နောင်ကျော်
သဘောတူရင် လက်ခုပ်တီးဖို့ မမေ့ပါနဲ့
( စာအုပ်များနဲ့ စကားပြောခြင်း )
ဝတ်မှုန်မိုး စာပေ၊
ပထမအကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၅။
မျက်နှာဖုံးဒီဇိုင်း - အေးဖြူအောင်။
၁၂.၉ စင်တီမီတာ x ၂၀.၈ စင်တီမီတာ။
စာမျက်နှာ - ၂၄၁ ၊ တန်ဖိုး - ကျပ် ၂၅၀၀။
၁၆ ဇူလိုင် ၂၀၁၂ ရက်စွဲဖြင့် ရေးသားထားသော
ဆရာနောင်ကျော်၏ '' စာပေဝေဖန်ရေးမဟုတ်သည့် အစဦးစကား'' အမှာစာ ပါရှိသည်။
'' ယခုဆောင်းပါးများသည် ခံစားပြသော၊ ကိုးကားပြီး စဉ်းစားကြည့်သော စာမျိုးသာဖြစ်ပြီး ကျွန်တော့်ဘဝ
အတွေ့အကြုံထဲက ရသော အသိအမြင်၊ ခံစားမှုတို့နှင့် ရောသမ ရေးထားခြင်း သက်သက်ဖြစ်၍ စာပေဝေဖန်ရေး မဟုတ်ပါ။စာညွှန်းဆောင်းပါးအမျိုးအစားလည်း မက၊ ဝေဖန်ရေးလည်းမကျသော ဆောင်းပါးများသာဖြစ်သည်။ အားလုံးနီးပါးမှာ ကျွန်တော့်စိတ်နှင့်တွေ့သော စာအုပ်များဖြစ်ပြီး ကျွန်တော့်ထက်ငယ်သော စာဖတ်ပရိသတ်တွေ ဖတ်စေချင်၍ ရည်ညွှန်းရေးသားခဲ့ခြင်း လည်းဖြစ်သည်။ '' ( စာမျက်နှာ ၉ မှ ) ဟု အမှာစာ၌ ဖော်ပြထားသည်။
အောင်မြိုင် ( မြန်မာပြန် ) မူဆိုလီနီ၏ နောက်ဆုံးနေ့ ရက်များ၊ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် ထက်ကြပ်မကွာ၊ မောင်ပေါ်ထွန်းနှင့် ချစ်ဝင်းညွန့် တို့၏ ပါရီမီးလောင်ပြီလား၊ သန်းစိုးနိုင်၏ ပညာရှင်များနဲ့ ငြင်းခုံခြင်း၊ သခင်နု၏ ငါးနှစ်ရာသီ ဗမာ ပြည်၊ သခင်တင်မြနှင့် တွေ့ ဆုံခြင်း၊ သန်းစိုးနိုင်၏ ဟင်နရီကစ်ဆင်ဂျာကို စွဲချက်တင်လိုက်ခြင်း၊ ဝမ်းအိုဝမ်းကျော်ဝင်းမောင်၏ နယ်ချဲ့ကို ဒူးမထောက်တဲ့ သခင်နက်ဖေ၊ ရွှေဥဒေါင်း၏ ဟစ်တ လာ လုပ်ခဲ့သမျှ၊ သခင်ခင်ဇော်၏ ဒို့လမ်း၊ သခင်နု၏
မာ(ခ်)ဆဇ္ဇင်း(မ်) ဆိုတာဘာလဲ ဗမာတွေ ဘာလုပ်ရမလဲ၊ သန်းစိုးနိုင်၏ အိမ်ဖြူတော် ကရင်မလင် ဝင်ရိုး တန်း စစ်အေးခေတ်ဇာတ်သိမ်းခန်း၊ ဒဂုန်တာရာ၏ နိုင်ငံရေးယဉ်ကျေးမှု၊ ဆက်နိုင်မင်း၏ဂလိုဘယ်လိုက်ဇေးရှင်း ဆူးခင်းလမ်း၊ သခင်မြသန်း၏ နှစ်ကျွန်းပြန် သံမဏိနှစ်ဦး၊ မင်းခက်ရဲ၏ တက္ကသိုလ်နှင့် စာပေသီအိုရီ၊ ဦးရွှေအောင်၏ ဘဝအမြင်သစ် စသည့် စာအုပ် ၁၇ အုပ် နှင့် ဆက်စပ်ပတ်သက်သည့် အကြောင်းအရာများကို သမိုင်းအမြင် နိုင်ငံရေးအမြင်များဖြင့် ချဉ်းကပ်သုံးသပ် တင်ပြထားသည့် အရေးအသားများဖြစ်သည်။
ယခုစာအုပ်ပါ ဆောင်းပါး ၁၆ ပုဒ်ကို မိုးဂျာနယ်၊ ရုပ်ရှင်တေးကဗျာ၊ ချယ်ရီ၊ စံပယ်ဖြူ၊ အတွေးအမြင်၊လှိုင်းသစ်၊ စတိုင်သစ်၊ နွယ်နီ စသည့် မဂ္ဂဇင်းများတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
စာအုပ်အမည်ပေးထားသည့် '' သဘောတူရင် လက်ခုပ်တီးဖို့ မမေ့ပါနဲ့ '' ဆောင်းပါးကို ၂၀၀၉ ခုနှစ်အတွင်း ရေးသားခဲ့ပြီး နွယ်နီနှင့်အခြားမဂ္ဂဇင်းတစ်အုပ်တွင် ဖော်ပြရန်ကြိုးစားခဲ့ သည့်တိုင် စာပေစိစစ်ရေးက ၂ ကြိမ်တိုင်တိုင် ဖြုတ်ပစ်ခိုင်းခဲ့ ပြီး စာပေစိစစ်ရေးမရှိတော့ သည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းရောက်မှသာ လှိုင်းသစ်မဂ္ဂဇင်းတွင် ဖော်ပြနိုင်ခဲ့ကြောင်း မှတ်ချက်ရေးသား ထားသည်။
'' ငါးနှစ်ရာသီနောက်က စာအုပ်တစ်အုပ် '' မှာလည်း ၂၀၀၉ ဇန်နဝါရီထုတ် စတိုင်သစ်မဂ္ဂဇင်း၌ စာပေစိစစ်ရေးက ဖြုတ်ပစ်ခဲ့သော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။
'' စာဖတ်ခြင်းသည် အသိဉာဏ်ပြည့်ဝမှုကို ဖြစ်စေသည်ဟု အစဉ်တစိုက်ပြောခဲ့ကြသည်။ အမြင်ကျယ်မှုဖြစ်စေ သည်ဟု လည်း ပြောခဲ့ကြသည်။ တကယ်ရော ဟုတ်ပါသလား။ စဉ်းစားကြည့်ကြရအောင်ပါ။ ဘက်ပေါင်းစုံရှိသော အရာဝတ္ထု တစ်ခုကို ဘက်တစ်ဖက် ထောင့်တစ်ထောင့်တည်းမှ ကြည့်ပြီး မြင်ပြီး ရေးထားသောစာကိုပဲ ဖတ်ဖူးသူ၊ ဖတ်မိသူ၊ ဖတ်နေသူ ဆိုလျှင် ထိုစာဖတ်သူ သည် အမြင်ကျယ်သူ၊ ပြည့်ဝစွာသိသူ မဟုတ်တော့တာ သေချာသည်။ ထိုထောင့်တစ်ခုတည်းကိုပဲ ဟိုလိုလှည့်ရေး ဒီလိုလှည့်ရေး ထားတာတွေကိုချည်း ဖတ်နေရပြီ ဆိုလျှင်လည်း ပြည့်စုံလုံလောက်သော အသိအမြင်ကို မရနိုင်တာသေချာသည်။ '' ( လင်းယုန်မျက်စိနဲ့ လင်းနို့ နားရွက်မျိုး ရှိပြီလား၊ စာမျက်နှာ ၁၉၀ မှ )
ယခုစာအုပ်ပါ ဆောင်းပါး ၁၆ ပုဒ်ကို ဖတ်ရှုပြီးသည့်နောက် ဆရာနောင်ကျော် ညွှန်းဆိုထားသည့် စာအုပ်တို့အား ပြန်လည်ဖတ်ရှုလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာပါသည်။
စာအုပ်များနှင့် စကားပြောဆိုထားသည့် အရေးအသား တို့ကို စာပေမြတ်နိုးသူတို့သာမက နိုင်ငံရေးအခင်းအ ကျင်းများကို ဆက်စပ်တွေးဆလိုသူတို့လည်း နှစ်ခြိုက်ကြလိမ့်မည်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၆ ဇန်နဝါရီ ၂၀၂၀