဲ့ ဖြေရှင်းရတယ်ဆိုတာမျိုး ကျွန်မမြေးတွေခေါင်းထဲ ဝင်မလာစေချင်ဘူး။ ခွန်အား ကိုသုံးတာ၊ လက်နက်ကိုသုံးတာ၊ ကိုယ်က နိုင်ခြေရှိလို့ အနိုင်ကျင့်နေတာတွေ ရိုက်ပြနေတာကို ကလေးတွေ က ထိုင်ကြည့်နေခြင်းအားဖြင့် ဒီလိုလုပ်ရတာပဲလို့ ထင်မြင်လာမှာ စိုးနေတယ်။ ကျွန်မတို့ဟာ အဆင့်အတန်း အမြင့်ဆုံး သတ္တဝါမဟုတ်လား။ တိရစ ္ဆာန်မှ ကြီးနိုင်ငယ်ညှဉ်းလုပ်ပြီး ခွန်အားသေးတဲ့အကောင်က အညံ့ခံရတာ ပဲ။ လူမှာ ခွန်အားထက်ပိုပြီး အထက်တန်းကျတဲ့ အသိ ရှိပါတယ်။ '' ( လာတော့မယ့် ဂြိုဟ်တုခေတ်၊ စာမျက်နှာ ၈၂ မှ )
'' တော်တော်နေရာကျတဲ့ စိတ်ကူးရှိသူတွေပဲ။ လူဆို တာ ပုထုဇဉ်ကိုး။ မှားတဲ့အခါလည်း မှားတတ်တာပေါ့။ ဒါပေမဲ့ အမှား ကို လုပ်မိတဲ့အတွက် ပေါက်တဲ့နဖူး မထူး ပါဘူးဆိုပြီး ဆက်ဆက်မှားတာတွေ လုပ်နေမှာလား။ သေလို့သာသွားရော လူ့အမှားတုံးကြီးအဖြစ်နဲ့ ရာဇဝင်မှာ အပုပ်ကောင်ကြီးလုပ်ပြီး အသေခံသွားမှာလား။ ဒါမှမဟုတ် ကိုယ်လုပ်နိုင်တဲ့ အကျိုးပြုလုပ်ငန်းကို အချိန်ရတုန်း ကိုယ်မသေခင်လုပ်ပြပြီး ကိုယ့်အဖတ်ကိုယ် ဆယ်နိုင်သေးရင် ဆယ်ဖို့ကြိုးစားရမှာလား ဆိုတာ ရစ်ချတ်နစ်ကဆင်တို့ ဂျင်မီကာတာတို့ လုပ်နေ ကြပုံတွေကို ကြည့်ပြီး စိတ်ကူးပေါက်စရာကောင်းလိုက်တာ။ '' ( အချိန်ရှိသေးသမျှ၊ စာမျက်နှာ ၁၁၄ မှ )
၁၉၉၀ ပြည့်လွန်နှစ်ကာလများအတွင်းက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ရာသီဥတု အစရှိသည့် အခြေအနေအရပ်ရပ်တို့ကို ပေးစာပုံစံဖြင့် တို့ထိရေးသားထားသော ဆောင်းပါးများ ဖြစ်သည်။ စာပေစိစစ်ရေးတင်း ကျပ်လွန်းလှသည့်ကာလ ဖြစ်သည့်တိုင် မိမိရေးသားလိုသော အကြောင်းအရာတို့ကို ပါးပါးနပ်နပ်တင်ပြခဲ့သော ဆောင်းပါးများလည်းဖြစ်သည်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၁၅ စက်တင်ဘာ ၂၀၂၀